စိုးနေလင်း
ကျနော်တို့ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပစ္စည်းပေါကြွယ်ဝသလို ပထဝီအနေအထားအရ ပင်လယ်ဆိပ်ကမ်း ကောင်းကောင်းတွေ ပြုလုပ်ဖို့လည်း ရှည်လျားလှတဲ့ ပင်လယ်ကမ်းရိုးတန်း ရှိနေပါတယ်။
နိုင်ငံ့တောင်ပိုင်း အဆုံးမှာရှိတဲ့ အန်ဒမန်ပင်လယ်နဲ့ အနောက်တောင်ဘက် ရခိုင်ကမ်းမြောင်ဒေသတလျှောက် ဘင်္ဂလားပင်လယ်အော်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် အန်ဒမန်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာကြီး ရှိနေတဲ့အတွက် သဘာဝ ပင်လယ်ရေလမ်းကြောင်း ထွက်ပေါက်၊ နိုင်ငံတကာ ရေကြောင်းလမ်း ထွက်ပေါက်တွေ ဖြစ်နေပါတယ်။ ရှည်လျားလှတဲ့ မြန်မာနိုင်ငံ မြောက်ဖျားကနေ တောင်ပိုင်းကမ်းရိုးတန်းအဆုံးထိ ကုန်းလမ်းတွေလည်း ရှိနေပါတယ်။
ဒါတွေဟာ ကျန်ာတို့နိုင်ငံရဲ့ အားသာချက်တွေ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေထဲက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေဟာ စီးပွားရေးဖွံဖြိုးတိုးတက်မှုအရ မြန်မာနိင်ငံထက် ဖွံဖြိုးကြသလို လူဦးရေအားဖြင့်လည်း ပိုပြီး များကြပါတယ်။
အဲဒီအတွက် သူတို့နိုင်ငံတွေက စက်မှုထွက်ကုန် ပစ္စည်းတွေဟာ မြန်မာနိုင်ငံအတွက် ဝယ်လိုအားကောင်းတဲ့ ပစ္စည်းတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ သူတို့နိုင်ငံတွေအတွက် ဈေးကွက်ကောင်းတခုဖြစ်သလို သဘာဝသယံဇာတ ပစ္စည်းတွေသာ ပေါကြွယ်ဝပြီး စက်မှုဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာတ ပစ္စည်းတွေနဲ့ သဘာဝ ထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့ အားကောင်းတဲ့ ရောင်းသူနိုင်ငံ ဖြစ်နေပြန်ပါတယ်။ ဒီအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ အဆင်ပြေရေးဟာ အရေးကြီးတဲ့အချက်တခု ဖြစ်နေပါတယ်။
မကြာသေးခင်ကလေးကပဲ ထိုင်းငံအစိုးရက ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်နဲ့ မြန်မာနိုင်ငံ ထားဝယ်ဆိပ်ကမ်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း ဈေးကွက်တွေအတွက် ဝင်ပေါက်တံခါးတခုအဖြစ် အသုံးပြုဖို့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ချမှတ်လိုက်ပါတယ်။ ထိုင်းအာဏာပိုင်တွေက နိုင်ငံတောင်ပိုင်း ဆာတွန်ပြည်နယ်မှာရှိတဲ့ ပတ်ဘရ (Pak Bara) ရေနက်ဆိပ်ကမ်းဟာ ဒေသတွင်း တခြားရေနက်ဆိပ်ကမ်းတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ အဆင့်အထိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်လို့ မရနိုင်တဲ့အတွက် ပိုပြီးကောင်းမွန်တဲ့ ကုန်းလမ်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ နောက် ပတ်ဘရမှာ နေထိုင်ကြတဲ့ ဒေသခံတွေက သူတို့ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာ စိုးရိမ်ပူပန်ကြတဲ့အတွက် ဆိပ်ကမ်းတိုးချဲ့ရေးကို ဆန့်ကျင်နေကြတဲ့အတွက် အဲဒီဆိပ်ကမ်းကို ပြည်တွင်းဆိပ်ကမ်းတခု အဖြစ်ပဲ ဆက်ထားရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီး ပွတ်သီပွန်ပန်နာခန်က ပြောခဲ့ပါတယ်။
ထိုင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကန်ချနပူရီနဲ့ ထားဝယ်ကို ဆက်သွယ်ဖို့ ကီလိုမီတာ ၁၈ဝ ကနေ ၁၉ဝ ထိ ရှည်လျားတဲ့ အမြန်လမ်းမတခု တည်ဆောက်ရေးအတွက် လေ့လာမှု ပြုလုပ်ပါလိမ့်မယ်။ မစ္စတာပွတ်သီပေါင်က တရုတ်ပြည်ကလည်း သူ့ရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက် ဈေးကွက်တွေအတွက် အဓိက ကုန်သွယ်မှုဆိပ်ကမ်းအဖြစ် အသုံးပြုလို့ ရနိုင်ခြေရှိလို့ အဲဒီမြို့ကို အသုံးပြုချင်နေတဲ့အတွက် ထားဝယ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းဟာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီထားဝယ် ကန်ချနပူရီကုန်းလမ်းဟာ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံ ကွန်ယက်ဆက်သွယ်ရေး ၁၃၆ဝ ကီလိုမီတာ ရှည်လျားတဲ့ အမြန်လမ်းမသစ်နဲ့လည်း ချိတ်ဆက်မှာဖြစ်ပြီး ဒီလမ်းဟာ အိန္ဒိယနိုင်ငံ မိုရေးကနေ ပုဂံကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်အထိ ရောက်ပါလိမ့်မယ်။
အဲဒီဆိပ်ကမ်းဟာ ဥရောပနဲ့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှကြား အိန္ဒိယသမုဒ္ဒရာနဲ့ အန်ဒမန်ပင်လယ်မှာ သွားလာကြမယ့် သင်္ဘောတွေက တနှစ်ကို (ပေ ၂ဝ နဲ့ ညီမျှတဲ့) TEU ကုန်သေတ္တာပေါင်း ၃ဝဝ,ဝဝဝ ကို အတင်အချ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ထားဝယ်ဆိပ်ကမ်းဟာ အနောက်၊ အရှေ့ စီးပွားရေးလမ်းကြောင်း (ဗီယက်နမ်နိုင်ငံ ဒါနန်းကနေ မြန်မာနိုင်ငံ မော်လမြိုင် ဆက်သွယ်)၊ တောင်ပိုင်း စီးပွားရေးလမ်းကြောင်း (ဟိုချီမင်း-ထားဝယ်) နဲ့ တောင်မြောက် စီးပွားရေးလမ်းကြောင်း (ကူမင်း-ဘန်ကောက်) ဖန်တီးတည်ဆောက်ရေး တခုလုံးဆိုင်ရာ မဟာဗျူဟာမှာ အဓိက အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
ကုန်ပစ္စည်းတွေကို တောင်မြောက် စီးပွားရေးလမ်းကြောင်း (NSEC) က ဖြတ်ပြီး သယ်ယူပို့ဆောင်တာဟာ တရုတ်ပြည် တောင်ပိုင်းကနေ အန်ဒမန်ပင်လယ်ကို လာရတဲ့ ၁၆ ရက်ကနေ ၁၈ ရက်ကြာ ခရီးလမ်းကြောင်းကို အသွားအလာများ လမ်းကျပ်တဲ့ မလက္ကာရေလက်ကြားကို ပတ်ပြီး ၆ ရက်နဲ့ ရောက်ရှိအောင် တိုတောင်းသွားနိုင်ပါတယ်။
တကယ်တော့ နိုင်ငံ တနိုင်ငံနဲ့တနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့ပြီး ရောင်းလိုအား၊ ဝယ်လိုအားတွေ ကောင်းလာတာဟာ သက်ဆိုင်ရာ ကုန်သွယ်ဘက်နိုင်ငံတွေ အသီးသီးမှာ အပြန်အလှန် အကျိုးရှိနိုင်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေနိုင်သလို သက်ဆိုင်ရာ နိုင်ငံအသီးသီးက ပြည်သူလူထုတွေကိုလည်း လူနေမှု အဆင့်အတန်း မြင့်မားလာစေနိုင်ပါတယ်။
ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံကို စက်မှုထုတ်ကုန်ပစ္စည်းတွေ ဝယ်လိုအားကောင်းတဲ့ နိုင်ငံတခုအဖြစ် တင်မကဘဲ သဘာဝသယံဇာတ ပစ္စည်းတွေကို အလုံးအရင်းနဲ့ ရောင်းချပေးနေတဲ့ နိုင်ငံတခုအဖြစ် စိတ်ဝင်စားကြတဲ့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေကတော့ သူတို့နိုင်ငံတွေက ပြည်သူလူထုတွေ တိုးတက်ဖွံ့ဖြိုးအောင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့ မြန်ဆန်ရအောင် အပြိုင်အဆိုင် ကြိုးစားနေကြတယ်ဆိုတာ အထင်အရှား တွေ့နေရပါတယ်။
ပြောလိုရင်းကတော့ တခြားနိုင်ငံတွေက ကုန်သွယ်စီးပွားက ရရှိလာတဲ့ အကျိုးစီးပွားတွေကို သူတို့တိုင်းပြည်နဲ့ ပြည်သူလူထုဆီကို စီးဆင်းစေပြီး ကျနော်တို့နိုင်ငံက စစ်အစိုးရကတော့ ကုန်သွယ်စီးပွားက ရရှိလာတဲ့ အကျိုးစီးပွားတွေကို တိုင်းပြည်နဲ့ ပြည်သူလူထုဆီကို စီးဆင်းစေရမယ့်အစား ကိုယ်ကျိုးစီးပွားအတွက်ပဲ စုဆောင်းဖို့၊ သုံးစွဲပြန်ရင်လည်း ကိုယ့်ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်ဖို့ လက်နက်တွေကိုသာ ဝယ်ယူဖြည့်တင်းနေတာ ဖြစ်တယ်။
တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စေတနာ၊ မေတ္တာတရား လုံးဝမရှိတဲ့ အတ္တဝါဒီ၊ အဓမ္မဝါဒီတွေသာ ဖြစ်တဲ့အတွက် ပြည်သူလူထု တရပ်လုံးအနေနဲ့ မတရားတဲ့ အမိန့်အာဏာ မှန်သမျှကို အာခံဆန့်ကျင်ကြဖို့၊ ပြည်သူလူထုကြီး တရပ်လုံးရဲ့ စည်းလုံးညီညွှတ်မှုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားပြီး လွတ်လပ်တရားမျှတ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်တခု တည်ဆောက်ကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
No comments:
Post a Comment