Sunday, August 28, 2011

ကြံ့ဖွံ့ပါတီက လူမျိုးစုပါတီဝင်တွေ ခြိမ်းချောက်

KHONUMTHUNG NEWS GROUP

ချင်း ပြည်နယ်ထန်တလန်မြို့နယ်ကြံ့ဖွံ့ပါတီခေါင်းဆောင်များက ချင်းအမျိုးသားပါတီဝင် အမျိုးသမီး တဦးအား အစိုးရနှင့် ကြံ့ဖွံ့ပါတီ မကောင်းကြောင်းပြောဆိုချက်အပေါ် ရုံးသို့လာရောက်ရှင်း လင်းရန် သြဂုတ်လ ၁၉ ရက်နေ့က ခြိမ်း ချောက် စာပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး မြို့နယ် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူးဖြစ်သူ ZaLianthang က Pi Dawtsui အား ရုံးသို့ လာရောက်ရှင်းလင်းရန် တရားဝင်စာဖြင့် နှစ်ကြိမ်တိတိ ခေါ်ယူခြင်းဖြစ်သည်။

” ဒီကိစ္စအတွက် Pi Dawt Sui ( ဈေးဆိုင်ပိုင်ရှင်) က ရုံးကို မသွားပဲ အဖေါ်တဦးနဲ့ ဇလျန်ထန်းအိမ်ကို သွားတယ်၊ ဒါပေမဲ့ ဇလျန်ထန်းက အစိုးရပါတီမကောင်းတာ တွေ မပြောကြဘို့၊ ခင်ဗျားတို့ စီအဲန်ပီကိုကြိုက် သလို အရေးယူလို့ရတယ်၊ သတိထားကြ လို့သာ တုံ့ပြန် ခံရတယ်လို့ကြားရတယ် ” ဟု ထန်တလန်မြို့ပေါ်မှ မြို့မိမြို့ဖ တဦးက ပြောသည်။

ခြိမ်းချောက်စာတွင် ပီးဒေါသ်ဆွီးအား သတ်မှတ်ရက်တွင် လာရောက်ခြင်းမရှိပါက အထက်သို့ လိုအပ်သလို တင်ပြသွား မည်ဖြစ်သည်ဟု ပါရှိကြောင်း သို့သော် ပီး ဒေါ်သ်ဆွီးသည် ယနေ့အထိ ရုံးသို့ မသွားကြောင်း သိရသည်။

” ပီးဒေါ်သ်ဆွီးက သူမ မပြောတာမလုပ်တာကို ဘာဖြစ်လို့ သွားမှာလဲလို့ သာ ပြောတယ်” ဟု ဆက်ဆိုသည်။
ဆက်လက်ပြီး အတွင်းရေးမှူးက မိမိတို့ပါတီသည် အစိုးရပါတီဖြစ်သည့်အလျောက် အာဏာကို ကြိုက်သလို သုံးပိုင်ခွင့် ရှိကြောင်း ပြောသွားသည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီ၏ လုပ်ဆောင်မှူသည် ဒီမိုကရက်စီ မဆန်ကြောင်း ၄င်းတို့ ပါတီ အာဏာရတိုင်း ထင်တိုင်းကြဲတာမျိုးသည် ၄င်းတို့ပါတီအစိုးရအာဏာကို အလွဲသုံးစားလုပ်ခြင်းသာဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။

” စီပီပီပါတီမှ ပြည်နယ် ကိုယ်စားလှယ် ပူးလာလ်မောင်းကျုံးနဲ့ ပါတီလူကြီးတချို့က ကြံ့ဖွံ့ ပါတီမကောင်းတာတွေကို ပြည်ပ သတင်းမီဒီယာတွေကို ပြောတာများတယ်၊ သူတို့လှုပ်ရှားမှူတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကြံ့ဖွံ့ လူကြီး တွေက ပြောကြတယ်” ဟု အစိုးရ ၀န်ထမ်းတဦးက ပြောသည်။

ယင်းကိစ္စနှင့်ပါတ်သက်ပြီး ပူးလာလ်မောင်းကျုံးအား ဆက်သွယ်ရန်ကြိုးစားသော်လည်း ခရီးလွန်နေသည်ဟုသာ တုံ့ ပြန်ကြသည်။

No comments: