နော်နိုရင်း
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရန်ကုန်တိုင်း တွံတေးမြို့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးအောင်ဖေက ဒီနေ့ တကိုယ်တော်ဆန္ဒပြပါတယ်။
နိုင်ငံရေးအကျဉ်းသားဝတ်စုံ အပေါ်အပြာ အောက်အပြာဝတ်ပြီး ကတ်ထူစက္ကူပြား ပေါ်မှာ ‘နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် အရေးကြီးဆုံး လူ့အခွင့်အ ရေးဖြစ်သည်လို့’ စာလုံးကြီးကြီးနဲ့ ရေးပြီး ဒီမနက် ၉ နာရီမှာ တွံတေးမြို့ထဲ လှည့်လည် ဆန္ဒပြတာပါ။
“ဆန္ဒပြရခြင်းက မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတုန်းပဲ။ အဓိက လူ့အခွင့်အရေး ချိုးဖောက်မှုအခံရဆုံးကတော့ နိုင်ငံရေးအကျဉ်းသား တွေဖြစ်တယ်။ သူတို့ကို အခုချိန်ထိ လွှတ်ပေးခြင်းမရှိသေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အချိန်တန်ပြီ သူတို့ကို လွှတ်ပေးခြင်းသာလျှင် အရေးကြီးဆုံး လူ့အခွင့် အရေးဖြစ်ပါတယ်။ လူထုဆန္ဒထုတ်ဖော်တဲ့အနေနဲ့ အခုလို ဆန္ဒပြရခြင်းဖြစ်ပါတယ်” လို့ ဦးအောင်ဖေက ပြောပါတယ်။
ဆန္ဒပြတဲ့ ဦးအောင်ဖေကို အာဏာပိုင်တွေက မှတ်တမ်းတင် ဓာတ်ပုံရိုက်တာ ကလွဲလို့ ဟန့်တား ဖမ်းဆီးမှုမရှိဘူးလို့လည်း ပြောပါတယ်။
ဦးအောင်ဖေဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တော်လှန်ရေးနေ့ကလည်း နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးနဲ့ နိုင်ငံတဝန်းပိတ်ထားတဲ့ အဖွဲ့ချုပ်ရုံးတွေကို ပြန်ဖွင့်ပေးဖို့ တကိုယ်တော် ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် တနှစ်ချမှတ်ခံခဲ့ရပါတယ်။
၂၀၀၅ ခုနှစ်တုန်းကလည်း တွံတေးမြို့ လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ ကျောင်းသားတွေနဲ့အတူ သွားရောက်အလေးပြုခဲ့လို့ ဖမ်းဆီးခံရပြီး ထောင် ၃ နှစ်ကျခံခဲ့ရဖူးပါတယ်။
No comments:
Post a Comment