Wednesday, May 4, 2011

လေမုန်တိုင်း တိုက်ခတ်ပျက်စီးခဲ့သော ကျေးရွာအား မြို့နယ်ဦးစီးမှူးအဖွဲ့မှ ပြောင်းရွှေ့ခိုင်း

အောလို

လေမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှ လောကျေခူကျေးရွာကို ဖရူဆိုမြို့နယ်ဦးစီးမှူး အဖွဲ့က ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာပြန်လည်ထူထောင်ရေးအတွက် ဆိုပြီး အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခိုင်းသည်ဟု သိရသည်။

လောကျေခူကျေးရွာမှ လေမုန်တိုင်း တိုက်ခတ်ပျက်စီးခံရသည့်နောက် မြို့နယ်ဦးစီးမှူး အဖွဲ့က ၎င်းကျေးရွာကို ဖရူဆိုမြို့နယ်ရှိ မာခရိုရှေးကျေးရွာ၏ အောက်ပိုင်း ထျေးနီဟု ခေါ်သော ကားလမ်းမကြီးနှင့် နီးသော နေရာသို့ ပြောင်းရွှေ့နေထိုင်ခိုင်းခြင်း ဖြစ်သည်။

“လောကျေးခူရွာက ဒီအဓိက ကျတဲ့ လမ်းဘေးနားကို ပြောင်းလာခိုင်းတယ်လို့ ပြောတယ်။ ကြားတာကတော့ ဒီတစ်ပတ်နှစ်ပတ်အတွင်း အိမ်ကို အပြီးဆောက်ခိုင်းတယ်လို့ ပြောတယ်” ဟု လောကျေခူကျေးရွာသို့ သွားရောက်ခဲ့သော ဒေသခံလူငယ်တဦးက ပြောသည်။

မြို့နယ်ဦးစီးမှူး အဖွဲ့က ထိုကျေးရွာကို ပြောင်းရွှေ့ရန်အတွက် ဆိုပြီး တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၂၅၀၀ ကူညီပေးထားသည်ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

ရွာသားတွေက သူတို့ ရွာကို မပြောင်းချင်ကြဘူး။ ဒါပေမဲ့ မပြောင်းရင် မရဘူးလို့ မြို့နယ်ဦးစီးအဖွဲ့က ပြောထားတယ်တဲ့” ဟု ၎င်းက ပြောသည်။

လောကျေခူရွာသားများသည် မိမိတို့ ကျေးရွာ၌ နေထိုင်ရာတွင် တောင်ယာနှင့် ယာခင်းများကို လုပ်ကိုင်စားသောက်ကြပြီး အများအားဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်းဖူးနှင့် ပြောင်းကောက် စသည့် အသီးအနှံများကို စိုက်ပျိုးကြပါသည်။

ယခု ၎င်းတို့ ပြောင်းရွှေ့နေထိုင်ရမည့် နေရာသည် ကားလမ်းမကြီးနှင့် နီးသောကြောင့် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် နေရာ မလုံလောက်မှုနှင့် အခက်အခဲများ ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ဆက်ပြောသည်။

၎င်းက “သူတို့ ပြောတာက ကျေးရွာ ပြန်လည်ထူထောင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလို့ ပြောတယ်။ ဒါပေမဲ့ သေချာစဉ်းစာမယ်ဆိုရင် သူတို့က လုံခြုံရေး ယူခိုင်းတာပဲလေ။ ကားလမ်း လုံခြုံရေးပေါ့။ နောက်ပြီး စစ်တပ်တွေ သွားပြန်တာ ရွာသားတွေက ကားလမ်းမကြီးနဲ့ နီးတော့ သူတို့အတွက် ပျော်တယ်ပေါ့” ဟု ဆိုသည်။

မြို့နယ်ဦးစီးမှူးအဖွဲ့မှ လောကျေခူကျေးရွာအား ပြောင်းရွှေ့နေထိုင်ခိုင်းမည့် ယခု နေရာသည် ပြီးခဲ့သည့် ဇန်န၀ါရီလက အစိုးရစစ်တပ်များမှ စစ်ရေးလေ့ကျင်ကွင်း ၂ ခု တည်ဆောက်ရန် လာရောက်တိုင်းတာထားသော နေရာနှင့်လည်း နီးနေခြင်း ဖြစ်သည်။

လောကျေခူကျေးရွာတွင် အိမ်ခြေပေါင်း ၅၂ အိမ် ရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က လေမုန်တိုင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၇ အိမ်နှင့် စပါးကျီး ၁၁ လုံး ပျက်စီးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

No comments: