Sunday, August 28, 2011

မြန်မာတပ်မတော်အတွင်း နောက်ဆုံးအခြေအနေများ

အောင်လင်းထွဋ်

မြန်မာ့ တပ်မတော် တွင် ၂၀၁၁ ဇွန်လမှ စ၍ ဒုတိယတန်း စစ်ဗိုလ် ချုပ်ကြီးများ အတွင်း အာခံမှု၊ မကြေလည် မှုများ စတင်ပေါ် ပေါက်လျက် ရှိသည်။ ၂၀၀၇ စက်တင်ဘာလ သံဃာ့ အရေး အခင်းမှ စ၍ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များ အတွင်း အေးချမ်းစွာ တွေ့ဆုံ ဆွေးနွေး ဖြေရှင်း လိုသော သဘောထား ပျော့ပြောင်းသည့် စစ်ဗိုလ်ချုပ် များနှင့် ကြမ်းတမ်းစွာ အင်အားသုံး ဖြေရှင်း လိုသော သဘောထား တင်းမာသည့် စစ်ဗိုလ် ချုပ်များ ဟူ၍ အမြင် နှစ်မျိုး ကွဲခဲ့သည်။

၂၀၀၇ သံဃာ အရေး အခင်း နောက်ပိုင်းတွင် စစ်တပ် အတွင်း တည်ငြိမ် မှုနှင့် အမိန့် နာခံမှု အားနည်း လာသည်ဟု ပြောရ ပေမည်။ အများ အားဖြင့် အသက် ၅၀ ၀န်းကျင် ခေတ်အမြင် အတွေး အခေါ်ရှိသော စစ်ဗိုလ်ချုပ် အများစုသည် လက်ရှိ အခြေ အနေ ပေါ်တွင် အကြမ်း ဖက်ဖြိုခွင်းမှု မပြုလုပ် လိုကြပါ။

လက်ရှိ ထိန်းသိမ်း စစ်ဆေး မေးမြန်းခံ နေရသော ကာကွယ်ရေး ၀န်ကြီး ဌာနမှ စစ်ဆင်ရေး အထူး အဖွဲ့မှူး များဖြစ်သည့် ယာယီ ဒု ဗိုလ်ချုပ်ကြီး တင်ငွေ၊ ယာယီ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ စစ်ဆေး ရေးနှင့် စာရင်း စစ်ချုပ် ယာယီ ဒု ဗိုလ်ချုပ်ကြီး ကျော်ဖြိုး၊ တောင်ပိုင်းတိုင်း စစ်ဌာ နချုပ် တိုင်းမှူး ယာယီ ဗိုလ်ချုပ် ထွန်းသန်း ၊ တြိဂံတိုင်း စစ်ဌာ နချုပ် တိုင်းမှူး ယာယီ ဗိုလ်ချုပ် သန်းထွန်းဦး တို့သည် လက်ရှိ မြန်မာ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ချွတ်ခြုံ ကျပြီး စစ်သည်များ အပါဝင် တနိုင်ငံလုံး ဆင်းရဲနွမ်းပါး နေမှုကို ကောင်းစွာ သဘောပေါက် နားလည် သည်။ ၎င်းတို့သည် ပြဿနာကို နိုင်ငံရေး အရ ဖြေရှင်း လိုသူများ ဖြစ်သည်။ ဆက်လက် ၍လည်း နေပြည်တော်တွင် အမြင် ကွဲပြားသော စစ်ဗိုလ် ချုပ်များ အပါအ၀င် စစ်တပ် အရာရှိကြီး များကို ဆက်လက် ဖော်ထုတ် ထိမ်းသိမ်းဆဲ ဖြစ်သည်ဟု သိရသည်။

ပြဿနာ ၏အစသည် နိုင်ငံတော် မူဝါဒ အသစ်ဟု ပြောရမည့် ဆင်းရဲမွဲ နွမ်းပါးမှု ပပျောက်ရေး လုပ်ငန်း စဉ်နှင့် ပတ်သက်၍ တပ်မတော် တပ်မှူးကြီး များ၏ ၂၀၁၁ ခုနှစ် မေ၊ ဇွန် ပုံမှန် လေးလပတ် အစည်း အဝေးတွင် ခေါင်းစဉ် တခု အနေဖြင့် ထည့်သွင်း ဆွေးနွေး ခဲ့ရာမှ စသည်ဟု ဆိုရပါမည်။ အဆိုပါ အစည်းအဝေး မတိုင်မီ စစ်တပ် အတွင်းတွင် ၂၀၀၉ ခုနှစ် လောက်မှ စ၍ ပြည်ပ VOA, BBC, RFA, DVB အသံလွှင့် ဌာန များ၏ စစ်တပ် အတွင်း စစ်သည်နှင့် မိသားစု များအား လှုံ့ဆော် ပေးနိုင်မှု များကြောင့် စစ်တပ် အတွင်းတွင် စားဝတ် နေရေး အတွက် မိသားစု စီးပွားရေး မပြေလည် မှုအပေါ် အခြေခံ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ ရဲမွန် တပ်နယ်၊ အင်းတကော် တပ်နယ်၊ မှော်ဘီ တပ်နယ် များရှိ တပ်ရင်း တပ်ဖွဲ့ များမှ အရာရှိစစ်သည်များ ဆန္ဒဖော်ထုတ် ပုန်ကန်မှုများ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အရေးဆို မှုများကြောင့် စစ်တပ် အတွင်း ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ အတော် တုန်လှုပ် ခဲ့ကြသည်။

အလားတူ တခြား စစ်တိုင်းများတွင်လည်း စစ်သည် တချို့ ဆန္ဒဖော်ထုတ် တောင်းဆိုမှု များကြောင့် စစ်သည် များအား လစာငွေ ကျပ် ၂၀၀၀၀ နှင့် ရိက္ခာ အစိုငွေများ ထပ်မံ တိုးမြှင့် ပေးခဲ့ကြသည်။ သို့သော် ကုန်ဈေးနူန်း မြင့်တက် နေမှုကြောင့် စစ်သည် များ၏ မိသားစု စားဝတ်နေရေး အဆင်ပြေမှု မရှိခဲ့ပါ။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲေ န့မှစ၍ ငြိမ်းချမ်းရေး ယူထား ခဲ့သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ခွဲထွက် အဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ် ခဲ့ပြီး ရှမ်းပြည် တပ်မတော် (SSA) တပ်များ၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့နှင့်ပါ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလာသည်။ တိုက်ပွဲ များတွင် အစိုးရ တပ်မှ စစ်သည် အကျအဆုံး များခဲ့မှု အပေါ် တပ်မှူးကြီး များနှင့် တပ်မှူးငယ် များအကြား သူကြောင့် ကိုယ့်ကြောင့် ဟူ၍ ပြစ်တင်ပြောဆို ဝေဖန်ခဲ့ကြ သည်။

တိုင်းရင်းသား လက်နက်ကိုင် များနှင့် ဖြစ်ပွားသော တိုက်ပွဲကြီး ငယ်များတွင် စစ်တပ် ဘက်မှသာ အကျ အဆုံးနှင့် ထိခိုက် ဒဏ်ရာ ရရှိမှု များပြားသည့် အတွက် စစ်သည်များ စိတ်ဓာတ် ကျကာ တပ်မှ ထွက်ပြေးသူ ပြေး၊ ရန်သူထံ လက်နက်ချသူ ချ ပိုမိုဖြစ် လာခဲ့သည်။ KIA နှင့် တိုက်ခိုက် နေသော မြောက်ပိုင်းတိုင်း စစ်ဌာ နချုပ် လက်အောက်ခံ ခလရ (၃၇) ဆိုလျှင် စစ်သည် များ၏ တောင်းဆို မှုကြောင့် စစ်ဆင်ရေး ထွက်ရန် အမိန့်ကို တပ်ရင်းမှူး ကိုယ်တိုင် ငြင်းဆိုပြီး အရေး ယူခံ သည့်ဖြစ် စဉ်များ ရှိခဲ့ သည်ဟု သိရသည်။

တပ်မတော် တပ်မှူး ကြီးများ၏ ၂၀၁၁ ခုနှစ် မေ၊ ဇွန် ပုံမှန် လေးလပတ် အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နိုင်ငံတော် မူဝါဒ ဖြစ်သော ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်း စဉ်နှင့် ပတ်သက်၍ တပ်မတော် အတွင်းရှိ စစ်သည် မိသားစုများ စားဝတ် နေရေး သက်သာ ချောင်ချိရေး လုပ်ငန်းများကို အပေါ်တပ်မှူး များအား တင်ပြခိုင်း သည်များ ရှိပါသည်။ ထို့အပြင် စစ်ပွဲများတွင် စစ်သည် အကျအဆုံး များမှု၊ စစ်ရေး စွမ်းရည် ကျနေမှု၊ ရှေ့တန်း စစ်မြေပြင်နှင့် မြို့ပေါ်တွင် ပြည်သူ လူထု အပေါ် စည်းရုံး ရေးစွမ်းရည် ကျဆင်း နေမှု၊ တပ်တွင်း စစ်ပြေးများမှု၊ အမှုအခင်း များပြားခြင်း၊ တပ်အတွင်း စည်းလုံး ညီညွတ်မှု အားနည်းပြီး အုပ်ချုပ်ရေး စွမ်းရည် ကျဆင်း လာမှုတို့ အပေါ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်အောက် တပ်မှူးကြီး များအား ပြင်းပြင်း ထန်ထန် ဆူပူကြိမ်းမောင်း သည်ဟု သိရသည်။

အဆိုပါ အစည်း အဝေးသို့ တက်ရောက်သော ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဒု ဗိုလ်ချုပ်ကြီး တချို့နှင့် စစ်တိုင်းမှူး ဗိုလ်ချုပ် တချို့တို့က ကာကွယ်ရေး ဦးစီး ချုပ်၏ ပြောကြားချက် အပေါ် အမှန်တကယ် အောက်ခြေ စစ်သည် များအတွင်း ဖြစ်ပျက် နေသော စစ်သည်နှင့် မိသားစု များ၏ ကြုံတွေ့ နေရသည့် ဒုက္ခ ခံစားနေ ရမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့် အလွန် နိမ့်ကျနေ မှုများ၊ စီးပွားရေး မပြေလည် မှုကြောင့် စစ်ပြေးများ လာရခြင်း များကို တင်ပြ ခဲ့ကြသည်။

အစစအရာရာ ချွတ်ခြုံကျပြီး စိတ်ဓာတ်ပျက်ပြားနေခြင်းကြောင့် စစ်ပွဲများတွင် အဆုံးအရှုံးများလာရခြင်းတို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လက်ရှိအစိုးရသစ်၏ ပြည်နယ်ဝန်ကြီးချုပ်များနှင့် စစ်တိုင်းဌာနချုပ်များ၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ မကြေလည်မှုများကို ထည့်သွင်းပြောဆိုကြရာမှ ကာကွယ်ရေးဦးစီးချုပ်နှင့် မပြေမလည်ဖြစ်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ အစည်း အဝေးတွင် ဝေဖန် ပြောဆို ဆွေးနွေးခဲ့ သူများကို ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တိုင်ကြား ခဲ့သည်။ အဆိုပါ ဖြစ်စဉ်များ နောက်ပိုင်း တွင် လက်ရှိ စစ်ခေါင်းဆောင် များအပေါ် အာခံသည်ဟု ယူဆ သူများကို ထုံးစံအတိုင်း လာဘ်စား သည်ဟူသော ပုဒ်မဖြင့် အရေးယူ မှုများ ပြုလုပ် ခဲ့သည်။

အတည်ပြုဆဲသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်မှ တရားဝင် အနားယူ သေးခြင်း မရှိသေးပါ။ လက်ရှိအဆင့် ဗိုလ်ချုပ် မှူးကြီး ရာထူးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးရန် အစီစဉ် မရှိသေး ကြောင်း သိရသည်။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေသည် ၄င်း၏ နေအိမ်ဝန်း အတွင်း ရုံးခန်းဖွင့်လှစ်ထား ဆဲဖြစ်သည်။ စစ်ဘက် လက်ထောက် ဗိုလ်ချုပ် နေ၀င်း၊ အမျိုးသား ထောက်လှမ်း ရေးမှူးချုပ် ဗိုလ်ချုပ် စိုးရှိန်နှင့် ရုံးအဖွဲ့ ယခင် အတိုင်း ရှိနေ ပါသည်။ ပုံမှန် တနင်္လာမှ သောကြာနေ့ နံနက်တိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲ ရေးမှူး ဒု ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်း တို့သည် ပုံမှန် သတင်းပို့ လမ်းညွှန်ချက် ခံယူရ ဆဲဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဦးတင်အောင်မြင်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ကို သီးခြား ခေါ်တွေ့ လေ့ရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ဆင့်ခေါ် ပေးရ သည်ဟု သိရပါသည်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကြံ့ဖွံ့ ပါတီမှ ဦးအောင်သောင်းတို့သည် ယခင် အတိုင်း ဒေါ်ကြိုင်ကြိုင် လမ်းကြောင်း မှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ၀င်ထွက်ခွင့် ရှိနေ ဆဲဟု ဆိုပါသည်။

အစိုးရ သစ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်မှု အောက်တွင် အပြည့်အ၀ လိုက်နာ ဆောင်ရွက် နေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၊ တိုင်းရင်းသား လက်နက်ကိုင် အရေး အစရှိသည့် နိုင်ငံရေး လှုပ်ရှားမှု များအပေါ် အစိုးရသစ် တက်လာ ကာစတွင် တင်းတင်း မာမာ ပြသခဲ့ သော်လည်း ယနေ့ ပျော့ပြောင်း သယောင် ပြသလာ မှုများသည် စစ်တပ် အတွင်း အခြေခံ စစ်သည်မှ သည် စစ်ဗိုလ်ချုပ် အဆင့်များ အထိ အမိန့် မနာခံမှု၊ ပုန်ကန်မှု များနှင့် တစိတ် တပိုင်း ဆက်စပ် နေသည်။

သမိုင်းကြောင်း အရ မြန်မာ့ တပ်မတော်တွင် ဗိုလ်ချုပ်များ ဖြုတ်ထုတ် ခံခဲ့ရ သော်လည်း ယနေ့ အချိန်အခါ ကဲ့သို့ အခြေခံ စစ်သည် အများစု ပါဝင်ပြီး ဆန္ဒပြ တောင်းဆိုမှု၊ အမိန့် မနာခံ မှုများ မရှိခဲ့ပါ။ မြန်မာ နိုင်ငံ အနေဖြင့်လည်း အပြင်း ထန်ဆုံး ပြည်တွင်း ပြည်ပ ဖိအားနှင့် ရင်ဆိုင် နေရချိန်၊ အာရပ် ကမ္ဘာ၏ ပြောင်းလဲ နေမှုများသည် မြန်မာ့ နိုင်ငံ ရေးသို့ ရိုက်ခတ် နေပါသည်။

ထို့ကြောင့် မြန်မာ အစိုးရက ဒေါ်အောင်ဆန်း စုကြည်၊ တိုင်းရင်းသား၊ စစ်တပ် နှင့် ပြည်သူ လူထု အပေါ်တွင် နိုင်ငံရေး ကစား နေမှုကို သတိကြီးစွာ စောင့်ကြည့်ပြီး ဒီမိုကရေစီ အင်အားစု များအ နေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ၀န်းရံ၍ သတင်း အမှန်များ ပေးခြင်း၊ အားပေး ထောက်ခံ ခြင်းဖြင့် ကူညီကြ သင့်ပါသည်။ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် လည်း မဟာဗျူဟာ နည်းဗျူ ဟာများ ချမှတ်ပြီး ပြည်သူ လူထုအား လမ်းညွှန်မှု များ ပီပီပြင်ပြင် ညွှန်ကြား ပေးစေ လိုပါသည်။

No comments: