ကွန်းချမ်း | တနင်္လာနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၁
ရေတပ်က စစ်လေ့ကျင် ရေးကွင်း၊ သင်တန်း ကျောင်းနှင့် စစ်တန်း လျားများ တည်ဆောက်ရန် အကြောင်းပြ ချက်ဖြင့် ရေဖြူမြို့နယ်တွင်း ဒေသခံ များ၏ မြေဧက ပေါင်း တထောင် (၁၀၀၀) ကျော်ကို သိမ်းဆည်း ခဲ့ကြောင်း မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း HURFOM က ပြောသည်။
HURFOM ၏ တနင်္လာ နေ့တွင် ထုတ်ပြန်သည့် “ပြည်သူ တို့၏ မြေယာ များအား အစိုးရ ရေတပ်မှ အဓမ္မ သိမ်းဆည်းခြင်း” (Burma’s Navy Attacks Civilians’ Livelihood) အမည်ရှိ စာမျက်နှာ ၅၀ ပါ အစီရင် ခံစာ၌ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံး ညီမ ကျွန်းပေါ်ရှိ ရာဘာခြံ ပိုင်ရှင် အိမ်ထောင်စုပေါင်း ၂၄၀ ခန့်၏ မြေဧက ၁၀၀၀ ကို နယ်မြေခံ ရေတပ် တပ်ရင်း အမှတ် ၄၃ က ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ မှ စတင် သိမ်းဆည်း ခဲ့သည်။
လျော်ကြေးငွေ ပေးဆောင်ခြင်း မရှိပဲ သိမ်းဆည်း ခဲ့ပြီး နောက်ပိုင်းတွင် ကျွန်းနှင့် အနီး တဝိုက်ရှိ အခြားသော ဘိုးစဉ်ဘောင်ဆက် လုပ်ခဲ့သော ရာဘာခြံ မြေဧက ပေါင်း ၃၀၀၀ ခန့် ကိုလည်း ဆက်လက် သိမ်းဆည်း သွားရန် ခြံမြေများကို သတ်မှတ် တိုင်းထွာထား သည်ဟုလည်း အစီရင် ခံစာ၌ ရေးသား ထားသည်။
ကျွဲသုံးညီမကျေးရွာမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ ကျွန်းပေါ်တွင် တည်ရှိသည့် ရွာတရွာ ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော်ရှိကာ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
“အစိုးရသစ် တက်လာပေမယ့် စစ်တပ်က မြေယာသိမ်းမှုတွေ ရှိနေတုန်းပဲ။ တိုင်းရင်းသားဒေသ အများစုမှာ စစ်တပ်က လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းပဲ” ဟု ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ လူ့အခွင့်အရေး မှတ်တမ်း တင်ခြင်း တာဝန်ခံ ကိုဦးမွန်က မဇ္ဇျိမကို ပြောသည်။
အစီရင်ခံစာကို မြေသိမ်းခံရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ကာ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်နှင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြသည့် ခြံရှင်များနှင့် ဒေသခံ ၆၀ ဦးကို မေးမြန်း၍ ကွင်းဆက်လေ့လာ ရေးသားခဲ့ခြင်း ဖြစ်သည်။
အသိမ်းခံရသူများအနေနှင့် မည်သည့်ဌာနသို့ တိုင်ကြားရမည်ကို မသိရှိကြောင်းနှင့် တိုင်ကြားရန်လည်း မဝံ့ရဲကြောင်း ခြံမြေ အသိမ်း ခံရသူ တဦးက မဇ္ဇျိမကို ပြောသည်။
“သူတို့ကို ကြောက်နေရတော့ ဘာမှ ပြန်မပြောရဲဘူး၊ ဘယ်မှာ တိုင်ရမှာလည်း မသိဘူး။ တချို့ဆိုရင် ခြံဝယ်ထားတာ တနှစ်တောင် မပြည့်သေးဘူး အသိမ်းခံလိုက်ရတယ်။ ခြံကို ပြန်ရောင်းလည်း ဘယ်သူမှ မဝယ်ရဲဘူး” ဟု သူက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း ဒေါက်တာခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီကက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံ ကျေးရွာ၌ ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ဒေသခံတို့၏ လယ်မြေဧကပေါင်း ၈၀၀ ကို သိမ်းယူခဲ့သည်ဟုသတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်းပြင် မွန်ပြည်နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ သက်ကော့ကျေးရွာ အရှေ့ဘက် ၄ မိုင်အကွာရှိ ဒေသခံများ ပိုင်ဆိုင်သည့် ရာဘာခြံမြေများကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ တပ်အသစ်ချရန်နှင့် တပ်တွင်းစီးပွားရေးအတွက် မြေယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၅ ခုနှစ်ကာလတွင် အဆိုးဆုံး အခြေအနေ ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အထိ မြေဧကပေါင်း ၂ဝ,ဝဝ၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း HURFOM ၏ စာရင်းဇယား ပြုစုချက်အရ သိရသည်။
No comments:
Post a Comment