Wednesday, August 24, 2011

လယ်သမားတို့၏ရှေ့နေ လိုင်စင်သိမ်းခံရ

ဇာနည်မာန် Wednesday, 24 August 2011

မကွေးတိုင်း အတွင်း လယ်မြေ အသိမ်း ခံရသော လယ်သမား များကို ကူညီ သည့် ရှေ့နေ ဦးတင် အောင်ထွန်းသည် မကြာသေး ခင်က ရှေ့နေလိုင်စင် ရုပ်သိမ်း ခံလိုက် ရကြောင်း သိရသည်။

သူ့အား အထက်တန်း ရှေ့နေ အဖြစ်မှ ထုတ်ပယ်ကြောင်း ကြော်ငြာ စာကို တနင်္လာနေ့က မင်းဘူး မြို့နယ် တရားရုံး တွင် ကပ်ထား သည်ဟု ဦးတင်အောင်ထွန်းက ဆိုသည်။

“အကြောင်းပြ ထားတာက ကျနော်က လိုက်ပါ ဆောင်ရွက်တဲ့ အမှု တွေမှာ အခြေအနေ မကောင်းရင် အမှုသည် တွေက တိုင်စာ ပို့တဲ့အခါ ကျနော်က တိုင်စာတွေ ရေးပေး တယ်လို့ နာမည်ကြီး နေတယ်။ အမှုလိုက် တဲ့အခါ ကောင်းသတင်း ကျော်ဇောတာ မဟုတ်ဘူး၊ ရှေ့နေ ကျင့်ဝတ် သိက္ခာနဲ့ အညီ အမှု လိုက်တဲ့သူ မဟုတ်ဘူး ဆိုတာ တွေကို စုံစမ်းမှု အစီရင် ခံစာအရ စိစစ် တွေ့ရလို့ လို့ ရေးထား တယ်” ဟု ဦးတင် အောင်ထွန်းက ပြောသည်။

သြဂုတ်လ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စုတရားရုံးလွှတ်တော်ချုပ်၊ တရားသူကြီးများ၏ အစည်းအဝေးတွင် ရှေ့နေအဖြစ်မှ ထုတ်ပယ်ပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကြော်ငြာစာတွင် ဖော်ပြထားကြောင်း သူက ရှင်းပြသည်။ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းကဲ့သို့ ပြစ်ဒဏ်ပေးခြင်းပင်ဖြစ်သည်ဟု သူက ဆိုသည်။

“တရားရုံးက ထုတ်ပစ်ပြီးသားအမိန့် ဆိုတော့လည်း ဘယ်လိုဆက်လုပ်ရမလဲ မသိသေးဘူးပေါ့။ သူတို့ပြောသလိုတော့ ကျနော့်မှာ အဲ့ဒီလို အမှုတွေ မရှိဘူးဗျ။ သူတို့ရဲ့အစီရင်ခံစာကလည်း ဘယ်လိုစစ်ဆေး သိရှိလည်းဆိုတာ ကျနော်လည်း နားမလည်ဘူးဗျ။ ဒါမျိုးမဖြစ်သင့်ဘူးလို့ပဲ ယူဆပါတယ်” ဟု ဦးတင်အောင်ထွန်းက ပြောသည်။

တရားခွင်အတွင်းသို့ လိုက်ပါဆောင်ရွက်ခွင့် မရှိတော့သဖြင့် ပြင်ပတွင် ဥပဒေအကြံပေးအဖြစ် ဆက်လက်ကူညီမည်ဟု ဆိုသည်။

ဦးတင်အောင်ထွန်းကို သူ၏မျက်ကွယ်တွင် စီရင်ချက် ချမှတ် အရေးယူခြင်းဖြစ်သည်ဟု ရန်ကုန်မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“ဒီလို ရှေ့နေတယောက်ကို အရေးယူတယ်ဆိုတာ တဖက်သတ်ဆုံးဖြတ်လို့ မရဘူး။ သူ့ကို ကြားနားခွင့်ပေးရမယ်။ ပြီးမှ အပြစ်ပေးထိုက်တယ် မပေးထိုက်ဘူးဆိုတာ ဖြစ်သင့်တယ်။ အခုက တရားမျှတတဲ့ လုပ်ရပ်တော့ မဟုတ်ဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

ဦးတင်အောင်ထွန်း အရေးယူခံရခြင်းသည် မကြာသေးမီက ပေါ်ပေါက်လာသော ရှေ့နေကွန်ရက်အဖွဲ့တွင် ပါဝင်ကူညီခြင်း၊ စာနယ်ဇင်းသမားတို့၏ ဆက်သွယ်မေးမြန်းမှုတို့ကို ဖြေကြားခြင်းတို့ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု လူ့အခွင့်အရေးရှေ့နေများက ယူဆနေကြသည်။

ယခုနှစ် မတ်လက ကံမမြို့နယ်၊ စစ္စရံရွာမှ လယ်သိမ်းခံရသော လယ်သမား တချို့ ရိုက်နှက်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၉ နှစ်ကျော် ချမှတ်ခံရသည်။ ထိုလယ်သမားများအရေးကို ဦးတင်အောင်ထွန်းက ကူညီဆောင်ရွက်ရာ လယ်သမား ၅ ဦး ထောင်ဒဏ် ၃ လ ဖြင့် ပြန်လည် လွတ်မြောက်လာကြသည်။

ထိုဒေသတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က သိမ်းဆည်းလိုက်သည့် လယ်မြေဧက ၄၀၀၀ ကျော် ပြန်ရရှိရေးအတွက် စွဲဆိုထားသည့်အမှုမှာ ပြီးပြတ်ခြင်း မရှိသေးပေ။

မကွေးတိုင်း နတ်မောက်မြို့တွင် လယ်သိမ်းခံရပြီး တရားစွဲခံရသူလယ်သမားတို့ကို ကူညီသည့် ရှေ့နေ ကိုဖိုးဖြူသည်လည်း ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးထောင်ချခံရဖူးသည်။

No comments: