Saturday, August 27, 2011

ခုခံကာကွယ်စစ်အရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး

ခင်မင်းဇော်

နယ်ခြား စောင့်တပ်ဖွဲ့ ရေးကို လက်မခံဘဲ စစ်အစိုးရ လက်ထက် ကနေ ခုအစိုးရ အထိ ပြန်လည် တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သော ကရင် ဗုဒ္ဓ ဘာသာ တပ်မတော်) တို့ တွေ့ဆုံပြီး မြို့တွင်း တိုက်ပွဲ ဆင်နွှဲပြီး ခုခံ ကာကွယ်စစ် တိုးမြှင့်မယ်လို့ သတင်း ရရှိပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။

“အက်စ်အက်စ်အေ တပ်မှူးကြီး တွေနဲ့ ကျနော်တို့ ဆီက ဗျူဟာမှူး အဆင့် ရှိတဲ့ ဗိုလ်မှူး ကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီး ကပ်ဆုံး အနာဂတ်မှာ အာဏာရှင် စနစ် ပြိုလဲဖို့ အတွက် ဘယ်လို တိုက်မလဲ၊ ဘယ်လို ချေမှုန်း မလဲဆိုတာ သွားပြီး ညှိနှိုင်း တိုင်ပင် ခဲ့တယ်။”

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်လို့ ကြေညာပေမယ့် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာကြောင့် အချိန်ကိုက် တိုက်ပွဲဖော်နိုင်အောင် ခုလို ပူးပေါင်းဆွေးနွေးရတာလို့ ဒီကေဘီအေက သတင်းထုတ်ပြန်ပါတယ်။

“တနေ့နေ့ တချိန်ချိန်မှာ အာဏာရှင် စစ်အစိုးရက ကျနော်တို့ တိုင်းရင်းသားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့ နည်းတွေနဲ့ ရက်စက်ဦးမယ်ဆိုရင် ကျနော်တို့ အက်စ်အက်စ်အေနဲ့တကွ ကျန်တဲ့တိုင်းရင်းသား အသီးသီးလည်း မြို့တွင်း တိုက်ပွဲတို့ တောင်တန်းဒေသ သူတို့ရဲ့ ထိုးစစ်တွေကို နည်းအမျိုးမျိုးနဲ့ ခုခံတိုက်ခိုက်မယ်။ ကျန်တာတွေလည်း ခံစစ်အသေမဟုတ်ဘဲနဲ့ ထိုးစစ်နဲ့ ဆက်လက်တိုက်ဖို့ ကျနော်တို့ တိုင်ပင် ညှိနှိုင်းကြတယ်။”

အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒီနှစ်အတွင်း တဖွဲ့တည်း ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။

ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး)ကနေ ခွဲထွက်လာခဲ့တဲ့ ဒီကေဘီအေ ကတော့ နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမယ့် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံနိုင်လို့ တိုက်ပွဲပြန်ဝင်လာခဲ့တာပါ။

No comments: