Saturday, August 27, 2011

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဇရပ်လှကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်သည် အာဏာ ပါဝါ ကို အသုံးချပြီး ကျေးရွာသားများနှင့် ဘုန်းကြီးအကြား

ဇရပ်လှရွာမှ လာတဲ့စာ

သို့

အယ်ဒီတာ

ကျေးရွာနဲ့ သာသာနာကို ဖျက်ဆီးနေသော အတွင်းရေးမှူးတဦးအား ပြည်နယ်အစိုးရမှ ထိရောက်စွာ အရေးယူပေးပါရန် အယ်ဒီတာမှတဆင့်တင်ပြခြင်း။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဇရပ်လှကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်သည် အာဏာ ပါဝါ ကို အသုံးချပြီး ကျေးရွာသားများနှင့် ဘုန်းကြီးအကြား အထင်အမြင်လွဲအောင် လုပ်ဆောင်ကာ ဘုန်းကြီးများကို သီတင်းမသုံးနိုင်အောင် နည်းမျိုးစုံသုံးကာ သာသာနာကို ဖျက်ဆီး နေပါသည်။

ဦးသာထွန်းအောင်သည် ၁၃၇၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့တွင် ရွာသားများက ရွာရံပုံငွေ ရရှိရေး အတွက် စုပေါင်း မွေးမြူ ထားသောဆိတ်များကို တကောင်လျှင် ကျပ်ငွေ ၇၀၀၀ ဖြင့် ရောင်းစားပြီး ရွာသားများကို ပြဿနာရှာပါသည်။ ရွာသားများက မကျေနပ်၍ ၎င်းဆိတ်များကို လိုက်ရှာသော အခါ ဇရပ်လှ ကျေးရွာအနီးအနားရှိ အလယ်ရွာတွင် ပြန်လို့ဖမ်းဆီးရမိပါသည်။ ၎င်းကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုရန် အတွက် ကျေးရွာသားများက ဘုန်းကြီးကျောင်းတွင် အစည်းအဝေး လုပ်ခဲ့ပါသည်။ ယခုကဲ့သို့ အစည်းအဝေး လုပ်သည်ကို ကျေးရွာသားများနှင့် ဘုန်းကြီးက သူ့ကို သတ်ရန် ကြံစည်သည်ဟု ယူဆကာ ဘုန်းကြီးကို ပြဿနာရှာပါသည်။ သို့သော်လည်း အဆိုပါ ပြဿနာတွင် ရပ်သူရွာသားများက ဘုန်းကြီးဖက်မှ ပါသဖြင့် ဦးသာ ထွန်းအောင်၏ သာသနာဖျက် စီမံကိန်းသည် နောက်ဆုတ်ခဲ့ရပါသည်။

၁၃၇၂ ခု နတ္တော် လပြည့်ကျော် ၆ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ ရသေ့တောင်အမတ် ဦးသိန်းမောင်ထံမှ ကျေးရွာတွင် စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ပေးသော ကျပ်ငွေ ၅ သိန်းကိုလည်း စာသင်ကျောင်း မဆောက်ဘဲ သူ တဦးတည်း ကိုယ်ကျိုး အတွက် အသုံးပြုခဲ့သည်။ ၎င်းကို ကျေးရွာသားများက မကြေနပ်၍ ဆူပူမှု ဖြစ်ပွားခဲ့ရပါ သည်။ ယခုကဲ့သို့ ဆူပူမှုဖြစ်ပွားရခြင်းသည် ဘုန်းကြီးမှ ကြံစည်ခြင်းဖြစ်သည်ဟု သူက ယူဆကာ ဘုန်းကြီးကို နောက်ထပ် ပြဿနာရှာပါသည်။ ယခုကဲ့သို့ ပြဿနာရှာနေသည်ကို စစ်တွေ နန္ဒာရာမှ ဆရာတော်ကြီးက ဖြေရှင်း ပေးသော်လည်း ပြဿနာမှာ ကျေအေးသွားခြင်းမရှိဘဲ ဆက်လက် ကြီးထွားလာခဲ့ရသည်။ ထို့ကြောင့် ကျေးရွာတွင် ဘုန်းတော်ကြီးများမှာ သူ၏ မကောင်းကြံစည်မှုများကြောင့် တပါးပြီးတပါး ကျောင်းပြောင်း နေကြ ရပါသည်။

ယခုအခါ ဦးသာထွန်းအောင်သည် ကြံ့ဖွံပါတီ ရသေ့တောင်အမတ် ဦးသိန်းမောင်ထံမှ စာသင်ကျောင်း ဆောက်လုပ်ရန်ပေးသော ကျပ်ငွေ ၅သိန်းဖြင့် စာသင်ကျောင်းကို မလုပ်သည့်အပြင် ယခင်က တည်ဆောက် ထားသော စာသင်ကျောင်းကိုလည်း ဖြိုဖျက်ပြီး အဖိုးတန်သစ်များကို ရောင်းစား ထားပါသည်။

ယခုကဲ့သို့ စာသင်ကျောင်းကို ဖြိုဖျက်ရောင်းစားလိုက်သည့်အတွက် ကျေးရွာရှိ ကလေးငယ်များမှာ ယာယီ တည်ဆောက်ထားသော မိုးမလုံလေမလုံ စာသင်ကျောင်းတွင် စာသင်နေကြရပါသည်။ သူ၏ စာသင်ကျောင်း များကို ဖြိုဖျက်ပြီး သစ်များကိုရောင်းစားခြင်းသည် ကျေးရွာရှိ ကလေးငယ်များကို ပညာ မသင်နိုင်အောင် လုပ်ဆောင်ပြီး ဖျက်ဆီးနေခြင်းသာ ဖြစ်ပါသည်။

ကျေးရွာတွင် အရက်သေစာ ရောင်းစားခြင်းကို ပိတ်ပင်ထားသော်လည်း ဦးသာထွန်းအောင်က သူ၏အာဏာကို သုံးကာ အရက်ဆိုင်များဖွင့်ပြီး "တချက်ခုတ်နှစ်ချက်ပြတ်" ဆိုသည့်အတိုင်း ကိုယ်ကျိုးအတွက် ၀င်ငွေရသလို အခြားတဖက်မှာ ကျေးရွာရှိ လူငယ်လူလတ်ပိုင်းများကို ဖျက်စီး နေခြင်း ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများကြောင့် ကျေးရွာတွင် ကလေးငယ်များ ပညာ ကောင်းမွန်စွာ မသင်ကြားနိုင်ခြင်း၊ ကျေးရွာလူထုအတွင်း စည်းရုံးမှုပျက်ပြားစေခြင်း၊ ကျေးရွာလူငယ်များကို "လူပယ်လူတေ" များဖြစ်အောင် အရက် ဆိုင်ဖွင့်ခြင်း၊ ရွာဦး ဘုန်းကြီးကျောင်းများတွင် ဘုန်းတော်ကြီးများ တာရှည် မခံနိုင်အောင် ဖန်တီး လုပ်ဆောင်နေသော ဦးသာထွန်းအောင်အား ထိရောက်စွာ အရေးယူပေးပါရန် အယ်ဒီတာမှတဆင့် သက်ဆိုင် ရာ ပြည်နယ် တာဝန်ရှိသူများ သိရှိအောင် ရေးသား တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ကျေးရွာမပျက်စီးမပြိုကွဲစေလိုသော ကျေးရွာသားများ
ဇရပ်လှရွာ

No comments: