Friday, August 26, 2011

အချိန်ဇယားလိုနေတဲ့ နိုင်ငံရေး

ကိုမိုးကောင်း

အကယ်၍များ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ အမိန့် ကြေညာစာ အမှတ် -- /၂ဝ၁၁ အရ အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့်အား ကြေညာ လိုက်သည်။

အမိန့်ကြေညာစာ အမှတ် -- /၂ဝ၁၁ အရ တိုင်းပြည်အတွင်း နေရာဒေသ အားလုံး၌ တပ်မတော်မှ အပစ်အခတ်ကို ရပ်စဲလိုက်ပြီး နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာမည်။

စသည့် ကြေညာချက်များအား မြန်မာနိုင်ငံပိုင် မီဒီယာအသီးသီးမှ ကြေညာလိုက်ပြီး ထိုကြေညာချက်များနှင့် မရှေးမနှောင်းမှာပင် ဦးသိန်းစိန် အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲကြေညာချက် ထွက်လာသည်။

ထိုကြေညာချက်တွင် -
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ (လက်နက်ကိုင် အဖွဲ့များမှ အကျဉ်းကျခံနေရသူများ အပါအဝင်) ကို ခြွင်းချက်မရှိ တလအတွင်း လွှတ်ပေးမည်။ ၂ဝ၁၁ ဒီဇင်ဘာလကုန် အထိ နိုင်ငံတော်အစိုးရနှင့် အဖွဲအစည်း အသီး သီးသည် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရန် ကြိုတင် ပြင်ဆင်ကြမည်။

၂ဝ၁၂ ဇန်နဝါရီလမှ စတင်၍ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးအင်အားစုများ (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်)၊ တိုင်းရင်းသား အင်အားစုများ တွေ့ဆုံ၍ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးများကို နိုင်ငံရေး အနှစ်သာရရှိစွာ ဆွေးနွေးပြီး ပူးပေါင်း အဖြေရှာကြမည်။

၂ဝဝ၈ အခြေခံဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသော အခြေခံမူများကို ပြုပြင်မည်။ ဖက်ဒရယ် ပြည်ထောင်စု အတွက် လိုအပ်သော အခြေခံဥပဒေများကို ထပ်မံထည့်သွင်းမည်။(အခြေအနေများက တောင်းဆို၍ လိုအပ်လာ ပါက နိုင်ငံတော်၏ အင်အားစုများ အားလုံး ပါဝင်သည့် စစ်မှန်သော အမျိုးသား ညီလာခံတရပ် ကျင်းပပြီးနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တစ်ခုကို ထပ်မံရေးဆွဲပြဋ္ဌာန်းမည်။)

ထိုလုပ်ငန်းစဉ်များကို ၂ဝ၁၄ ခုနှစ်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးစားကြမည်။ (မပြီးစီးနိုင်ပါက အများစု၏ဆန္ဒအရ သင့်တော်သောအချိန်ကာလတခု ထပ်မံသတ်မှတ်မည်။)

ထိုသို့အချိန်စာရင်း အတိအကျ သတ်မှတ်ထားသော ကြေညာချက်များကို မြန်မာပြည်သူများကို သာမက နိုင်ငံတကာ သို့ပါ လူသိရှင်ကြား တရားဝင်ကြေညာနိုင်ပါက ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှု၊ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ် အဆင်ပြေ ချောမွေ့မှုနှင့် ဦးသိန်းစိန်၏ ၈၈ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်ပြည်ပသို့ရောက်သွားသူများကို ပြည်တော်ပြန်ရန် ခေါ်ဆိုမှုများအား သံသယနှင့် ဝေဖန်ပြောဆိုမှုများ ပျောက်ကွယ် သွားမည်မှာ အမှန်ပင်ဖြစ်ပါသည်။

သို့သော် သံသယများ ၁ဝဝ ရာခိုင်နှုန်း ပပျောက်သွားဦးမည်တော့ မဟုတ်ပါ။ ကျန်ရှိနေမည်ဖြစ်သော သံသယ သည်ကားစစ်တပ် တစ်ခု လုံးနှင့် နိုင်ငံတော်၏ သယံဇာတအဝဝကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်သော အရပ်သားအစိုးရအမည်ခံ စစ်ဗိုလ်ချုပ်များက ထိုသို့သောအခြေအနေများကို အချိန်မရွေး ရပ်စဲပစ်နိုင်သည်ဟူသော သံသယဖြစ်ပါသည်။

ထိုသံသယသည် ကား လွန်ခဲ့သည့် ၂၃ နှစ်အတွင်း နဝတ အမည်ခံလိုက်၊ နအဖ အမည်ခံလိုက်နှင့် အမည် အမျိုးမျိုးပြောင်းခဲ့သော်လည်း အနှစ်သာရအားဖြင့် ဘာမှပြောင်းလဲမှုမရှိခဲ့သော စစ်အာဏာရှင်များ၏ သရုပ်သဏ္ဍာန်ကြောင့်ဖြစ်ရသော သံသယ အကြွင်းအကျန်ပင် ဖြစ်ပါသည်။ သံသယများအကြွင်းမဲ့ပယ် ဖျောက်ရန်ကား လက်တွေ့ လုပ်ရပ်များနှင့်ပင် သက်သေပြရမည် ဖြစ်ပေသည်။

နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးခြင်း၊ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲခြင်း၊ အနှစ်သာရရှိသော နိုင်ငံရေးကမ်းလှမ်းမှုများပြုလုပ်ခြင်း စသည့် လက်တွေ့ကျသော လုပ်ရပ်များကို မပြုလုပ်ဘဲ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ရာဇလီ အစ္စမေး မြန်မာပြည်သို့ လာရောက်ခဲ့အပြီး ၂ဝဝ၂ ခုနှစ် ကကဲ့သို့ လုပ်ကွက်များကို တကျော့ပြန်လုပ်ဆောင်နေခြင်းသည် တိုးတက်မှု ခြေလှမ်းဆိုသည်ထက် ရွှေစွန်ညို ဘာကိုလိုသနည်း ဟူ၍သာ စဉ်းစားရမလိုဖြစ်နေပါသည်။

ရွှေစွန်ညိုသည် နိုင်ငံတကာတွင် အဓိကအချက် ၂ ချက်၊ ပြည်တွင်းတွင် အဓိကအချက် ၁ ချက် ရလို ဖြစ်လိုနေသည်ဟု မြင်ပါသည်။

နိုင်ငံတကာတွင် -
၁။ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌနေရာကို အဆင်ပြေ ချောမွေ့စွာ ရယူနိုင်ရန်။

၂။ လက်ရှိအမည်ခံ အရပ်သားအစိုးရကို နိုင်ငံတကာ (အထူးသဖြင့် အမေရိကန်၊ အီးယူနှင့် ဒီမိုကရေစီ နိုင်ငံများ) မှ အကြွင်းမဲ့ အသိ အမှတ်ပြုမှုကို ရယူနိုင်ရန်။

ပြည်တွင်းတွင် -

၁။ မြန်မာစစ်အုပ်စုသည် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စခန်းများကို လက်နက်ကိုင် အင်အားစုများ၏ ခိုလှုံရာဟု မှတ်ယူထားရာ ထိုင်းအစိုးရမှ ဒုက္ခသည်စခန်းများကို ပိတ်သိမ်းခြင်းဖြင့် လက်နက်ကိုင် အင်အားစုများအား အမြစ်ပြတ်ချေမှုန်းနိုင်ရန်။

မြန်မာပြည်တွင် ယခု အခြေအနေများသည် စစ်အုပ်စုအတွင်း ပြုပြင်ပြောင်းလဲရေး အုပ်စုက သဘောထား တင်းမာသော အုပ်စုကို အသာရခြင်းလည်း မဟုတ်ပါ။ ဆိုခဲ့သလို မြန်မာစစ်အုပ်စုအတွင်း တကယ် ၂ စုကွဲ နေသည် ထားဦး။ သူတို့ ၂ စု၏အထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟု ဘွဲ့မည်တပ်ရမည်လား၊ ဦးသန်းရွှေဟုဆိုရ မည်လား မသိသော ပုဂ္ဂိုလ်ကြီးသည် အာဏာကို ချုပ်ကိုင်ထားဆဲပင် ရှိလေသည်။ အခြေအနေသည် ၁၉၈၈ ဗိုလ်ချုပ်စောမောင်ခေါင်းဆောင်သော စစ်တပ်မှ အာဏာသိမ်းပြီးစကဲ့သို့ အာဏာအဝဝကို ဦးနေဝင်းက ချုပ်ကိုင်ထားသလိုမျိုး အခြေအနေသာ ဖြစ်ပေသည်။

စေတနာမှန်သော လက်တွေ့လုပ်ရပ်များကသာ အားလုံး၏ လက်ခံယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိနိုင် မှာဖြစ်ပြီးမြန်မာပြည်၏ အနာဂတ်ကိုလည်း အကောင်းမျှော်လင့်နိုင်မည် ဖြစ်ပေသည်။

မြန်မာပြည်အတွက် လက်ရှိ တကယ်လိုအပ်နေသောအရာကား အခြေခံကျသော နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်သည့်နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်းနှင့် တပြည်လုံးအတိုင်းအတာအရ အပစ်အခတ်ရပ်ခြင်းကို အရင်ဦးဆုံး လက်တွေ့ လုပ်ဆောင်ကာ အပြုသဘောဆောင်သော နိုင်ငံရေးလုပ်ငန်းစဉ်များကို အချိန်ဇယား အတိအကျဖြင့် ဦးသိန်းစိန်အစိုးရက တိုင်းသိပြည်သိ နိုင်ငံတကာသိ ကြေညာရန်ပင် ဖြစ်ပေသည်။

No comments: