Tuesday, July 6, 2010

သကြားတပုဂံ၊ ဓာတ်ဗူးတလုံးနှင့် ဖြာတချပ်

ငြိမ်းဝေ

(က)

ကျနော်တို့လူသိုက်ကို ရွှေကွယ်ရွာသူကြီးကိုယ်တိုင် ရွာပြင်ထွက် ကြိုခဲ့သည်။ ကျနော်တို့နှင့်အတူ လိုက်ပါလာသည့် တလိုင်း ကရင်ရွာသူကြီး ဦးအောင်က လမ်းလျှောက်စကားပြောစက်မှတဆင့် ရွှေကွယ်ရွာသူကြီးထံ ကြိုတင်အကြောင်းကြားခဲ့သဖြင့် အခုလို ရွာပြင်ထွက်ပြီး ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် မာနယ်ပလော ဗဟိုဌာနချုပ် အသံလွှင့်ဌာနမှ သတင်းထောက်တဦးလည်း လိုက်ပါလာသည်ဆိုသည့် သတင်းကြောင့် အခုလို ရွာသူကြီးကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ခြင်း ဖြစ်တန်ရာသည်ဟု ကျနော် တွေးမိသည်။

ကျနော်တို့လူသိုက် ရိုးတခုအကျော် သစ်ပင်တောတန်းတခုအတွင်း ဝင်လိုက်စဉ် လူ ၃ ဦးကို တွေ့ရ၏။ တဦးက အရပ်ပုပု။ မဲညစ်ဟောင်းနွမ်းလျက် ရှိပြီဖြစ်သော တဘက်ဖြူတထည်ကို ခေါင်းတွင် ပတ်ထား၏။ ပုဆိုးစက ဒူးဆစ်အထိတက်လျက်။ ခါးပုံစက အပြင်ကို တံတောင်သာသာ ကျလျက်။ ပါးစပ်က ကွမ်းကို ပါးလုပ်ပါးလောင်း ဝါးလျက်။ စွပ်ကျယ်လက်ပြတ် အသစ်ချပ်ချွတ်ကို ကိုယ်ကျပ်ဝတ်လျက်။ ရွှေကွယ်ရွာသူကြီး၏ ရုပ်ပုံလွှာမှာ သိသာထင်ရှားလွန်းသည်။ သူ့နောက်တွင် ရပ်နေသူ ၂ ဦးက အရပ်မြင့်မြင့်။ အဝတ်အစားညှိုးနွမ်းလျက်။

ကျနော်တို့လူသိုက်ကို တွေ့တော့ ရွှေကွယ်ရွာသူကြီးက ကရင်လို ပြောဆိုနှုတ်ဆက်သည်။ သူစကားပြောတော့ စကားထစ်သူဖြစ်သည်ကို တွေ့ရသည်။ ကျနော့်ကိုမူ အကဲခတ်သလို မကြာခဏ ကြည့်နေ၏။ ကျနော်တို့အထဲက တလိုင်း ကရင်ရွာသူကြီး ဦးအောင်နှင့် ကရင်လို တခွန်းနှစ်ခွန်းပြောပြီး ကျနော်တို့လူသိုက်ကို သူကပဲ ဦးဆောင်ကာ ရွာဘက်ကို ထွက်သည်။ (တလိုင်း ကရင်ရွာသူကြီး ဦးအောင်မှာ လွန်ခဲ့သည့် တပတ်ကမှ သူ့ရွာတွင် တပ်စွဲထားသည့် နအဖ စစ်တပ်ရန်ကို ကြောက်ပြီး ကျနော်တို့နှင့်အတူ တောထဲတွင် ယာယီလာရောက်နေရသူ ဖြစ်သည်။)

“ကျုပ်နံမည် ရွာချစ်၊ ရွာ .. ရွာ .. ရွာဟိတ်မဟုတ်ဘူးနော်။ ရွာ .. ရွာချစ်။ ရွာက ကျုပ်ကိုချစ်လို့ ကျုပ် .. ကျုပ်နာမည် ရွာ .. ရွာချစ်လို့ ခေါ်တာ↔

သူက ရွှေကွယ်ရွာသူကြီး၏ စကားသံကို နားထောင်ကာ မသိမသာ ပြုံးမိသည်။ ဦးရွာချစ်ပြောသည့် “ရွာဟိတ်↔ဆိုသူမှာ ကရင်အမျိုးသားအစည်းအရုံး ဘူးသိုခရိုင် ဥက္ကဋ္ဌ ဗိုလ်မှူးရွာဟိတ်ကို ဆိုလိုခြင်း ဖြစ်သည်။ (ဘူးသိုခရိုင်ဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံးက သတ်မှတ်ခေါ်ဝေါ်သည့် နယ်မြေအခေါ်အဝေါ် ဖြစ်သည်။ ဖားအံမြို့နယ် ဖာပွန်နှင့် သထုံ ဘီးလင်းမြို့နယ်များကို စုစည်းခေါ်ဝေါ်ခြင်း ဖြစ်သည်။) ရွှေကွယ်ရွာသူကြီးက စကားထစ်လွန်းသဖြင့် ကျနော့်မှာ မနည်း နားထောင်နေရ၏။ ကျနော်က သူနှင့် စကားပြောချင်သော်လည်း သူက စကားထစ်လွန်းသဖြင့် အားနာကာ သူပြောသမျှ အလိုက်အထိုက် လိုက်ပြီးမှသာ စကားပြောနေရ၏။ သူကမူ ကျနော်နှင့်သာ စကားပြောချင်နေပုံရ၏။ ကျနော်နှင့် ဘေးချင်းကပ် လမ်းလျှောက်ရင်း အိမ်ခြေ ၅၀ ကျော်ရှိသည့် သူ့ရွာကလေးအကြောင်း ပြောပြလာခဲ့၏။
“ကျ .. ကျနော့်ရွာက မှောင် ... မှောင် .. မှောင်ခို နွား .. နွားလမ်းကြောင်း ကျ .. ကျလို့ ဒီနားတဝိုက်မှာ စီး .. စီး .. စီးပွားရေး အ .. အ .. အကောင်းဆုံးပဲ။ လှည်းလှည်း .. လှည်း ၃ စီးတောင် ရှိ .. ရှိတယ်။ ဈေးဆိုင် ၃ ဆိုင်လောက်ရှိ ရှိတယ်↔

ရွှေကွယ်ရွာသူကြီး ပြောသည့်အတိုင်း မှန်ကန်သည်ကိုမူ လက်တွေ့ ကျနော် တွေ့ခဲ့ရ၏။ သူကြီးခေါင်းဆောင်သည့် ကျနော်တို့လူအုပ် ရွာလည်လမ်းအတိုင်း လျှောက်လာနေစဉ် တနေရာအရောက်၌ လမ်ဘေးဈေးဆိုင် ၃ ဆိုင်ကို တန်းစီလျက် တွေ့ရ၏။ စလူဖက်မိုး၊ လူတရပ် မလွတ်တလွတ် တဲကလေး ၃ လုံး တန်းစီလျက်။ တဲပေါက်ဝတွင် မာမားထုပ်များ၊ ကော်ဖီမစ်ထုပ်များ၊ တခြား ကလေးစားစရာ မုန့်ပဲသရေစာများ တွဲလျက်ချိပ်လျက်။ ကျနော်က ကျနော်တို့လူအုပ်ရှေ့မှ ခေါင်းမော့ခြေဖျားထောက်ကာ လမ်းလျှောက်သွားနေသည့် သူကြီး ဦးရွာချစ်ကို မသိမသာအပြုံးနှင့် ကြည့်မိသည်။ တကယ်တော့လည်း သူပြောသည့် စကားမှာ မှန်သင့်သလောက်တော့ မှန်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤဒေသကြီးတဝိုက်တွင် အများအားဖြင့် အိမ်ခြေဦးရေ ၄-၅၀ ရှိသည့် ကျေးရွာများသာ ရှိသည်။ တောင်ယာနှင့် အမဲလိုက်ခြင်း လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းကြရ၏။ ထို့ကြောင့် ဦးရွာချစ် ပြောသလို သူ၏ ရွာက စီးပွားရေး အကောင်းဆုံးရွာ ဖြစ်သည်ဆိုသည့် အချက်မှာ မှန်ကန်ကောင်း မှန်ကန်လိမ့်မည်ဟု ကျနော် တွေးမိသည်။

ရွာလည် တနေရာအရောက်တွင် မြင့်မားအုပ်ဆိုင်းနေသည့် ကုက္ကိုပင်ကြီးတပင်အောက်သို့ ရောက်လာခဲ့ကြ၏။ ကုက္ကိုပင်အောက် ဤနေရာကွက်လပ်တွင်ပင် အရိုးကောက်ပွဲကျင်းပရန် စီစဉ်ထားသည်မှာ သိသာသည်။ ကုက္ကိုပင် အရိပ်အောက်တွင် မြေကြီးပေါ် ထုံးဖြူးပြီး စက်ဝိုင်းတခု ဆွဲထား၏။ သည်စက်ဝိုင်းမှာ လက်ဝှေ့ကြိုးဝိုင်းအဖြစ် ရာထားသည့် စက်ဝိုင်းဟု သိရ၏။ ဆိုင်းဝိုင်းအဖွဲ့ကို ရွာမှ လှည်းနှင့် သွားကြိုနေဆဲ။ ကွက်လပ်ဘေးတွင် အလောင်းစင်တခုကို ဝါးငုတ် ၄ ခုပေါ် တင်ထား၏။ အလောင်းစင်ထက်က ခေါင်းတခုပေါ်တွင် ငှက်ပျောသီး အုံးသီးပွဲတခု ပြင်ထား၏။ ရွာသူရွာသားတချို့က သစ်ပင်ရိပ်အောက်တွင် ခလေးတွဲလောင်း ခွေးတွဲလောင်းနှင့် အေးအေးလူလူ ထိုင်နေကြ၏။

“လာ .. ဆရာကြီး အသုဘအိမ်မှာ ထမင်းသွားစားကြမယ်။ ပြီးမှ ဒီနေရာ ပြန်လာကြမယ်↔

ကွင်းထဲက ထွက်လာသည့် ကျနော်တို့လူသိုက်ကို ရွာသားတွေက လှမ်းကြည့်နေကြ၏။

(ခ)

ဆိုင်းသံဗုံသံများ ဆူညံနေစဉ် ကျနော်က အသံဖမ်းစက်နှင့် ကင်မရာကိုထုတ်ကာ မိမိ၏ အလုပ်ကို လုပ်ရန် ပြင်ဆင်၏။ အသံဖမ်းစက်ကို ဖြာပေါ်တွင်ချကာ အသံဖမ်းခလုပ်ကို ဖွင့်ထားလိုက်သည်။ ခရီးမထွက်မီက ဒီမိုကရက်တစ် မြန်မာ့အသံ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပဒိုကလိုထူး စွန့်ကြဲလိုက်သည့် မိသားစု အပျော်ရိုက်ကင်မရာလေးကို ကျောပိုးအိတ်ထဲက ဟန်ပါပါ ထုတ်လိုက်၏။ ထိုစဉ်အခိုက်တွင် ကျနော်၏ လှုပ်ရှားမှုအဝဝကို မျက်ခြေမပြတ် စောင့်ကြည့်နေကြမည့် ရွှေကွယ်ရွာသားများကို ကျနော် မော့မကြည့်ဘဲ သိနေသည်။ အထူးသဖြင့် ကျနော့်ဘေးတွင် ကပ်ထိုင်နေသည့် ရွှေကွယ်ရွာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူက ကျနော့်ကို အသေအချာ လိုက်ကြည့်နေသည်ကို သိသာစွာ သတိထားမိသည်။ မာနယ်ပလောဌာနချုပ်မှ ရောက်လာသည့် အသံလွှင့်ဌာန သတင်းထောက်ကြီးတဦး၏ ပစ္စည်းကိရိယာများကို သူတို့အားလုံး အာရုံကျနေကြခြင်း ဖြစ်သည်။

“သူကြီးကောဗျ .. ဘယ်ရောက်သွားတာလဲ။ ဟို .. ဟို လုံခြုံရေးကိစ္စ သေသေချာချာ လုပ်ထားရဲ့လား။ ကင်းတွေဘာတွေ ချတာကော လုပ်ထားရဲ့လား။ အခုနက ထပ်ပြီး သတိပေးမလို့ဟာ။ သူကြီး ဘယ်ရောက်သွားလဲဗျ↔

ပြည်သူ့စစ်ခေါင်းဆောင်လုပ်သူက ကျနော်နှင့်အတူ ဘေးဘီကို လိုက်ကြည့်သည်။ ထုံးဖြူးပြီး စည်းတားထားသည့် စက်ဝိုင်းကွက်လပ်ဘေးတွင် လူတွေ စုပြုံပြီး နေရာယူထားကြ၏။ ကျနော်နှင့် ဝါးတရိုက်အကွာလောက်တွင် ပတ်လုံးခြောက်ဆိုင်းဝိုင်း ရှိနေသည်။ လူတချို့က ကျနော်နှင့် နီးကပ်သည့် ကွက်လပ်တွင် တိုးဝင်နေရာယူကြ၏။

ကျကျနန ခင်းထားသည့် သင်ဖျူးဖျာတချပ်ပေါ်တွင် ကျနော် ထိုင်သည်။ ကျနော့်ဘေးနားသို့ လူတွေ ကပ်မထိုင်ရန် ရွာသားလူငယ် ၃ ဦးလောက်က တုတ်ကိုယ်စီကိုင်ပြီး တားထား၏။ ကျနော့်နေရာမှာ သီးသန့်ပွဲကြည့်စင် သဘောဖြစ်နေသည်။ ကျနော့်ရှေ့တွင် ဓာတ်ဗူးတလုံး၊ ဇွန်းတပ်ထားသည့် သကြားတပုဂံ၊ အကြမ်းပုဂံလုံး ၂ လုံး ချထား၏။ ကျနော်က မြို့ပြနှင့် ဝေးလှသည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအလိုက်ပြုလုပ်သည့် အသုဘ အခမ်းအနားတခု (ဒေသ အခေါ်အဝေါ် အရိုးကောက်ပွဲ) ကို မှတ်တမ်းယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“လုပ်ထားပါတယ်၊ သူကြီးနဲ့ ကျနော် တိုင်ပင်ပြီး ကင်းချထားပြီးမှ သူကြီးက ရွာထဲ ခဏပြန်သွားတာပါ။ ဘာမှ မစိုးရိမ်နဲ့ ဆရာကြီး ဒီကောင်တွေ ဒီနေရာကို သိပ်ပြီး လာလေ့လာထ မရှိဘူး။ စိတ်ချလက်ချသာ လုပ်ပါ ↔

ထိုအခါကျမှသာ ပြည်သူ့စစ်ခေါင်းဆောင်၏ မျက်နှာကို ကျနော် ကြည့်မိသည်။ ပေါင်ဒါလိုလို၊ သနပ်ခါးလိုလို လိမ်းကျံထားသည့် သူ့မျက်နှာပေါ်တွင် အဖြူကွက်များ ထင်ထင်ရှားရှား တွေ့နေရ၏။ ကွင်းဘေးတွင် တိုးခွေ့ပြီး ရပ်နေကြသူ လူအတော်များများမှာ မျက်နှာတွင် ပေါင်ဒါများ လိမ်းချယ်ထားကြသည်ကို တွေ့ရ၏။

“လက်ဝှေ့ပွဲက ဘယ်တော့ စမှာလဲ။ အခုပဲ ၉ နာရီ ထိုးပြီ↔

ဆိုင်းသံဗုံသံများကြောင့် ကျနော်က ပြည်သူ့စစ်ခေါင်းဆောင်ကို အသံမြှင့်ပြီး ပြောနေရ၏။ ဆိုင်းသမားတွေကလည်း ဆိုင်းသံကို မြှင့်သထက်မြှင့်ပြီး တီးနေကြသည်ဟု ထင်ရ၏။ အထူးသဖြင့် ဗိန်းမောင်းတိုက်တီးသံမှာ တရွာလုံးကို လွှမ်းမိုးသွားနေ၏။

“ဟော … ပြောရင်းဆိုရင်း လာကုန်ပြီ ဆရာကြီး။ ရှေ့ဆုံးက အဖိုးကြီးက ဒိုင်လူကြီးပဲ။ သူက အရင်တုန်းက လက်ဝှေ့သမားကြီးပဲ။ ဒီနယ်တဝိုက်မှာ သူ့ကို မီတဲ့ လက်ဝှေ့သမား အခုထက်ထိ မရှိသေးဘူး။ သူက ဖားအံအထိ တက်ထိုးခဲ့ဖူးတယ်။ ဆုလည်း ရတယ်↔

သစ်ပင်အောက်ကွက်လပ်ထဲသို့ လူ ၁၀ ဦးခန့် ဝင်လာသည်။ လူတွေ လက်ခုပ်လက်ဝါးတီးပြီး အားပေးလိုက်ကြ၏။ ရှေ့ဆုံးက အသက် ၅၀ ခန့်အရွယ် ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်ပုံရသည့် ပုဂ္ဂိုလ်က ကွက်လပ်အလည်တွင် ရပ်သည်။ အပေါ်က ပုဆိုးချွတ်သည်။ အောက်က ဘောင်းဘီပွပွကြီးကို ပေါင်တဖက် အနည်းငယ် လိပ်တင်သည်။ လက်ခမောင်း တဖြောင်းဖြောင်း ခတ်သည်။ ဆိုင်းသမားတွေဘက်သို့ လက်တဖက်မြှောက်ပြီး ဆိုင်းတီးရပ်ခိုင်းသည်။ ထို့နောက် ဆိုင်းမဆင့်ဗုံမဆင့် လက်ဝှေ့ထိုးသတ်မည့်သူ ၂ ဦး၏ အမည်ကို အော်ခေါ်လိုက်သည်။ စည်းဝိုင်းထဲက လူတွေ အပြင်ထွက်သွားတော့ အသက် ၁၂ နှစ်၊ ၁၃ နှစ်သာသာ လူငယ် ၂ ဦး စည်းဝိုင်းထဲတွင် ကျန်နေရစ်ခဲ့သည်။ ၂ ဦးစလုံး မျက်နှာတွင် ပေါင်ဒါများ ဖွေးဖွေးဖြူလျက်။ ၂ ဦးစလုံး ခါးတောင်းမြှောင်အောင် ကျိုက်လျက်။ မည်သူမျှ အင်္ကျီဝတ်ထားခြင်း မရှိ။ ကျနော်က အရိုးပြိုင်းပြိုင်းနှင့် လူမမာရုပ်ပေါက်နေသော လက်ဝှေ့သမား လူငယ်လေး ၂ ဦးကို ကြည့်ကာ စိတ်မချမ်းမသာ ဖြစ်နေမိသည်။ သူတို့ တကယ် လက်ဝှေ့ထိုးသတ်ကြမှာလား။ ထိုးကော ထိုးနိုင်ကြပါ့မလား။

ဒိုင်လူကြီးက လက်ဝှေ့သမား ၂ ဦးကို မျက်နှာချင်းဆိုင်စေပြီး တစုံတရာ ပြော၏။ ဆိုင်းသံကြောင့် ဘာတွေပြောနေသည်ကိုမူ မသိနိုင်။ ထို့နောက် ဆိုင်းသံက ရုတ်တရက် ပိုမိုဆူညံမြည်ဟိန်းလိုက်စဉ် လက်ဝှေ့သမားများလည်း စတင်ထိုးသတ်ကြတော့၏။ လက်ခုပ်သြဘာပေးသံ ညာသံများကြားတွင် လက်ဝှေ့သမားများ သူတပြန်ကိုယ်တပြန် ထိုးသတ်နေကြ၏။ ကျနော်က အသံဖမ်းစက်ကလေးကို ငုံ့ကြည့်ရင်း သေသေချာချာ အသံဖမ်းမိ မမိကို စစ်ဆေးရပြန်သည်။ လက်ဝှေ့သမား ၂ ဦး ရင်ဆိုင်ထိုးသတ်နေစဉ် အချိန်ကိုက် ဓာတ်ပုံရိုက်နိုင်ရန် ကင်မရာကိုလည်း အသင့်ချိန်ထားလိုက်၏။

“ပယော် ပယော် ပယော်↔

ပွဲကြည့်ပရိသတ်မှာ ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်ကြ၏။ ဘယ်သူက စပြီး အော်လိုက်သည်မသိ၊ အားလုံးလိုလို ဝူးဝူးဝါးဝါး အော်ဟစ်ကာ သစ်ပင်ရိပ်အောက်မှ တဝုန်းဝုန်း ထပြေးကြတော့၏။ ကျနော်က ကင်မရာကိုကိုင်ရင်း ကြက်သေသေပြီး ရပ်နေမိသည်။ လူတွေက အရပ်မျက်နှာ တဖက်ထဲသို့ မပြေးဘဲ ဥဒဟို နေရာအနှံ့ ထပြေးနေကြ၏။ ထိုစဉ်မှာပင် ကျနော့်ဘေးက ပြည်သူ့စစ်ခေါင်းဆောင်က ခါးတွင် ပတ်ထားသည့် ပုဆိုးအပိုကို ဆွဲဖြုတ်ကာ ကျနော့်ရှေ့သို့ ဖြန့်ခင်းချလိုက်၏။ ဆိုင်းသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အော်သံဟစ်သံများသာ ဆူဆူညံနေတော့၏။

“ဆရာကြီး ပစ္စည်းတွေ ဒီမှာထည့်၊ ဆရာကြီးပစ္စည်းတွေ ဒီမှာထည့်၊ ကျနော့်နောက်ကသာ လိုက်ပြီးပြေး↔

ကျနော်က ကင်မရာနှင့် အသံဖမ်းစက်ကို ရှေ့တွင် ဖြန့်ချလိုက်သည့် ပုဆိုးထဲပစ် ထည့်လိုက်၏။ ပြည်သူ့စစ်ခေါင်းဆောင်က ခင်းထားသည့် ပုဆိုးကို ဆွဲစုကာ လူအုပ်နှင့်ရောပြီး ပြေး၏။ ကျနော်ကလည်း သူ့ပုဆိုးစကို ဆွဲမထားရုံတမယ် သူ့နောက်မှ ကပ်ပြီး ပြေးလိုက်ရ၏။ ၁၅ ကိုက်မျှ ပြေးပြီးကာမှ ပြည်သူ့စစ်ခေါင်းဆောင်က ဘာစိတ်ကူးပေါက်သည်မသိ၊ နောက်သို့ တဖန်ပြန်လှည့်ပြီး ပြေးပြန်၏။ ကျနော်ကလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ရပြန်၏။ ကျနော့်မှာ နားထဲတွင် သေနတ်သံများ ကြားလာလေမလားစိတ်နှင့် ပြေးရင်းလွှားရင်း နားစွင့်ထားမိ၏။ သို့သော် အော်သံဟစ်သံ ခွေးဟောင်သံများသာ ကြားနေရ၏။ ပြေးသာပြေးနေရသော်လည်း ဘေးဘီကို လှည့်မကြည့်အား။ ကိုယ်မကျွမ်းကျင်သည့် ဒေသဖြစ်သည်မို့ ရှေ့က ပြေးနေသည့် ပြည်သူ့စစ်ခေါင်းဆောင်ကိုသာ မျက်ခြေမပြတ်ကြည့်ရင်း ပြေးလိုက်နေရ၏။ ဘယ်နေရာက ထပြီး သေနတ်ပေါက်လေမလဲဆိုပြီး ပြေးရင်းလည်း နားစွင့်ထားရ၏။

နီးစပ်ရာတောထဲသို့ ကျနော်တို့ တိုးဝင်လာခဲ့ကြသည်။ တောင်ပေါ်တက်သည့် လမ်းအတိုင်း တက်လာခဲ့ကြသည်။ ကျနော်တို့နှင့်အတူ ပြေးလိုက်လာသူများနှင့်ပင် ဝေးလာခဲ့၏။ တနေရာအရောက်တွင် ကုန်းမော့တခုကို မော့ပြီးအတက်၊ ကျနော်တို့ကို ငုံ့ပြီးကြည့်နေသည့် မျက်နှာပြင်တခုလုံး ပေါင်ဒါမှုန့်များ ဖွေးဖွေးဖြူနေသည့် ရွာသူကြီးဦးရွာချစ်နှင့် ရွာသားတချို့ ကုန်းထိပ်တွင် ရပ်နေသည်ကို တွေ့ရလေတော့သည်။

(ဂ)

“ဘာ .. ဘာ .. ဘာဖြစ် .. ဖြစ်ကြ ကြတာလဲဗျ↔

ကျနော်က မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အမောဖြေနေစဉ် သူကြီးဦးရွာချစ်က ကျနော့်ကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

“ဟင် .. မသိဘူးလေဗျာ၊ လူတွေအကုန်လုံး ထပြေးကြတာပဲဟာ။ ရန်သူလာလို့ ပြေးတာဖြစ်မှာပေါ့↔

“ဟုတ် .. ဟုတ် .. ဟုတ်ရဲ့လား။ ကျ .. ကျ .. ကျနော်တော့ ဘာ .. ဘာ .. ဘာမှ မ .. မတွေ့ခဲ့ပါ .. ပါဘူး↔

ကျနော်က သူကြီးကို နားမလည်သလို ကြည့်သည်။ ကျနော့်ဘေးတွင် အမောမပြေနိုင်သေးဘဲ ရပ်နေသည့် ပြည်သူ့စစ်ခေါင်းဆောင်ကို ကြည့်သည်။ သူတို့နှင့် စကားပြောရင်းက ပတ်ဝန်းကျင်ကို သတိထားမိသည်။ ကျနော်မှလွဲ၍ လူတွေအားလုံး ပေါင်ဒါများ ဖွေးဖွေးဖြူအောင် လိမ်းထားသည့် မျက်နှာကိုယ်စီနှင့်။ ချွေးစီးကြောင်းများက ပါးပြင်နှင့် နဖူးပြင်ပေါ်တွင် အထင်အရှား တွေ့နေရ၏။ ကျနော်က မကျေနပ်ချက်ကို ထုတ်ပြောမိသည်။

“ဒါဖြင့် သူကြီးကကော ဘာပြုလို့ ဒီကိုပြေးလာတာလဲ↔

“မ .. မ .. မသိဘူးလေ။ ကင်း .. ကင်းသမားတွေ .. တွေက ကျုပ် .. ကျုပ်ဘေးက ထ .. ထ .. ထပြေးတော့ ကျုပ် .. ကျုပ်လည်း လိုက်ပြေး .. ပြေးလာရ ရတာပေါ့↔

သူကြီးရဲ့ အဖြေက ကျနော့်အဖို့ ငိုရအခက် ရယ်ရအခက်။ ကျနော်က ဆောင့်ကြောင့်ထိုင်ရာက မြေကြီးပေါ် ခြေပစ်လက်ပစ် ဖင်ချထိုင်လိုက်ရတော့သည်။ သည်ကြားထဲ သူကြီးနှင့် သူ့ဘေးက ကင်းသမား ဖြစ်ဟန်တူသူ ရွာသားများရဲ့ မျက်နှာများကိုကြည့်ပြီး ကျနော့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။ သူတို့မျက်နှာများပေါ်က ပေါင်ဒါများမှာ ချွေးစီးကြောင်းများကြားမှ ဖွေးဖွေးဖြူလျက်။

“ရန်သူလာလို့ ရန်သူမြင်လို့တော့ မဟုတ်ဘူးနဲ့ တူတယ်။ ရန်သူလာတာဆိုရင် ပစ်ပြီခတ်ပြီပေါ့။ အခုဟာက တယောက်ယောက်က လန့်ပြီး အော်ရာက အကုန်လုံး ထွက်ပြေးကုန်တာပဲဖြစ်မယ်↔

ကျနော်ကတော့ ဘာမျှထပ်ပြီး ထင်ကြေးမပေးနိုင်တော့ပါ။ ရွာခံများကိုယ်တိုင်က အခုလို ထွက်ပြေးလာကြပြီမို့ ကျနော်သည်လည်း ထွက်ပြေးရုံမှတပါး အခြားမရှိတော့ဟု တွေးမိ၏။

“အခုမှတော့ ... မထူးဘူး။ အရိပ်အခြေ စောင့်ကြည့်ရဦးမယ် ထင်တယ်။ အတီးလည်း ပါလာတဲ့ ကင်းသမားနဲ့ ခဏ ဒီမှာ စောင့်နေအုံးပေါ့။ ဟော .. ဆရာကြီးနဲ့ အတူပါလာတဲ့ လူတွေတောင် ရောက်လာပြီ”

ကျနော်နှင့်အတူ ပြေးလာသည့် ပြည်သူ့စစ်ခေါင်းဆောင်က အောက်ဘက်ကို ငုံ့ကြည့်ရင်း ပြောလိုက်၏။ လူ ၁၀ ဦးခန့် ကုန်းပေါ်သို့ အမောတကော ရောက်လာကြပြန်သည်။ တလိုင်း ကရင်ရွာသူကြီးဦးအောင်က လူအုပ်ထဲမှ ထွက်ကာ ကျနော့်ကို ပြုံးပြ၏။

“ဆရာကြီးအတွက် စိတ်ပူနေတာ တော်ပါသေးရဲ့၊ ဒီအထိပါလာလို့။ ကျနော်တို့က ရွာထဲမှာပဲ ရှိနေသေးတာ။ ပွဲလန့်ပြီး သူများတွေပြေးမှ ကိုယ်လည်း လိုက်ပြေးရတာ။ ဘာဖြစ်မှန်းလည်း မသိဘူး။ ရန်သူလာတာကော ဟုတ်ရဲ့လား”

“ဘယ်ကလာဟုတ်ရမှာလဲ၊ စိတ်ပူလို့သာ ပြေးရတာ။ ရန်သူလာတာဆိုရင် ဒီလိုထွက်ပြေးပုံမျိုးနဲ့ အပစ်ခံရတာ အနည်းဆုံး တယောက်တော့ သေမှာ သေချာတယ်”

သူတို့အချင်းချင်း အချီအချ ပြောဆိုငြင်းခုန်နေကြစဉ် ကျနော်ကတော့ လူသွားလမ်းဘေး တောစပ်တွင် လဲလျောင်း အမောဖြေနေရတော့၏။ အမောဖြေနေစဉ် အရိုးကောက်ပွဲကျင်းပရာ ကွင်းထဲ စိတ်ရောက်သွား၏။

“အော် .. ဒါထက် ကျနော်တို့ ထပြေးတုန်းက ဖျာတွေ၊ ဓာတ်ဗူးတွေ၊ ပုဂံတွေ ဒီအတိုင်းထားခဲ့ရတာ လူတွေ တက်နင်းမိကုန်မလား မသိဘူးဗျ”

ကျနော်က စိုးရိမ်စိတ်နှင့် ပြောမိသည်။

“ဟာ .. ဒါတော့ မပူနဲ့ ဆရာကြီး။ ပစ္စည်းပိုင်ရှင်တွေက သူ့ပစ္စည်းသူ ယူပြေးကြမှာ သေချာတယ်။ ဒီအတွက် ဘာမှ စိတ်မပူနဲ့။ အောင်မယ်လေး … ဒါမျိုးက ကျနော်တို့အဖို့ ရိုးနေပြီ။ စိတ်ချ .. ဘာမှမဖြစ်ဘူး”

ကျနော့်ဘေးနား ကပ်ထိုင်နေသည့် ပြည်သူ့စစ်ခေါင်းဆောင်က ဂုဏ်ယူသလို ဖြေလိုက်သည့်စကားကို ကျနော် စဉ်းစားသည်။ သူပြောတာ ဟုတ်ကောင်းဟုတ်နိုင်သည်ဟု တွေးသည်။ ယခု ကျနော်တို့ ရောက်နေသည့် တောင်ခြေတောတွင်း တောင်ကုန်းဆီကို သူတို့အားလုံး လာစုမိသည်ကို ကြည့်ပါက သည်လိုပဲ ထွက်ပြေးတိမ်းရှောင်ရသည့် အချိန်တိုင်း လာပုန်းနေကြသည့် နေရာတခု ဖြစ်မည်ဟု ကျနော် သဘောပေါက်လာခဲ့၏။

“ဟော .. ဆိုင်းသံလားလို့”

တောင်အောက်ခြေ ရွာဘက်ဆီက ဆိုင်းသံကို အတိုင်းသား ကြားလိုက်ရသည်။ လူတွေအားလုံး ခေါင်းထောင်လာကြသည်။ တချို့က ထိုင်ရာက လူးလဲပြီး ထရပ်ကြ၏။

“ပွဲပြန် .. ပြန် .. စ .. စ နေပြီဟ။ ကဲ .. ဆ .. ဆရာကြီး အခြေအနေကောင်း .. ကောင်းသွားပြီ။ ကျနော်တို့သွား သွား ကြရအောင်”

ကျနော်ကတော့ စိတ်မချနိုင်သေးပါ။

“ပြန်သွားလို့ ဖြစ်ပါ့မလား သူကြီးရာ။ တော်တော်ကြာ တကယ်ထပ်လာနေ ဘယ်လိုလုပ်မလဲ။ ခဏထပ်စောင့်ကြည့်တာ မကောင်းဘူးလား”

“ဘာ .. ဘာမှ မဖြစ်တော့ပါဘူး။ ဒီ .. ဒီတခါ ကျနော်ကိုယ်တိုင် ကင်း .. ကင်း လိုက်ချမယ်။ ဒီကောင်တွေ အရမ်း .. ရမ်း ကာရောတော့ မလာရဲပါဘူး။ စိတ် .. စိတ်ချ၊ ကျနော်က စိတ် .. စိတ် မချရရင် ဘယ် .. ဆရာကြီးကို ခေါ်ခေါ် .. ပါ့မလဲ။ ကျ .. ကျနော့်မှာ တာ .. တာ ဝန်ရှိတာပဲဟာ”

ကျနော်တို့အားလုံး တောင်အောက်ကို ပြန်ဆင်းလာခဲ့ကြသည်။ ကျနော်ကတော့ လူအုပ်နှင့်ရောပြီး လိုက်လာရသည့်တိုင် ခြေလှမ်းများက တုန့်ဆိုင်းလျက်။ ရွာအဝင်တွင် သူကြီးဦးရွာချစ်နှင့် ကင်းသမားတချို့ ကျနော်တို့နှင့် လမ်းခွဲကာ ရွာထဲသို့ ဝင်၏။ ကျနော်တို့ ဧည့်သည်လူအုပ်ကို ပြည်သူ့စစ်ခေါင်းဆောင်က ရှေ့ဆောင်ကာ အရိုးကောက်ပွဲကွင်းထဲ ဝင်လာခဲ့ကြ၏။ လူတွေ အရင်ကထက် ပိုများနေသည်ကို သိသိသာသာ တွေ့နေရ၏။

“အောင်မယ် .. တခြားရွာက ဧည့်သည်တွေတောင် တော်တော်စုံတာပဲ”

ပြည်သူ့စစ်ခေါင်းဆောင်က ကွင်းထဲက လူတွေကို ကြည့်ကာ တက်ကြွပျော်ရွှင်နေ၏။

စည်းဝိုင်းဘေးတွင် လူတွေ သူ့ထက်ငါ တိုးခွေ့နေရာယူထားကြ၏။ ကျနော်တို့ မူလနေရာယူခဲ့ရာ နေရာတွင် ဖျာတချပ် အဆင်သင့်ခင်းလျက်။ ဓာတ်ဗူးတလုံး ထောင်လျက်။ ဇွန်းတပ်သကြားတပုဂံက နေရာမပျက်။ ကျနော် အံ့ဩသွားရသည်။ သည်လိုကျတော့လည်း အဟုတ်သားပါကလားဟု ချီးကျူးမိသည်။ ပြည်သူ့စစ်ခေါင်းဆောင် ပြောခဲ့သည့် စကားအရ ပစ္စည်းပိုင်ရှင်များက ကိုယ့်ပစ္စည်းကိုယ် ကောက်ယူပြေးလွှားသွားခဲ့ကြသည်မှာ သေချာသွားတော့၏။

ကျနော်က ဧည့်သည်တော်အတွက် ခင်းပေးထားသည့် ဖျာပေါ်တွင် ကျကျနန ထိုင်သည်။ ပုဆိုးဖြင့် ထုပ်ထားသည့် ပစ္စည်းများကို ဖြေသည်။ အသံဖမ်းစက်ကလေးကို ဖွင့်သည်။ ကင်မရာလေးကို ပြင်သည်။ ထို့နောက် ဆူဆူညံလျက်ရှိသည့် ဆိုင်းသံကို အသံဖမ်းသည်။ ညာသံပေး အော်ဟစ်သံများကို အသံဖမ်းသည်။ လက်ဝှေ့သမားများကို မီးတဝင်းဝင်းနှင့် ဓာတ်ပုံအမျိုးမျိုးရိုက်သည်။

ကျနော်က လုပ်စရာအလုပ်များကို ဆက်တိုက်လုပ်နေရပေသည့် စိတ်ကတော့ မချ။ ဘယ်အချိန် ရန်သူလာသည်ဟုဆိုကာ ပွဲပျက်သွားမည်ကို စိုးရိမ်နေသေးသည်။ ထို့ကြောင့် စိတ်တထင့်ထင့်နှင့် အလုပ်လုပ်နေရ၏။ ရွာသူကြီး ဦးရွာချစ်နှင့် တလိုင်း ကရင်ရွာသူကြီး ဦးအောင်တို့လူသိုက် ဘယ်နေရာ ရောက်နေပါလိမ့်ဟု တွေးနေမိသည်။

ဆိုင်းသံများ ခဏ ရပ်သွားသည်။ လက်ဝှေ့ပွဲတပွဲ ပြီးသွားသည်။ လူတွေ တဝေါဝေါနှင့် ဆူညံလာပြန်သည်။ နောက်ထပ် လက်ဝှေ့ပွဲတပွဲ ပြန်စရန် ဒိုင်လူကြီးက ကွင်းလယ်မှရပ်ကာ အော်ပြောနေသည်။ ဒိုင်လူကြီး၏ အသံကို ကောင်းစွာ မကြားရ။ ကျနော်က လူတွေ ဆူဆူညံညံ ဖြစ်နေသည့်အတွက် စိုးရိမ်စိတ် ပိုဖြစ်လာရပြန်သည်။ အရေးထဲ ရွာသူကြီး ဦးရွာချစ်တို့လူသိုက် ဘယ်သွားနေပါလိမ့်ဟု စိတ်ထဲက အပြစ်တင်မိသည်။ ထို့ကြောင့် ကိုယ့်ဘေးနားတဝိုက်တွင် ရှိလို့ရှိငြား လိုက်ကြည့်သည်။

ကံအားလျော်စွာ ရွာသူကြီး ဦးရွာချစ်တို့လူသိုက်ကို ကျနော်နှင့် ဘေးချင်းယှဉ် ရင်ဘောင်တန်း ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။ အစ ပထမတော့ သူတို့လူသိုက်ကို ကျနော် မမှတ်မိ။ သေသေချာချာကြည့်မှ သူတို့မျက်နှာများကို ကျနော် မှတ်မိသွားသည်။ ရွာသူကြီး ဦးရွာချစ် ခေါင်းဆောင်သော လူ ၁၀ ဦးခန့်မှာ ကွင်းဘေး လူအုပ်၏ ရှေ့တွင် ဟန်ပါပါ နေရာယူ ထိုင်နေကြ၏။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် ပေါင်ဒါမှုန့် ရေဖျော်ပြီး ထူပိန်းနေအောင် လိမ်းကျံထားသဖြင့် ကျနော့်မှာ သူတို့လူအုပ်ကို ရုတ်တရက် မမှတ်မိခြင်း ဖြစ်သည်။ ဦးရွာချစ်က ကျနော့်ကို ပြန်ကြည့်သည်။ ထိုအကြည့်ထဲ၌ ဂုဏ်ယူဝံ့ကြွားသည့် အကြည့်များ ပါရှိနေသည်ကိုမူ အထင်အရှား ကျနော် တွေ့လိုက်ရ၏။

No comments: