Wednesday, August 31, 2011

စစ်ယာဉ်တန်း ဗုံးခွဲခံရပြီးနောက် ကွတ်ခိုင်ဗျူဟာမှူး ပြောင်းရွေ့

သျှမ်းသံတော်ဆင့်

ယခုလ ၂၅ ရက်နေ့က မူစယ် - မန္တလေးလမ်း နမ့်အွန်ရွာအနီးတွင် အစိုးရစစ်ယာဉ်တန်းတိုက်ခိုက် ခံရ ပြီးနောက် ယမန်နေ့ က ကွတ်ခိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးကျော်သူကို နေရာပြောင်းရွေ့လိုက်ပြီး ၎င်းနေရာ၌ ကွန်လုံစစ်ဗျူ ဟာမှူးဖြင့် အစားထိုး လိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် အဆိုအရ သိရသည်။

မူစယ်မြို့နှင့် ကွတ်ခိုင်မြို့အကြားတွင် ယခုလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များက အစိုးရတပ်ဖွဲ့များ နှစ်ကြိမ်တိုင်တိုင် တိုက် ခိုက်ခံခဲ့ခြင်း ဖြစ်သည်။

စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက “ ကွတ်ခိုင်ဗျူဟာ ကွပ်ကဲမှုနယ်မြေထဲမှာ နှစ်ရက်ဆက်တိုက် အတိုက်ခံရလို့ဗျူဟာ မှူး ကို နေရာ ပြောင်းလိုက်ပြီ ဘယ်နေရာပြောင်းလည်းတော့ မသိဘူး သူ့နေရာမှာ ကွန်လုံဗျူဟာမှူးဝင် လာတယ်” ဟု ဆိုသည်။

အလားတူ ကွန်လုံစစ်ဗျူဟာလက်အောက်ခံ တပ်ရင်းတချို့လည်း ကွတ်ခိုင်စစ်နယ်မြေအတွင်းသို့ အင်အားထပ်မံ ဖြည့် တင်းလိုက်ကြောင်း သိရသည်။

ယခုအခါ တရုတ်လုပ်စစ်ကားများ နယ်စပ်ရွှေလီမြို့သို့ ထပ်မံရောက်ရှိလာရာ ၄င်းကားများ သယ်ယူရန် မြန်မာ စစ်သား ၃၀ ကျော်ခန့် တရုတ်ပြည် ရွှေလီမြို့တွင်းသို့ ယနေ့နံနက်ပိုင်းက ၀င်ရောက်လာကြောင်း မျက်မြင်များက ပြောသည်။

No comments: