Thursday, January 28, 2010

ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖမ်းဆီးကြောင်း စစ်အစိုးရ ကြေညာ

စိုးမိုး/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်တွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်အစိုးရက ဖောက်ခွဲရေးပစ္စည်းများဖြင့် လူ (၁၁) ယောက်ကို ဖမ်းဆီးရမိကြောင်း ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ယခုနှစ်စတွင် နိုင်ငံအနှံ့ ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် (၁) ဦး လုပ်ကြံခံရအပြီး ယခု ထပ်မံ၍ နိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေသူများ ဆိုသူ (၁၁) ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခု ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း စက်မှုဇုန်အတွင်း ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ ကုန်သိုလှောင်ရုံ အပါအ၀င် နေရာ (၇) ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။

ယခု ဇန်န၀ါရီလ (၂၂) ရက်မှ (၂၄) ရက်အတွင်း ခေါင်းဆောင်ဖြစ်သူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း အပါအ၀င် (၁၁) ဦးနှင့် လက်လုပ်မိုင်း (၃) လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း (၅) လုံး၊ ဒီတိုနေတာ (၄၃) ခု၊ စပိန်နိုင်ငံလုပ် Astra MOD 3000 အမျိုးအစား ဒဿမ (၃၂) ပစ္စတိုတလက်၊ ကျည်ကတ်တခု၊ ကျည် (၃၃) တောင့်၊ ဂြိုဟ်တုဖုန်း (၁) လုံး၊ ၀ိုင်ယာကြိုးခွေ (၂) ခွေ၊ ဖြတ်စ (၆) စည်း၊ ယမ်းကြိုး (၃) ခွေနှင့် အဝေးထိန်းစနစ်သုံး ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟုလည်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဆက်လက်လုပ်ကိုင်ရန် ကြံစည်နေသူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း (ခေါ်) ကိုဆိုင်းမှာ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ထောက်ပံ့မှုဖြင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ယင်းသို့ ဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ စွပ်စွဲပြောဆိုနေသော သူမှာ ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ငြင်းဆိုသည်။

“နိုင်ငံရေးအရ ကျနော်တို့ကို တိုက်ခိုက်တာပဲလေ။ ကျနော်တို့ကို မတရားအသင်းကြေညာတယ်။ အဲဒါတွေက ကျနော်တို့က သူတို့ကို အိုင်စီစီ (နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး) တင်တဲ့ကိစ္စတွေ၊ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ တင်တာနဲ့ပတ်သက်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ ဥပဒေအထောက်အကူပြုဌာန တာဝန်ခံ ဦးသန်းနိုင်ထွေးက ပြောကြားသည်။

ပြည်သူများ ဘီအယ်လ်စီအပေါ်တွင် အမြင်လွဲမှားစေရန် ယခုကဲ့သို့ စွပ်စွဲပြောဆိုသော်လည်း ပြည်သူက အမှန်တရားကို သိရှိနားလည်ပြီးဖြစ်ကြောင်း၊ ဘီအယ်လ်စီအနေဖြင့် ယခုကဲ့သို့ စွပ်စွဲမှုကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရကမူ လက်လုပ်မိုင်း ( ၈) လုံးခန့်နှင့် ဒီတိုနေတာ မိုင်းလုပ်စနက်တံ (၄၃) ခု၊ ပစ္စတို (၁) လက်ပိုင်ဆိုင်ထားသော အဆိုပါ ဖောက်ခွဲရေးသမားများမှာ စစ်တပ်၊ ရဲတပ်ရင်းများ၊ စက်မှုဇုန်များနှင့် အငှားယာဉ်များကို တိုက်ခိုက်ရန် စီမံကိန်းများ ရှိနေသည်ဟု ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၁၆) ရက် ညပိုင်း သန်းခေါင်ယံအချိန်တွင် အဆိုပါအဖွဲ့က ဖောက်ခွဲခဲ့သည်ဆိုသည့် မင်္ဂလာဒုံနှင့် ရွှေပေါက္ကံ စက်မှုဇုန်တို့တွင် မိနစ်ပိုင်းစီခြား ဗုံး (၇) လုံး ပေါက်ကွဲခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ဘဲ စက်ရုံ အလုပ်ရုံများလည်း အလုပ်မပျက်ခဲ့ကြောင်း မင်္ဂလာဒုံစက်မှုဇုန်မှ အလုပ်သမားတဦးက ပြောသည်။

စက်မှုဇုန်အတွင်း နေထိုင်သူများကမူ ယင်းအချိန်က ဗုံးပေါက်သည်ဆိုသည်သာ သိရှိရပြီး မည်သို့ ဗုံးပေါက်ကွဲသည်၊ မည်သည့်နေရာတွင် ပေါက်ကွဲသည်ကိုမူ ယနေ့ထုတ် သတင်းစာက ဖော်ပြမှသာ သိရှိရသည်ဟု ဆိုသည်။


No comments: