ငြိမ်းဝေ
သူ့ကို အဝေးကမြင်ရတော့
လှတယ်။
အနားကို ရောက်တော့
ကြောက်တယ်။
သူ့ကို တို့ထိရတဲ့အခါ
သူ့ရေကို သောက်တဲ့အခါ
သူ့အငွေ့ကို လှုံတဲ့အခါ
လုံခြုံနွေးထွေး သွေးချင်းပေါင်းစပ်
သူနဲ့ငါ
တစတစ နီးစပ်လာခဲ့။
အခုတော့
သူ့လည်ပင်းမှာ ငါတွဲခိုစီး
သီချင်းညည်းခဲ့။
သူ့ခေါင်းပေါ်က ပန်းတွေ
ငါခြွေခဲ့၊
သူ့လက်ပေါ်
ငါ အိပ်ပျော်ခဲ့
သူ့နဖူးထိပ်မှာ ငါရပ်နေဆဲ
ကွင်းပြင်ထဲက တောအုပ်တွေ
ချုံပုတ်လေးတွေ ဖြစ်သွားပေါ့။
(ပဉ္စလက်တောင်တန်း ကဗျာမှ)
မိဆိုင်းကျောက်တောင်ကြီးရဲ့ အောက်ခြေတောစပ်တွင် ကျနော်တို့ နားနေခဲ့ကြသည်။ ဖားအံမြို့နယ် ကရင် အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုသာထူးကျော်ဆီက လွှတ်လိုက်မည့် ဆက်သားကို ကျနော်တို့ စောင့်နေကြခြင်း ဖြစ်သည်။
တောစပ်ကို မဝင်ခင်ကတည်းက မိဆိုင်းကျောက်တောင်ကြီးကို ကျနော် စိတ်ဝင်စားနေခဲ့သည်။ ကျောက်တောင်ကြီးကို ခတ်ဝေးဝေးကတည်းက လှမ်းမျှော်ကြည့်ရှုရင်း လယ်ကွင်းတချို့၊ တောအုပ်တချို့ကို ဖြတ်လာခဲ့ကြသည်။ တလမ်းလုံး မကြာခဏဆိုသလို ကျောက်တောင်ကြီးကိုသာ လှမ်းမျှော်မော့ကြည့်နေခဲ့မိသည်။ ကျောက်တောင်ကြီးကလည်း ကျနော်တို့ လူအုပ်ကို ငုံ့ကြည့်နေခဲ့၏။ တနာရီနီးပါး လျှောက်လာကြသည့်တိုင် ကျောက်တောင်ကြီးနှင့် ကျနော်တို့က တော်တော်နှင့် နီးကပ်မလာနိုင်သေး။
ကျောက်တောင်ကြီးရဲ့ အောက်ခြေ တောစပ်ကိုဝင်တော့ နေရောင်ခြည်များ ဖရိုဖရဲ ပြိုကွဲကုန်သည်။ ရုတ်တရက်ဆိုသလို နေရောင်ခြည်များ အိုစာသွားရ၏။ တောအုပ်ထဲကိုဝင်တော့ ကျနော်က ကျောက်တောင်ကြီးကို သစ်ပင်၊ သစ်ကိုင်း လွတ်ရာမှတဆင့် မော့ကြည့်မိသည်။ ကျောက်တောင်ကြီးကမူ ကျနော်တို့ကို ငုံ့ကြည့်မနေတော့။ သူ့ခေါင်းကို မော့နိုင်သမျှ မော့ထားဟန်တူ၏။ ကျောက်တောင်ကြီးရဲ့ ထိပ်ပိုင်းကို မမြင်နိုင်တော့။
“ကျနော်တို့ ဒီမှာပဲ ခဏစောင့်နေရမယ်။ ဥက္ကဋ္ဌက ဆက်သားလွှတ်ပြီး လာခေါ်မယ်လို့ ပြောတယ်။ သေချာတာကတော့ ဒီညနေပဲ တောင်ပေါ်တက်ပြီး တွေ့ကြရမှာပဲ”
ကျနော်တို့လူအုပ်တွင် ကျနော်အပါအဝင် လူ ၄ ယောက်။ ဖားအံမြို့နယ် ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုလာဘ၊ သူ၏ ဇနီးနှင့် ပဒိုလာဘ၏ လူယုံတော်ဖြစ်ဟန်တူသူ အသက် ၄ဝ ခန့်အရွယ် ကရင်အမျိုးသားကြီးတဦး။ ပဒိုလာဘ၏ ဇနီးက အသားဖြူဖြူ ကိုယ်ခန္ဓာပါးပါး၊ စကားပြောလျှင် ခပ်တိုးတိုး၊ လမ်းလျှောက်လျှင် အားယူပြီး လမ်းလျှောက်လာရသလို၊ ကျန်းမာရေး သိပ်ကောင်းဟန်မတူဟုပင် ကျနော့်စိတ်ထဲ ထင်နေမိသည်။ ပဒိုလာဘ၏ လူယုံဖြစ်ဟန်တူသူ ကရင်အမျိုးသားကြီးကမူ ခြေတံလက်တံတုတ်တုတ်၊ မေးရိုးပါးရိုးကားကား၊ တကယ့်တုတ်ခိုင်မာကျောသည့် ခန္ဓာကိုယ်နှင့်။ အေကေ ၄၇ သေနတ်ကို လွယ်လျက်။ ကျနော့်အထင် သူက ပဒိုလာဘထက်ပင် အသက်အနည်းငယ် ကြီးဟန်တူသည်ဟု ယူဆမိသည်။ ပဒိုလာဘတို့ ဇနီးမောင်နှံအပေါ် တလမ်းလုံးလိုလို ရိုသေလေးစားစွာ ပြောဆိုဆက်ဆံလာခဲ့သည်ကို တွေ့ခဲ့ရ၏။
နာရီဝက်နီးပါးအကြာတွင် လမ်းလျှောက်စကားပြောစက်နှင့် စကားပြောနေသည့် ပဒိုလာဘက အစီအစဉ်ပြောင်းရန် ရုတ်တရက် ပြောလာခဲ့၏။
“ကျနော်တို့ ချက်ချင်း တောင်ပေါ်တက်ကြရမယ်။ ရန်သူတပ်စိပ်တစိပ် ကျနော်တို့ဘက် လာနေတယ်လို့ပြောတယ်↔
ပဒိုလာဘကိုယ်တိုင်က အရေးကြီးဟန်ပြလိုက်သဖြင့် ကျနော့်မှာ ခေါင်းနပမ်းကြီးသွားရ၏။ ဘယ်တောင်ပေါ်တက်မှာလဲ၊ သည်ကျောက်တောင်ကြီးပေါ် တက်မှာလား။ ဘယ်နေရာကစပြီး တက်ရမလဲ။ ကျနော့်စိတ်ထဲ မေးခွန်းများ ဆက်တိုက်ပေါ်လာနေ၏။
ကျနော်တို့အားလုံး ခြေရာလက်ရာများမကျန်အောင် ဖျက်ကြသည်။ မည်သည့်ပစ္စည်းမျှ မကျန်ရစ်အောင် ဂရုတစိုက် ကြည့်ကြသည်။ သစ်ကိုင်းတခုကိုချိုးကာ သဲချောင်းကလေးထဲက ခြေရာများကို ဖျက်ကြသည်။ စိတ်ချရပြီဆိုမှ သစ်ကိုင်းကို ချုံတွေထဲ ထိုးဝှက်ထားလိုက်ကြသည်။
“ကိုငြိမ်းဝေ ခင်ဗျားညှပ်ဖိနပ်ကို သေသေချာချာစီးပြီးမှ ဂရုတစိုက်တက်နော်၊ ကျွတ်ကျရင် ပြန်ဆင်းကောက်ဖို့မလွယ်ဘူး၊ ကျောက်တောင်ပေါ်ကို ဖိနပ်မပါပဲနဲ့လည်း တက်လို့မရနိုင်ဘူး၊ ကဲ တက်မယ်”
အထုပ်အပိုးကိုယ်စီ လွယ်လျက် ကျနော်တို့ တောင်ပေါ်တက်ကြသည်။ ကရင်အမျိုးသားကြီးက ရှေ့မှ ဦးဆောင်ပြီး တက်၏။ ကျောက်တောင်ကြီးမှာ စတင်တက်သည့် နေရာမှာကတည်းက ကျောက်သားသက်သက် ဖြစ်သည်။ မြေသားဟူ၍ ဘယ်နေရာမှ မတွေ့ရ။ ကျောက်တောင်ပေါ် စတက်တော့ ကျနော်တို့အားလုံး အဆင်ပြေသလို လမ်းရွေးပြီး တက်ကြသည်။ ရှေ့ဆင့် နောက်ဆင့် တည့်တည့်မဟုတ်။ မိမိလက်လှမ်းမီရာ ကျောက်ချွန်ကျောက်ခက်များကို ဆွဲကာ ခြေချစရာ ကျောက်သားကို ရွေးကာ ဖက်တွယ်ပြီး တက်ကြသည်။ ၅ မိနစ်ခန့် တက်လာနေစဉ် သတိရလို့ အထက်နှင့် အောက်ကို ကြည့်တော့ ကျနော်က အောက်ဆုံးတွင် ရောက်နေသည်ကို တွေ့ရ၏။ ကျနော့်အထက် ဝါးတရိုက်သာသာတွင် ပဒိုလာဘ၏ ဇနီး။ သူ့အပေါ် နောက်ထပ် ဝါးတရိုက်ခန့် ခပ်စောင်းစောင်းတွင် ပဒိုလာဘနှင့် ကရင်အမျိုးသားကြီး။ ကျနော် ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်သွားရသည်။
တောင်ပေါ် စတက်မည်ရှိစဉ်က ပဒိုလာဘပြောခဲ့သော စကားကြောင့် ကျနော်က အနည်းငယ် မခံချင်စိတ် ဖြစ်ခဲ့သည်။ ပြောချင်းပြောလျှင် သူ့ဇနှီးကိုသာ ပြောသင့်သည်ဟု တွေးသည်။ သူ့ဇနီး ခပ်နွဲ့နွဲ့ပိန်ပါးပါးကို မည်သို့မျှမပြောဘဲ ကျနော့်ကိုမှ ရွေးပြီး ဖိနပ်ကျွတ်မကျဖို့ ပြောသလိုလိုနှင့် သတိပေးခဲ့သည်ကို စိတ်ထဲက ကြိတ်ပြီး မကျေနပ်ချင်ခဲ့။ အခုတော့ ကျနော် အံ့သြသွားရသည်။ ကျောက်ချွန်ကျောက်ခက်များမှာ ဓားသွားလို ထက်လှသည်။ အကယ်၍ မတော်တဆ ကျောက်ချွန်ကျောက်ပြားများကြား ဖိနပ်ကျွတ်ကျသွားပါက ပြန်ဆင်းကောက်ယူလို့ ဘယ်နည်းနဲ့မှ မရနိုင်။ ကြိုတင် သတိပေးစကား ပြောခဲ့သည့် ပဒိုလာဘကို ကျေးဇူးတင်ရတော့သည်။
ကျနော်နှင့် ပဒိုလာဘတို့ အတော်ဝေးဝေးအထိ ကွာသွားခဲ့သည်။ ကရင်အမျိုးသားကြီးက နောက်ချန်ပြီး ကျနော့်ကို စောင့်၏။ ကျနော်က သူတို့ကိုမီရန် ကြိုးစားပြီး တက်သည်။ အလင်းရောင် အားနည်းလာပြီဖြစ်သဖြင့် ကျောက်ခက်ကျောက်စွန်းများကြား လိမ့်ကျမသွားရအောင် ပိုပြီး ဂရုစိုက်နေခဲ့ရ၏။ တနာရီခန့်မျှအကြာတွင် နေရောင်ခြည်မှာ အလွန်အမင်း အားနည်းသွား၏။ ကျနော့်မှာ ခဲရာခဲဆစ် တက်လာခဲ့ရသည့် ခရီးကို မကြာခဏ ရင်တဖိုဖိုနှင့် ပြန်ငဲ့ကြည့်မိသည်။ လေတချက်အဝေ့တွင် ကျနော့်ခန္ဓာကိုယ်မှာ ကျောက်တောင်အစွန်းမှ သစ်ရွက်ခြောက်တရွက်လို လွင့်ကျသွားမလား ထင်လိုက်ရ၏။ ရန်သူ့ဘေးကို ကြောက်၍သာ ပဒိုလာဘတို့နှင့်အတူ ဒရောသောပါး တောင်ပေါ်လိုက်တက်ခဲ့ရသော်လည်း အခုတော့ ကျနော့်မှာ တောင်အောက်ကို မရဲတရဲပြန်ကြည့်ရင်း ထိတ်လန့်အားငယ်လာရတော့သည်။
“ကဲ … ရောက်တဲ့နေရာမှာပဲ အိပ်မယ်။ မိုးလည်းချုပ်တော့မယ်။ ဆက်မတက်တော့ဘူး။ ကိုငြိမ်းဝေ အိပ်စရာနေရာရှာပါ။ ရှာမတွေ့ရင် ဖထီးကိုပြော၊ သူဝိုင်းကူပြီး ရှာပေးလိမ့်မယ်”
ကျနော်တို့အားလုံး ရောက်ရာနေရာတွင်ပင် တညအိပ်ဖို့ ပဒိုလာဘက ဆုံးဖြတ်လိုက်သည်။ အိပ်စရာနေရာကို ကံအားလျော်စွာ အလွယ်တကူတွေ့သည်။ ကျောက်စွန်းတခု၊ လူတကိုယ်စာသာသာ ကျောက်ဖြာအကျယ်၊ ခါးဝက်ခန့် မရှိတရှိ ကျောက်တုံး ကျောက်ပြားတချပ်က ကာလျက်၊ ကျနော် စိတ်အေးသွားရသည်။ ကမန်းကတန်း ကြောပိုးအိတ်ထဲမှ ပုဆိုးနှင့် စောင်ပိုင်းကို ထုတ်သည်။ တောင်မကြီးနှင့် ကျောက်တုံးကြားက ပူနွေးနေသည့် ကျောက်ဖြာပေါ် ခင်းသည်။ တခြားသူတွေအတွက် ကျနော် စိတ်မပူတော့။ တော်ပေါ်တက်လာသည့် အတွေ့အကြုံအရ သူတို့ကို ကျနော် စိတ်ချသည်။ သူတို့က ကျနော်နှင့် မနှိုင်းယှဉ်နိုင်လောက်အောင် သည်လိုအတွေ့အကြုံ ရှိပြီးသူများ ဖြစ်သည်ကို ကျနော် ကောင်းကောင်း သိခဲ့ပြီ။
အိပ်ယာခင်းပြီးကာမှ ဗိုက်ထဲတွင် ဆာလောင်လာရသည်။ ရေဗူးကို ကြောပိုးအိတ်ဘေးမှ ထုတ်ပြီး သောက်သည်။ တဝတပြဲ မသောက်ရဲသေး။ ကျောက်တောင်ပေါ်တွင်မို့ သောက်ရေကုန်သွားပါက အခက်တွေ့မည်။ ညစာကိုတော့ ကျနော် မမျှော်မှန်းနိုင်တော့။
နေရာထိုင်ခင်း ပြင်နေစဉ် ညသည် ကျောက်တောင်ကြီးကို အမှောင်ထုထဲ ဆွဲနှစ်ပစ်လိုက်၏။ ကိုယ့်အတွက် နေစရာနေရာ အဆင်ပြေကာမှပင် အဖော်များကို သတိရသည်။ ကျနော့်အထက် အမှောင်ထုထဲက စကားပြောသံ သဲ့သဲ့ကြားရသည်။ ပဒိုလာဘတို့ ဇနီးမောင်နှံက တနေရာထဲ အတူနေရာရသွားဟန်တူသည်။ ကျနော့် အောက်ဘက်တနေရာတွင် ကရင်အမျိုးသားကြီး ရှိနေပေလိမ့်မည်။
ညဥ့်နက်တော့ လေတိုးသံက တချက်တချက် ပိုပြီး အသံကျယ်လာခဲ့သည်။ ကျောက်တုံးတခုက အကာအကွယ်သဘော ဖြစ်သဖြင့် ကျနော့်နေရာကလေးမှာ လေကွယ်သလို ဖြစ်နေသည်။ မတ်တပ်ရပ်ပြီး တောင်အောက်ကို ကြည့်သည်။ ဘာကိုမှ မတွေ့ရ။ အမှောင်ထုကြီးကိုသာ တွေ့နေရသည်။ ထိုစဉ်မှာပင် ပန်းရနံ့တခုကို ကျနော် ရလိုက်သည်။ အာရုံစိုက်ပြီး စောင့်ကြည့်သည်၊ တောစပယ်ပန်းရနံ့ ဖြစ်သည်။ ဘယ်ဆီက ရောက်လာသည့် စပယ်ပန်းရနံ့ရယ်လို့ ကျနော် မဝေခွဲတတ်။ တောင်အောက် တနေရာဆီက ဇီးကွက်တကောင် အော်မြည်ရင်း ဝေးသွားသည်၊ နွားခလောက်သံ သဲ့သဲ့ကြားရသည်။ တောင်ခြေတောအုပ်ထဲက လွှတ်ကျောင်းထားသည့် ကျွဲနွားများဖြစ်မည်ဟု ခန့်မှန်းမိသည်။ ဒါဆိုလျှင် ညနေက ပဒိုလာဘထံ စက်ဖြင့် သတင်းပို့ခဲ့သည်မှာ ထိုရွာကလေးမှ ဖြစ်နိုင်သည်။ ကျနော်တို့တတွေ တောအုပ်ကလေးဆီလာနေစဉ် ကျနော်တို့နှင့် မနီးမဝေးတွင် ရွာကလေးတရွာ ရှိသည်ဟု ပဒိုလာဘက ပြောခဲ့၏။ တောင်အောက် အမှောင်ထုကြီးထဲ ထိုရွာကလေးဆီက မီးရောင်တွေ့လိုတွေ့ငြား ကျနော် လိုက်ကြည့်သည်။ ဘာကိုမျှ မတွေ့ရ။
ကျောက်ဖြာပေါ် ပင်ပမ်းနွမ်းနယ်စွာ ကျနော် လှဲအိပ်လိုက်သည်။ ဘယ်အချိန်လောက်တွင် အိပ်မောကျသွားသည်ကို ကျနော် မသိလိုက်တော့။
“မိဆိုင်းတောင်↔အောက်မှာ
အရာဝတ္ထုများ
“ဝိုင်းယက်↔ရဲ့ ပန်းချီကားလို
အပြားလိုက် အလျားလိုက် ငါမြင်ရ။
အဲဒီမှာ
“ဂျူးဗန်း↔ရဲ့ “ကာလယန္တရား↔
ငါ ငှားပြီး စီးခဲ့။
ငါ အပြာရောင်မြစ်တစင်း
သီချင်းတပုဒ်
ငှက်တအုပ်နဲ့ 
မိုးကုတ်စက်ဝိုင်းဆီ ဦးတည်ခဲ့။
(ပဉ္စလက်တောင်တန်း ကဗျာမှ)
ရုတ်တရက် အိပ်ယာမှ နိုးလာခဲ့သည်။ လေကွယ်ရာဖြစ်သည့်တိုင် ကျနော့်နေရာလေးမှာ အေးမြနေခဲ့သည်။ ညအိပ်ယာဝင်စဉ်က ပူနွေးသလိုဖြစ်နေသည့် ကျောက်ဖြာမှာ ယခုတော့ စိမ့်အေးနေသည်။ တညလုံး နှင်းကျထားဟန်တူသည်။ ကျနော့်ကိုယ်မှာ စိုထိုင်းထိုင်း ဖြစ်နေသည်။ ချမ်းစိမ့်လာသည့်အတွက် ရုတ်တရက် အိပ်ယာက နိုးလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ မိုးမလင်းသေးသဖြင့် ကျနော်က အမှောင်ထုထဲတွင်ပင် ဆက်ပြီး လှဲနေရသည်။ ထိုစဉ် အတွေးတခုဝင်လာသဖြင့် ပြန်အိပ်လို့ မဖြစ်တော့ဟု ကျနော် တွေးသည်။
ကြုံတောင့်ကြုံခဲ အတွေ့အကြုံတခုကို ကျနော် လက်လွတ်ခံလို့မဖြစ်။ ဟုတ်သည်၊ နေထွက်လာခြင်းကို တောင်ထိပ်ပေါ်မှတဆင့် ကျနော် စောင့်ကြည့်ခွင့် ရတော့မည်။ ရုတ်တရက်ဆိုသလို ကျနော့်ခန္ဓာကိုယ်မှာ လန်းလန်းးဆန်းဆန်း ဖြစ်လာရ၏။ အသေအချာ ပြန်တွေးတော့ ကျနော်တို့ အိပ်စက်ခဲ့သည့်ဘက်မှာ ကျောက်တောင်ကြီး၏ အရှေ့ဘက်ခြမ်း ဖြစ်သည်ကို ကျနော် ကောင်းကောင်း တွက်ချက်မိသွားသည်။ ထို့ကြောင့် ပြန်မအိပ်တော့ဘဲနေရန် ကျနော် ဆုံးဖြတ်လိုက်သည်။
စိတ်ကို တင်းထားသည့်ကြားမှ မှေးကနဲ အိပ်ပျော်မည်ရှိစဉ် ကျနော့်နားထဲ၌ တစုံတရာအသံ သဲ့သဲ့ကြားလိုက်ရသည်။ အိပ်ယာမှ လူးလဲထသည်။ ကျောက်တုံးပေါ် မေးတင်ကာ နားစိုက်ထောင်သည်။ ကျနော် ကျေနပ်သွားရသည်။ မည်သည့်နေရာဆီကမသိ တုံးမောင်းခေါက်သံ ကြားရသည်။ ပဒိုလာဘထံ စက်ဖြင့် သတင်းပို့သည့် ရွာကလေးဆီမှ ဖြစ်မည်ဟု ခန့်မှန်းသည်။ ဒါဆိုလျှင် မိုးလင်းခါနီးပြီ။ ကျနော်က နေရာတွင်ပင် ကျကျနနရပ်ကာ တောင်အောက်ဘက်နှင့် နေရာအနှံ့ လိုက်ကြည့်နေသည်။ မကြာလိုက်ပါ။
ကျနော့်မျက်စေ့ထဲ အနီရောင်အလင်းတန်းတခု ဖြတ်ပြေးသလို မြင်လိုက်သည်။ အားစိုက်ပြီးကြည့်တော့ အမှောင်ထုကိုသာ တွေ့ရသည်။ ထို့နောက် အလွန်ဝေးကွာလွန်းသည့် တနေရာမှ နောက်ထပ်အနီရောင် မျဉ်းတကြောင်း မြင်ရသည်၊ အနီရောင်နှင့် အမည်းရောင်။ အနီရောင်နှင့် အပြာရောင်၊ အနီရောင်နှင့်ခဲပုတ်ရောင်၊ အနီရောင်နှင့် အဖြူရောင်၊ တခြားအရောင်များက ပေါ်လာလိုက် မှိန်သွားလိုက်။ အနီရောင်မျဉ်းကြောင်းကတော့ တဖြည်းဖြည်း ကြီးသထက် ကြီးလာ။ ကျနော်နှင့် မိုင်ပေါင်းများစွာ ဝေးကွာလွန်းသည့် တနေရာတွင်မူ နေထွက်နေလောက်ပြီ။ ထိုနေရာ၌ မာနယ်ပလောသည် စတင်လှုပ်ရှားစ ပြုလောက်ပြီ။ သောင်ရင်းမြစ်သည်လည်းကောင်း၊ မြစ်သံလွင်သည်လည်းကောင်း နေရောင်အောက်၌ လူးလွန့်လှုပ်ရှားနေလောက်ပြီ။
နေထွက်ခြင်းကို စောင့်ကြည့်နေစဉ် ဗြိတိသျှစာရေးဆရာကြီး ဆမ်းမားဆက်မွန်ရဲ့ ပြောစကားကို သတိရနေမိပြန်သည်။ သူက “ကျုပ်ဟာ နှစ်ပေါင်း ၅ဝ လုံးလုံး နေထွက်တာကို တရက်မကျန် စောင့်ကြည့်ခဲ့ဖူးတယ်↔ဟု ပြောခဲ့၏။
တဖြည်းဖြည်း နယ်ချဲ့လာနေသည့် နေရောင်ခြည်များကို လှမ်းကြည့်နေစဉ် ကျေးငှက်သံများကို တောင်အောက်ဘက်က ကြားလာရပြန်သည်။ ဥသြငှက်တကောင်ရဲ့ ကြေကွဲဆို့နင့်သည့် အော်မြည်သံက တဖြည်းဖြည်း ဝေးသွားနေ၏။ ချက်ချင်းဆိုသလို အိပ်တန်းဆင်းငှက် အသံများကို ကြားရသည်။ ကျေးငှက်သံများက တောင်ခြေမှလည်းကောင်း၊ တောင်၏ ခါးလည်လောက်ဆီမှလည်းကောင်း နေရာအနှံ့ ကြားရသည်။
ကျေးငှက်အသံများကို နားထောင်နေစဉ် ကျနော့်ရှေ့၌ သဘာဝပန်းချီကားချပ်ကြီးတခု ဘွားကနဲ ရောက်လာခဲ့၏။ တောင်အောက်က သစ်ပင်တောတန်းများ၊ ကွင်းများကို လှမ်းမြင်နေရသည်မှာ ဆန်းသစ်လတ်ဆတ်လွန်းသည့် မြင်ကွင်း ဖြစ်နေသည်။
“ကိုငြိမ်းဝေ … ကျနော်တို့ အောက်ကို ပြန်ဆင်းမယ်။ ဘယ်လိုလဲ အခြေအနေကောင်းတယ်မို့လား↔
အသံလာရာကို မော့ကြည့်တော့ ပဒိုလာဘတို့ ဇနီးမောင်နှံကို တွေ့ရသည်။ သူတို့နှစ်ယောက်စလုံး တောင်ပေါ်မှ ကုတ်တွယ်ပြီး ဆင်းလာနေကြ၏။ ချက်ချင်းဆိုသလို ကျနော်က ကျောပိုးအိတ်ကို ကောက်လွယ်လိုက်သည်။ တောင်အောက်ကို ပြန်ဆင်းရန် နေရာရွေးသည်။ ထိုစဉ်မှာပင် ကျနော့်ကို အဆင်သင့် မော့ကြည့်နေကြသည့် ကျောက်စွန်းကျောက်ချွန်များကို တောင်အောက်၌ ကျနော် တွေ့လိုက်ရ၏။ ကျနော် တုန်လှုပ်သွားရသည်။ ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားသဖြင့် လိမ့်ကျမသွားရန် ထိန်းလိုက်ရ၏။ ယခုမှပင် ကျနော့်မှာ ဇောချွေးများ ပြန်တော့သည်။ သို့သော် မဆင်းဘဲ နေလို့ကလည်း မဖြစ်။ ထို့ကြောင့် ကျနော် တောင်အောက်ကို စွန့်စားခြင်းကြီးစွာဖြင့် ဆင်းရချေတော့သည်။
(ဂ)
“ကျနော်တို့ မနက်ဖြန်ကျမှ ဥက္ကဋ္ဌနဲ့ သွားတွေ့လို့ရမယ်၊ ဒီကနေ့ ဆက်သားမလာနိုင်သေးဘူးတဲ့၊ ဒီတော့ ကျနော်ကတော့ တောင်ပေါ်ပြန်တက်ပြီးအိပ်မယ်၊ ခင်ဗျားကောဘယ်လိုလဲ၊ အပေါ်တက်ပြီး အိပ်မလား၊ ဒါမှမဟုတ် တောင်အောက်မှာပဲ ဖထီးနဲ့ အတူအိပ်နေခဲ့မလား၊ ဖထီးက အပေါ်မလိုက်တော့ဘူး၊ သြော် ပြီးတော့ ခင်ဗျားကိုလည်း နှုတ်ဆက်တဲ့အကြောင်း ဒီကနေ့ မခေါ်နိုင်တာကို တောင်းပန်တဲ့အကြောင်း ပြောပေးပါလို့ ဥက္ကဋ္ဌကြီးက ပြောပါတယ်”
အစပထမတော့ ကျနော်က မည်သို့မျှ မဆုံးဖြတ်နိုင်အောင် ဖြစ်နေသေးသည်။ သို့သော် တောင်ပေါ်ပြန်တက်ရမည့် အရေးကိုမူ မတွေးရဲတော့။ တောင်အောက်တွင် ဖထီးနှင့်အတူသာ ညအိပ်တော့မည်ဟု ဆုံးဖြတ်လိုက်ရ၏။ လုံခြုံမှုအခြေအနေက သိပ်မကောင်းဟု ယူဆရသော်လည်း တောင်ပေါ်တက်ရမည့်အရေးက ပိုပြီး မတွေးရဲတော့သည်မို့ တောင်အောက်တွင်သာ ပုန်းအောင်းအိပ်စက်ရန် ဆုံးဖြတ်လိုက်ရ၏။
ကျနော်တို့လူသိုက် တောင်အောက်ကို ပြန်ရောက်တော့ မနက် ၈ နာရီပင် ထိုးလုနီးနေပြီ။ တောင်ခြေတောစပ်တွင်ပင် ဟန်းကောချိုင့်ထဲ ဆန်ထည့်ပြီး ထမင်းချက်စားကြ၏။ ကင်ပွန်းချဉ်ရွက်များ လိုက်ခူးကာ ပဒိုလာဘထံမှ ပုဇွန်ခြောက် လက်တဆုပ်စာခပ်ပြီး ဟင်းချက်ကြ၏။ ထိုဟင်းထိုထမင်းနှင့်ပင် မနက်စာ၊ ညစာ စားလိုက်ကြ၏။ ထို့နောက် တနေကုန်သည်အထိ ဥက္ကဋ္ဌ ပဒိုသာထူးကျော်ထံမှ သတင်းကို စောင့်ကြသည်။ ညနေပိုင်းရောက်တော့ ပဒိုသာထူးကျော်ထံမှ စက်သတင်းရခဲ့၏။ ကျနော်တို့တတွေ နောက်ထပ်တည စောင့်ရဦးမည်ဟု သိရသည်။
တောင်ခြေတောအုပ်အတွင်း တနေကုန်စောင့်နေကြစဉ် စမ်းချောင်းကလေးတခုဘေး၌ ကျနော်တို့တတွေ လဲလျောင်းအနားယူနိုင်ခဲ့ကြသည်။ ကျနော်ကသာ အပူအပင်မဲ့စွာ နားနေခဲ့သည့်တိုင် ပဒိုလာဘနှင့် ကရင်အမျိုးသားကြီးတို့ကမူ အေးဆေးစွာ အနားမယူနိုင်ကြ။ ပဒိုလာဘက နာရီဝက်တကြိမ် လမ်းလျှောက်စကားပြောစက်ကို ဖွင့်ကာ အလုပ်ရှုပ်လျက်ရှိခဲ့၏။ ကရင်အမျိုးသားကြီးက တောအုပ်ထဲက ထွက်သွားလိုက် ပြန်ရောက်လာလိုက်လုပ်နေသည်။ ပတ်ဝန်းကျင်ကို အမြဲလိုက်လံ အကဲခတ်နေခြင်းဖြစ်သည်ဟု ပဒိုလာဘက ပြောခဲ့သည်။
ပဒိုလာဘတို့ ဇနီးမောင်နှံနှစ်ယောက် တောင်ပေါ်တက်သွားတော့ ကျနော်နှင့် ကရင်အမျိုးသားကြီးဖထီးက ညအိပ်ရန်နေရာ ရှာရတော့သည်။ ဖထီးက ကျနော့်ရှေ့မှ ခေါင်းဆောင်ကာ ကျောက်တောင်ကြီး၏ ဘယ်ဘက်ခြမ်းဘက် ထွက်သည်။ ရှေ့က ဦးဆောင်ပြီး သွားလာနေပုံကို ကြည့်ကာ သူ့ကို ယခင်ကတည်းက သည်နေရာတဝိုက်တွင် သွားလာကျင်လည်ဖူးသူဟု ကျနော် သိလိုက်၏။ တမိနစ်၊ နှစ်မိနစ်ခန့်အကြာတွင် ကျနော်တို့နှစ်ယောက် ကျောက်တောင် မမြင့်တမြင့်ပေါ် တက်လာခဲ့ကြ၏။ တနေရာတွင် လူတယောက်သာ ခါးစောင်းပြီး ဝင်လို့ရသည့် ကျောက်ဆောင်နှစ်ခုကြား ဝင်လိုက်ကြ၏။
ဖထီးက သစ်ကိုင်းတချို့ ကိုယူကာ ကျောက်ဆောင်နှစ်ခုကြားချထားလိုက်၏။ လူဝင်ပေါက်ကို ပိတ်ဆို့လိုက်သည့် သဘောပင်ဖြစ်သည်။ ရှေ့ဆက်ပြီး ဝါးတရိုက်ခန့် လျှောက်လာတော့ ကျောက်ဂူတခုကိုတွေ့ရသည်။ ကျောက်ဂူမှာ အလင်းရောင် ကောင်းစွာရလျက် လှိုင်ခေါင်းသဘော မဟုတ်ဘဲ တဲတလုံးသာသာ ခွက်ဝင်နေသည့် ကျောက်ဂူဖြစ်သည်။ ထိုကျောက်ဂူတွင် ကျနော်တို့နှစ်ယောက် ညအိပ်ရန် ပြင်ဆင်ကြသည်။
နေရာထိုင်ခင်းပြင်နေစဉ် ကျနော်က ဖထီး၏ ခြေထောက်များဆီ မျက်စိရောက်သွားသည်။ တချက်မျှ ကျနော် ငိုင်သွားသည်။ ဖထီးရဲ့ ခြေအစုံကို စက္ကန့်အနည်းငယ်မျှ ကြည့်နေမိသည်။ ဖိနပ်စီးမထားသည့် သည်ခြေထောက်များဖြင့် ဖထီးတယောက် ဘယ်လိုလုပ်ပြီးများ ကျောက်တောင်ပေါ် တက်ခဲ့ပါလိမ့်ဟုတွေးကာ ကျနော် အံ့သြသွားရသည်။
ဖထီးက သူ့သေနတ်ကို ကျနော်နှင့် သူ၏ ကြားတွင် ချထားလိုက်၏။ “သေနတ်ပစ်တတ်သလား↔ဟု ကျနော့်ကို မေး၏။ ကျနော်က မပစ်တတ်သေးဘူးဟုသာ ဖြေလိုက်သည်။ အမှန်စင်စစ် ကျနော်က သေနတ်တချက်တော့ ပစ်ဖူး၏။ သို့သော် ဖထီးကိုင်သည့် အေကေ ၄၇ မောင်းပြန်သေနတ်မဟုတ်။ အမ် ၁၆ အမေရိကန် မောင်းပြန်သေနတ်ကိုသာ ပစ်ဖူး၏။ ထို့ကြောင့် မပစ်ဖူးသေးပါဟူ၍သာ ကျနော် ဖြေလိုက်သည်။
ညမအိပ်ခင် ဖထီးကို ကင်းတလှည့်စီ စောင့်ကြရင် ကောင်းမလားဟု တိုင်ပင်ရန် စဉ်းစားသေးသည်။ ဖထီးကမူ အပူအပင်မရှိဟန် ဖြစ်နေသဖြင့် ထုတ်မပြောဖြစ်တော့ဘဲ သတိဝီရိယနှင့်သာ အိပ်ရန် ဆုံးဖြတ်လိုက်ရ၏။
တတောတတောင်လုံး အိပ်တန်းတက်ငှက်သံများ ဆူညံနေစဉ် ကျနော်နှင့် ဖထီး အိပ်ယာဝင်ကြသည်။ ကျနော်က အိပ်ယာထဲ လဲလျောင်းနေစဉ် တပ်မဟာ ၁ ခရီးစဉ်၏ မေ့လို့မရသည့် အတွေ့အကြုံတချို့ကို ပြန်တွေးနေမိသည်။ ထိုအထဲတွင် မနေ့ညနေက ကျောက်တောင်ပေါ် တက်ပြေးခဲ့ရသည့် အတွေ့အကြုံက ထူးခြားသည်။
ကျနော်က ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်တဦးအနေနှင့် အသံလွှင့်သတင်းဆောင်းပါးများ ရေးရန် ကွင်းဆင်းလာစဉ် သတင်းအချက်အလက်များထက် သဘာဝပတ်ဝန်းကျင်အပေါ် ပိုပြီး သာယာနစ်မျောနေခဲ့မိသည်ဟု ကိုယ့်ကိုယ်ကို သုံးသပ်မိသည်။ ဥပမာ - သည်ကနေ့ မနက်က ကျနော်သည် နေထွက်လာခြင်းကို တောင်ထိပ်ပေါ်မှတဆင့် တရှိုက်မက်မက် စောင့်ကြည့်နေခဲ့ပြီးပြီ။
ကျနော် သွားရောက်ရန်ရှိသည့် ဒေသကြီးမှာ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဖာပွန်မြို့နယ်များအတွင်း ဖြစ်သည်။ တချို့ဒေသများကို ကေအင်ဒီအို တပ်ခွဲမှူး ဗိုလ်သိန်းစိုးက တာဝန်ယူလိုက်ပို့မည်ဖြစ်ပြီး၊ ကျန်တချို့နေရာများကိုမူ တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် ကျော်လင်းက စီစဉ်ပေးမည်ဟု ကတိရထားသည်။ ယခုခရီးစဉ်သည်ပင် တပ်မဟာမှူး၏ စီစဉ်ပေးမှုဖြင့် ခရီးထွက်လာခြင်း ဖြစ်သည်။ မနေ့တုန်းကမူ ကျနော်က ဖားအံမြို့နယ် အတွင်းရေးမှူးနှင့် တွေ့ဆုံကာ မြို့နယ်ဥက္ကဋ္ဌနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့၏။ လမ်းလျှောက်စကားပြောစက်မှတဆင့် ဥက္ကဋ္ဌ ပဒိုသာထူးကျော်နှင့် ဆက်သွယ်ခဲ့ကြ၏။ သဘောတူညီချက် ရသောကြောင့် ကျနော်တို့လူသိုက် မိဆိုင်းတောင်ခြေသို့ ရောက်လာခဲ့ကြ၏။
ခရီးစဉ်အရဆိုလျှင် နောက်ထပ်ပြီး အနည်းဆုံး ၂ လမျှ ခရီးထွက်ရန် ကျန်နေသေးသည်။ ရှေ့ဆက်ပြီး ကြုံတွေ့ ရနိုင်ဖွယ်ရှိသည့် အတွေ့အကြုံများကို တွေးကာ ကျနော် ရင်ခုန်နေမိသည်။
No comments:
Post a Comment