Monday, January 25, 2010

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ

ပေါက်ပေါက်/ ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည် မြောက်ပိုင်း၊ ဝပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေ အနီး တပ်စွဲ ထားသည့် နအဖ စစ်တပ်ရှေ့တန်း စခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြား လာနေပြီး တပ်ပြေး များအား ပစ်သတ်သည် အထိ ရှိလာနေသည်။

ယမန်နှစ် သြဂုတ်လ ကုန်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် ကိုးကန့် ဒေသ အရေးအခင်း ကာလ ကတည်းက ဝမြောက် ဒေသ အနီး ဟိုပန်မြို့ နယ် အတွင်း လာရောက် တပ်စွဲ နေသည့် မိတ္တီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်များမှ စစ်သည်များ ထွက်ပြေး နေကြ သည်ဟု စစ်တပ် နှင့်နီးစပ်သူ တရုတ်-မြန်မာ နယ်စပ် ဒေသခံ တဦးက ပြောသည်။

၎င်းက “ချူးရွှေ၊ ပန်ကောက်၊ ပန်လုံ အဲဒီဘက်မှာ (၉၉) က ထိုင်နေတာ အခုထိ ပြန်မဆုတ်သေးဘူး။ (၄) လကျော် (၅) လ ပြည့်တော့မယ်။ ကိုးကန့်ထဲက တပ်မ (၃၃) လည်း အဲလောက်ရှိနေပြီ။ အမှန်ဆို စစ်ဆင်ရေး (၃) လ၊ (၄) လဆို နောက်တန်း ပြန်ရပြီ။ အခု လဲဖို့အစီစဉ် မရှိသေးဘူး။ အဲဒီကနေ အရာရှိတွေရောပါ ပြေးနေတာ။ တပ်သားတွေက (၂) ရက်ခြား၊ (၃) ရက်ခြား အဲလို ခွင့်မဲ့တပ်ပြေးဖြစ်စဉ် ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၁၅) ရက်နေ့က တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၃၁၅) မှ တပ်သား အောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင်တို့ (၂) ဦး လက်နက်နှင့်အတူ ထွက်ပြေးခဲ့ရာတွင် ၎င်းတို့ (၂) ဦးအား နမ့်ကျွမ်းပြည်သူ့စစ်အဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိပြီး ခမရ (၃၁၅) ထံ ပြန်လည်အပ်နှံခဲ့ပြီးနောက် ပစ်သတ်ခဲ့သည်ဟု အဆိုပါစစ်တပ်နှင့် နီးစပ်သူက ပြောသည်။

စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ်ပြနေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တပ်ပြေးများလာရင် အထက်ကလည်း တပ်ရင်းမှူးတွေကို ဆူတာဆဲတာတွေ ဖြစ်မယ်။ ကျန်တဲ့ကောင်တွေ မပြေးရဲအောင် ပစ်သတ်ပြလိုက်တာဖြစ်တယ်။ တပ်ထဲမှာ ဆက်မနေချင်တော့လို့၊ တိုင်ချင်ခိုက်ချင်စိတ်မရှိတော့လို့ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ၊ ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးရင်တော့ တမျိုးပေါ့ဗျာ။ အခုလို ကိုယ့်ရဲ့ရဲဘော်ကို ပစ်သတ်တာကျတော့ ကြေးစားစစ်တပ်တွေ ရဲ့ မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်” ဟု ပြောသည်။

၂ဝဝ၈ ခုနှစ် ဒုတိယ လေးလပတ်အတွင်း မြန်မာတနိုင်ငံလုံးရှိ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းများမှ စစ်သည်အင်အား (၃,ဝဝဝ) ကျော် ထွက်ပြေးသကဲ့သို့ ဆက်သွယ်ရေးတပ်ရင်း၊ အမြောက်တပ်ရင်းစသည့် အကူလက်ရုံး တပ်ရင်းများမှ (၂,ဝဝဝ) ကျော် ထွက်ပြေးခဲ့သည်ဟု နအဖ၏ (၄) လပတ်အစည်းဝေး လျှို့ဝှက်မှတ်တမ်းများအရ သိရသည်။

တပ်ပြေး များပြားရခြင်းမှာ အထက်နှင့်အောက် ကွာခြားမှုကြီးမားခြင်း၊ အောက်ခြေရဲဘော်များမှာ ဆင်းရဲကျပ်တည်းခြင်းနှင့် တိုက်ချင်ခိုက်ချင်စိတ် နည်းပါးလာမှုကြောင့် အဓိကဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာမှ မဟုတ်ဘဲ။ ဆင်းရဲကျပ်တည်းလို့၊ ရောင်းစားလို့ ရောက်လာတဲ့သူလည်း ရှိတယ်။ လမ်းဘေးကနေ ဆွဲလို့ ပါလာတဲ့သူလည်း ရှိတယ်။ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ခေတ်ကနဲ့ မတူအောင် အရမ်းနည်းလာတယ်။ ကိုးကန့်အရေးခင်း ကာလတုန်းကပဲကြည့်၊ ရဲတွေ သေနေတဲ့ပုံတွေ အစိုးရက ထုတ်ပြတော့ အတော်ရှောခ့်ဖြစ်သွားတယ်။ ကိုးကန့်ရှေ့တန်းမှာပဲ လူ (၃ဝ) လောက် သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ ကေအိုင်အေ စခန်းနဲ့ ရင်ဆိုင်ထားတဲ့ ခလရ (၃၇) ရှေ့တန်းစခန်းက တပ်စိတ် (၂) စိတ်လည်း သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ တိုက်ချင်ခိုက်ချင်စိတ် မရှိရတဲ့အထဲ အဲလို သေတာကျေတာတွေ့ရတော့ ကြောက်လန့် ထွက်ပြေးကုန်တယ်” ဟု ပြောသည်။

No comments: