အံ့ဘုန်းမြတ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ မစ္စတာကင် တားနားနဲ့ ဒီနေ့ တွေ့ဆုံရတာ အားရကျေနပ်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က သူ့နေအိမ်မှာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နဲ့ ဒီနေ့မွန်းလွဲ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားတာပါ။
ဒီလိုပြောကြားချက်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးတော့ ပြည်သူတွေ လူ့အခွင့်အရေး ပိုမိုရရှိလာအောင် ထက်သန်တဲ့ စေတနာနဲ့ ဆောင်ရွက်နေ တဲ့လူဖြစ်တာ အမှန်ပါပဲတဲ့။ ပြီးတော့ ဒီဘာသာရပ်မှာ သူက ကျွမ်းကျင်တဲ့လူ ဖြစ်ပါတယ် တဲ့။ အားကိုးထိုက်တဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံ လူ့အခွင့်အရေးတိုးတက် ရရှိရေးအတွက် အားကိုးရမယ့် ပညာရှင်တယောက် ဖြစ်ပါတယ်တဲ့။ ဒါကြောင့်မို့လို့ မစ္စတာကင်တားနားနဲ့ အခုလို တွေ့ဆုံရတာကို အလွန်နှစ်ထောင်းအားရ ဖြစ်ပါတယ်လို့ သူက အဲဒီလို ပြောပါတယ်ခင်ဗျ။”
မစ္စတာကင်တားနားနဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာရီဝက် သီးခြား တွေ့ဆုံခဲ့သလို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံပြီး အပြန်အ လှန် ဆွေးနွေးသွားတယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ ခုခရီးစဉ်အတွင်း လူ့အခွင့်အရေး အထွေထွေအခြေအနေ တွေကို လေ့လာနိုင်ခဲ့ကြောင်း၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာလည်း လူ့အခွင့်အရေး တိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတဲ့အကြောင်း အကြံဉာဏ်ကောင်းတွေ ပေးနိုင်ခဲ့ ကြောင်း၊ အာဏာပိုင်တွေဘက်က အမြင်သဘောထားတွေကိုလည်း လေ့လာနိုင်ခဲ့ ကြောင်း ရှင်းပြသွားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးတို့ကလည်း အဖွဲ့ချုပ်ဘက်က မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အစီအစဉ်တွေ၊ ပြည်သူ တွေကြားမှာ ဖြစ်ပေါ်နေတဲ့ ကျနော်တို့ လေ့လာတွေ့ရှိရသလောက် လူ့အခွင့်အရေး အခြေအနေမှန်တွေကို ကျနော်တို့က တင်ပြကြပါတယ်။”
ကင်တားနားနဲ့ အဖွဲ့ချုပ် ညနေ ၄ နာရီအထိ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မပြောနိုင်ပါဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ကင်တားနားနဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အ ကူပြု အဖွဲ့ဝင်တွေနဲ့လည်း ဒီနေ့ညနေပိုင်းမှာ သီးခြားတွေ့ဆုံပါတယ်။
မစ္စတာကင်တာနားဟာ ဒီနေ့မနက်ပိုင်းမှာတော့ အင်းစိန်အကျဉ်းထောင်ကို သွား ရောက်ပြီး ကိုဖြိုးဝေအောင်၊ ကိုစည်သူဇေယျ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံ ပါတယ်။
မစ္စတာကင်တားနားဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ သမ္မတအကြံပေးအဖွဲ့ဝင် တွေနဲ့ တွေ့ဆုံပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာတော့ သူတို့က မြန်မာပြည်မှာ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အဆိုပြု ကြပြီး နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် ဖြစ်ပေါ်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေကို တင်ပြဆွေးနွေး ကြပါတယ်။
မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ စတင်ရောက်ရှိ မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ မနက်ဖြန် ညနေပိုင်းမှာ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး မင်္ဂလာဒုံလေဆိပ်မှာ သတင်းစာရှင်း လင်းပွဲ လုပ်ဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။
No comments:
Post a Comment