Friday, August 26, 2011

ဂျာနယ် ၂ စောင် အရေးယူခံရ

ဧရာဝတီ Friday, 26 August 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ ဓာတ်ပုံများကို စာပေစိစစ်ရေးမှ ခွင့်ပြုချက်မယူဘဲ ဖော်ပြသော ဂျာနယ်၂ စောင်ကို အရေးယူခဲ့ပြီး အဓိပ္ပာယ် လွဲမှားစေသည့် ခေါင်းစဉ်ဖော်ပြသော ဂျာနယ် ၁ စောင်ကို ခေါ်ယူ သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့သို့ သွားရောက်သည့် ခရီးစဉ်အကြောင်း ဓာတ်ပုံနှင့် သတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက်မရဘဲ မျက်နှာဖုံးတွင် ပုံကြီးချဲ့ ဖော်ပြခဲ့သည် Hot News ဂျာနယ်နှင့် အချပ်ပိုတွင် ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူလူထုက နှုတ်ဆက်နေသော ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သော Envoy News ဂျာနယ်တို့အား စာပေစိစစ်ရေး ဌာနက နောက်ဆက်တွဲ သတင်းတင်ပြခွင့် မပြုတော့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် တရားဝင် အမိန့် ထုတ်ပြန် လိုက်သည်။

သြဂုတ် ၁၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ ၂၊ အမှတ် ၃၅ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးတင်ဦးတို့ ပဲခူးရောက်နေသော ဓာတ်ပုံကို မျက်နှာဖုံး အပြည့် ပုံကြီးချဲ့ ထုတ်ဝေခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့ထုတ် Envoy News ဂျာနယ် အတွဲ ၂၊ အမှတ် ၁၇ တွင် ပဲခူးခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လူထုများစွာက သောင်းသောင်းဖြဖြ ကြိုဆိုနေသည့် ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သည်။

စာပေစိစစ်ရေးဌာနက ဂျာနယ်များအား နောက်ဆုံးရသည့် သတင်းများ အမြန်ရိုက်တင်ခွင့်ကို နောက်ဆက်တွဲအဖြစ် ခွင့်ပြုထားခဲ့သည်။

“အခုဂျာနယ်နှစ်စောင်ကို နောက်ဆက်တွဲလုံးဝ တင်ခွင့် မပြုဘူးဆိုတာက ဂျာနယ်ထွက်ရက် နီးလာတဲ့အချိန်မှာ ရတဲ့ နောက်ဆုံး Update သတင်းတွေကို ထည့်ခွင့်မရအောင် လုပ်လိုက်တာ။ သဘောကတော့ အချိန်နဲ့တပြေးညီ
ဖြစ်နေတဲ့ သတင်းတွေ မထည့်နိုင်အောင် အရေးယူလိုက်တာ။ သတင်းဦး သတင်းထူးမပါရင် ဂျာနယ်ဝယ်အား ထိုးကျသွား မှာပေါ့” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးက ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့ထုတ် True News ဂျာနယ်တွင်မူ “နိုင်ငံတော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ” ဆိုသော သတင်းခေါင်းစဉ်ကို မျက်နှာဖုံးတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားရာ “နိုင်ငံတော်သမ္မတမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်” ဆိုသော အဓိပ္ပာယ်သက်ရောက်နေခြင်းကြောင့် စာပေစိစစ်ရေးက ဂျာနယ်တာဝန်ရှိသူကို ခေါ်ယူသတိပေး လက်မှတ်ထိုးစေ ခဲ့ကြောင်း သိရသည်။

“ခေါ်သတိပေးတာပါ။ မြန်မာစာ အထားအသိုက အဓိပ္ပာယ်အမျိုးမျိုး ထွက်တော့ ဒါမျိုးနောက်မဖြစ်စေဖို့ ဂျာနယ် တာဝန်ခံ အယ်ဒီတာကို လက်မှတ်ထိုးခိုင်းတာ” ဟု စာပေစိစစ်ရေးဌာနမှ စာစိစစ်မှူးတဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကသတင်းမီဒီယာများသည် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်များ ဖြစ်သည်ဟု မကြာခဏဆိုသလို ထုတ်ဖော် ပြောဆိုလျက် ရှိသော်လည်း ပုဂ္ဂလိက နေ့စဉ် သတင်းစာထုတ်ဝေခွင့်၊ စာပေစိစစ်ရေးသို့ မဖြတ်ဘဲ သတင်းဂျာနယ်များ ထုတ်ဝေခွင့် မရရှိသေးကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအ၀န်းက ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခွင့် ရှိတယ်ဆိုပြီး ရေးထားတယ်။ ဒါတွေက အခုအချိန်အထိကို ဘာမှ အကောင်အထည် မပေါ်သေးပါဘူး။ အစိုးရကကော၊ လွှတ်တော်ကကော အခြေခံဥပဒေနဲ့ အညီလုပ်နေတယ်လို့ တချိန်လုံး ပြောနေတာပဲ။ အပြောနဲ့ အလုပ်မညီဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

နေပြည်တော်တွင် သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးမျာသို့ ပြည်တွင်း သတင်းထောက်များကို သတင်းယူခွင့် ပြုခဲ့သော်လည်း လွှတ်တော်တွင်း ဆွေးနွေးချက်များ နှင့် စပ်လျဉ်းပြီး လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေကာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်း ရေးသားပေးပို့ခြင်းများ မပြုလုပ်ကြရန်၊ လွှတ်တော်ပရ၀ဏ်အတွင်း အင်တာဗျူးခြင်း၊ သတင်းမေးမြန်းခြင်းများ မပြုလုပ်ကြရန် ဟူသော အချက်များ အပါအ၀င် လိုက်နာရမည့် အချက် ၁၆ ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“အစိုးရသစ်တက်လာတဲ့အချိန်မှာ သတင်းလောကအတွက် တိုးတက်မှု တချို့တော့ ရှိလာပါတယ်။ ဒါပေမယ့် ဒါကလည်း လုံလောက်တဲ့ အခြေအနေမဟုတ်သေးပါဘူး။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ အခွင့်ထူးခံ ကုမ္ပဏီတွေ၊ စီးပွားရေးတွေ လက်ဝါးကြီးအုပ်နေတဲ့ ကိစ္စ၊ တိုင်းရင်းသား စစ်ပွဲအရေး၊ မြစ်ဆုံဆည်ကိစ္စ စတဲ့ တနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးသားလို့ မရသေးပါဘူး” ဟု အယ်ဒီတာ တဦးက ဆိုသည်။

သမ္မတဦးသိန်းစိန် မိန့်ခွန်းထဲ၌ ဒီမိုကရေစီကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း လက်ရှိကျင်းပနေသည့် လွှတ်တော် အစည်း အဝေးပွဲ များကို အများပြည်သူ သိရှိစေရန် တိုက်ရိုက်ထုတ်လွှင့်ခြင်း မပြုဘဲ စိစစ်ရေးက ဖြတ်တောက်ပြီးမှသာ ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဖော်ပြနေကြောင်း သိရသည်။

အစိုးရသစ်သည် အားကစား၊ ကလေး၊ ကျန်းမာရေးအပါအ၀င် ဂျာနယ်အမျိုးအစားတချို့ကို စာပေစိစစ်ရေး တင်ပြရန်မလိုဘဲ ထုတ်တင် စနစ်ဖြင့် ထုတ်ဝေခွင့် ပြုထားသည်။

No comments: