Saturday, August 27, 2011

လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြည်သူသိခွင့်မရှိ

ခင်ဦးသာ

လွှတ်တော် အစည်း အဝေး များ၌ ဆွေးနွေး ပြောဆိုမှု များ၏ အသေးစိတ် အချက် အလက် များကို အများ ပြည်သူ သိရှိ နိုင်ရန် နိုင်ငံပိုင် မီဒီယာ များက ဖော်ပြ ပေးခြင်း မရှိဘဲ စိစစ်ဖြတ်တောက် ပြီးသား ကိုသာ သိရှိခွင့် ရနေသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ဒေသခံပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြပေးရန် တောင်းဆိုထားချက်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ အပြန်အလှန် ဆွေးနွေးချက်များကို ရုပ်မြင် သံကြား၊ ရေဒီယို၊ သတင်းစာများမှ ပြည်စုံစွာ ဖော်ပြပေးသင့်ကြောင်း နေုပြည်တော်ရောက် လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

“စာမျက်နှာ ၄ မျက်နှာလောက်ဆွေးနွေးတာကို သတင်းစာမှာဖော်ပြတော့ ၂ ကြောင်းစာ လောက်ပဲပါလာတယ်။ ဒီ လုပ်ရပ်တွေဟာ ပြည်သူတွေက ကိုယ်စားလှယ်တွေအပေါ် အထင်လွဲမှုတွေ ဖြစ်ပေါ်စေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ၌ ဖဆပလခေတ် လွှတ်တော်အစည်းအဝေးများတွင် အပြန်အလှန်ဆွေးနွေးမှုများကို ရေဒီယိုမှတဆင့် နိုင်ငံသို့ ထုတ်လွှင့်ပေးခဲ့ကြောင်း၊ သတင်းစာများ၊ သတင်းထောက်များကလည်း လွတ်လပ်စွာ သတင်းယူခွင့်၊ မေးမြန်းခွင့်၊
ရေးသားခွင့်များ ရှိခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“ဖဆပလ ခေတ်က လွှတ်တော်အစည်းအဝေးတွေကို ကိုယ်စားလှယ်မဟုတ်တဲ့ ပရိသတ်တွေကလည်း ဧည့်သည် အဖြစ် တက်ရောက် နားထောင်ခွင့်ရှိပါတယ်” ဟု ဦးသုဝေက ဆိုသည်။

ဒီမိုကရေစီစနစ် ဖော်ဆောင်၍ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို ဒီမိုကရေစီအသိုင်းအ၀န်း ဖြစ်စေရန် ဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန်က ၎င်းတာဝန်ယူပြီး ချိန်မှစ၍ မကြာခဏ မိန့်ခွန်းပြောဆိုနေသည့်တိုင် လက်တွေ့ကျင့်သုံးမှု အားနည်း သည်ဟု ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

ဦးသိန်းစိန်သည် နိုင်ငံရေးအပြောင်းအလဲ လုပ်၍ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးထက် စီးပွားရေး ကိစ္စကိုသာ လုပ်ဆောင်နေကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေ သည် ပြောင်းလဲရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “လွှတ်တော်အတွင်းမှာတော့ ပြောဆိုဆွေးနွေးမှုဟာ ပထမတကြိမ်ထက်တော့ တိုးတက်မှုတွေ့ရတယ်။ အဲဒီဆွေးနွေးမှုတွေကို ပြန်ကြားရေးက ဆင်ဆာဖြတ်တာက ဘာကြောင့်လဲ၊ ပြည်သူတွေကို မသိစေချင်တာက အစိုးရကို ကြောက်လို့လား၊ ပြည်သူကို ကြောက်လို့လားတော့ မသိဘူး” ဟု ဆိုသည်။

ဒီမိုကရေစီ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအများစု၏ လွှတ်တော်အစည်းအဝေးများ၌ နိုင်ငံတော်၏ လုံခြုံရေးကို ထိုခိုက်စေမည့် အကြောင်းအရာမှအပ ဆွေးနွေးမှုများ၊ ငြင်းခုံမှုများကို သတင်းစာ၊ စာစောင်များက လွတ်လပ်စွာ ရေးသားကြသည့်အပြင် ပြည်သူများ တိုက်ရိုက် ကြည့်ရူနိုင်ရန် ရုပ်မြင်သံကြား အစီအစဉ် များကလည်း ထုတ်လွှင့်ပြသလေ့ ရှိသည်။

“ဆွေးနွေးမှု အပြည့်အစုံကို ပြည်သူတွေ သိရအောင် ဆောင်ရွက်ပေးဖို့အတွက် ကိုယ်စားလှယ်တွေက အစည်းအဝေးတွေမှာ တောင်းဆိုမှုတွေ လုပ်ကြဖို့ ရှိပါတယ်” ဟု ဦးဘရှိန်က ဆိုသည်။

လက်ရှိကျင်းပနေသော လွှတ်တော်အစည်းအဝေးများ စတင်သည့်နေ့တွင် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ ဂျာနယ်များမှ သတင်းထောက်များ ၃၀ ကျော်တက်ရောက်ခွင့် ရခဲ့သော်လည်း ဓာတ်ပုံရိုက်ခြင်းကို
ခွင့်ပြုပေးပြီး မေးခွန်းများ လွတ်လပ်စွာ မေးမြန်းခွင့်၊ ရေးသားခွင့် မရဟု တက်ရောက်သူ ဂျာနယ်သတင်းထောက် တဦးက ပြောသည်။

သြဂုတ်လ ၂၂ ရက် နေ့တွင် သတင်းထောက် ၃၂ ဦးတက်ရောက်သတင်းယူပြီး ကြာသပတေးနေ့တွင် ၃ ဦးသာ သတင်း ယူတော့ကြောင်း Weekly Eleven ဂျာနယ်၏ အွန်လိုင်းစာမျက်နှာ၌ ရေးသားထားသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ကိုယ်စားလှယ်များသည် မိမိတို့ဒေသခံပြည် သူများ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြောင်း၊ ယင်းအကြောင်းအရာများအား မဖော်ပြခြင်း၊ အဆိုပြုချက် တချို့အား
ပယ်ချ ခံရခြင်းကိစ္စများကို ၎င်းတို့လည်း သေချာ မသိရှိကြောင်း ပြောဆိုသည်။

“မီဒီယာတွေကို ကြိုပြောရင် အပယ်ခံရလို့ ကျနော့်ကိုမေးရင် သတင်းစာထဲက အတိုင်းပဲ ဖတ်ပြတော့မယ်” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။

ကိုယ်စားလှယ်များသည် လွှတ်တော်၌ တင်သွင်းမည့်အဆိုများကို မီဒီယာများအား ကြိုတင်ပြောဆိုမှု တချို့ရှိခဲ့၍ ပထမအကြိမ်
အစည်းအဝေးများ ကျင်းပစဉ်က ပယ်ချခံရမှုများ ရှိခဲ့သည်။ တရားရုံးနှင့်ပတ်သက်သော ၁၉၂၆ ခုနှစ်က ထုတ်ပြန်ထားသည် ဥပဒေတရပ်ကို ဖျက်သိမ်းပေးရန် အဆိုတခုအား မနေ့က အစည်းအဝေး၌ ဦးသိန်းညွန့်က တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရသည်။

သမ္မတဦးသိန်းစိန်သည် မီဒီယာနှင့်ပြည်သူ့အသံကို အလေးထားသည့်အနေဖြင့် “ပဉ္စမ မဏ္ဍိုင် ဖြစ်တဲ့ ပြည်သူ့ဆန္ဒကို အလေးထားရမယ်” ဟု သြဂုတ်လ ၂၂ ရက်နေ့က အရပ်သားအစိုးရ အနေဖြင့် ပထမဆုံး ကျင်းပသည့် လွှတ်တော်၌ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ပါလီမန်ဒီမိုကရေစီကို စတင်အကောင်အထည် ဖော်ဆောင်နေသူများ ဖြစ်သည်နှင့်အညီ နောက်လူများ အတုယူနိုင်ရန် ဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်သူများက တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူတို့၏ စိတ်ကျေနပ်မှု၊ ယုံကြည် ကိုးစားမှု ခံယူထိုက်သူများ ဖြစ်အောင် လုပ်ဆောင်သွားကြဖို့ အတွက်လည်း ဦးသိန်းစိန်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် ကင်တားနားနှင့်တွေ့စဉ် ပြောဆိုရာတွင် လွှတ်တော်တွင် “ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်ဆောင်ရွက်ချက်” ဆိုသည့် ဆောင်ပုဒ် ထားကာ ယင်းဆောင်ပုဒ်အတိုင်း လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားသည်။

No comments: