Sunday, August 14, 2011

အစိုးရသစ် သတင်းစာရှင်းလင်းပွဲ အာရဖွယ်ရှိဟု ပြည်တွင်းမီဒီယာများ​​ သုံးသပ်

အံ့ဘုန်းမြတ်

ဒီလ ၁၂ ရက် နေ့က နေပြည်တော် ပြန့်ကြားရေး ၀န်ကြီး ဌာန ရုံးမှာ ပြုလုပ် ခဲ့တဲ့ အစိုးရ အဖွဲ့ သစ်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်း ပွဲနဲ့ ပတ်သက်ပြီး အားရ ဖွယ်ရှိ တယ်လို့ ပြည်တွင်း မီဒီယာ လောက သားတွေ က ကြိုဆို လိုက်ကြ ပါတယ်။

ဒါ့အပြင် လည်း နောက်ပိုင်းမှာ ဒီထက် ပိုမို ကောင်းမွန်အောင် လုပ်ဆောင် ကြဖို့ ကိုလည်း တိုက်တွန်း ပြောကြား လိုက်ကြ ပါတယ်။

ပြန်ကြား ရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်း ဦးဆောင်တဲ့ အစိုးရ ပြောရေး ဆိုခွင့်နဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ရဲ့ ပထမဆုံး ၁/၂၀၁၁ သတင်းစာ ရှင်းလင်းပွဲမှာ အတိုင်း အတာ တခုအထိ လွတ်လွတ် လပ်​လပ်​ မေးမြန်းခွင့် ရလာတဲ့​ အပေါ်နဲ့ တာဝန်ခံ ဖြေကြားမှု တွေကို ပြည်တွင်း သတင်း မီဒီယာ သမား တွေက အပြု သဘောင် ဆောင်ပြီး အားရမှု ရှိကြောင်း ပြောကြား လိုက်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြောကြားကြတဲ့ အထဲက သတင်းစာရှင်းလင်းပွဲမှာ တက်ရောက် သတင်းယူခဲ့တဲ့ ရန်ကုန်တိုင်းမ်နဲ့ ဖလားဝါးနယူးဂျာနယ် အယ်ဒီတာချုပ် ဆရာဦးကိုကို (စက်မှု) က အခုလိုပြောပြပါတယ်။

“ဖြစ်ချင်တဲ့ပုံစံနဲ့ တူသလားဆိုတော့ ကျနော်ထင်ပါတယ် တဖြည်းဖြည်းချင်းတော့ တူလာမယ် ထင်ပါတယ်။ ကောင်းတဲ့ အချက်ကတော့ မေးခွန်းတွေ ဘာတွေ ကန့်သက်မထားဘူဗျ။ မေးချင်တာတွေကို လွတ်လွတ်လပ်လပ် မေးခွင့်ရတယ်။ မေးခွန်း မေးခွင့် မိနစ် ၄၀ ပေးတယ်။ မမေးရတဲ့သူကို မရှိဘူးဗျ။ ၁၀ ယောက် ၁၅ ယောက်လောက်ကို မေးတယ်။ အများဆုံးကတော့ ပြည်တွင်း သတင်း ဂျာနယ်တွေက မေးတယ်။ နိုင်ငံခြား သတင်းဌာန သတင်းထောက်ကတော့ ၃ ယောက်လောက်ပဲ မေးတယ်။ သတင်းစာ ရှင်းလင်းပွဲကတော့ relax ဖြစ်ပါတယ်။ သို့သော် ပထမဆုံး အကြိမ် ရှင်းလင်းပွဲ ဖြစ်တဲ့အတွက်ကြောင့် ပြောစရာတွေ အများကြီးရှိတဲ့ဟာကို ပေါင်းပြီး ပြောလိုက်ရတော့ နည်းနည်းလေးတော့ ထွေပြားသွားတယ်ဗျာ။”

ဝါရင့် သတင်းစာဆရာတဦး​ ဖြစ်သလို ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသကလည်း သတင်းစာရှင်းလင်းပွဲကို အစိုးရသစ်ရဲ့ အစကောင်းတဲ့ သတင်းစာရှင်းလင်းပွဲ အဖြစ် အခုလို သုံးသပ်ပြောကြားပါတယ်။

“အစကောင်းတယ်လို့တော့ ပြောရမှာပေါ့။ အစဆိုတာက အရပ်သား အစိုးရ လက်ထက်မှာ ပထမဆုံးလုပ်တဲ့ ပြောရေးဆိုခွင့်ရဲ့ သတင်းစာရှင်းလင်ပွဲမှာ မေးတဲ့ မေးခွန်တွေက သတင်းထောက်တွေ အတွက် တော်တော်ကြီး ကောင်းပါတယ်။ တိုင်းပြည်က သိချင်နေတဲ့ မေးခွန်းပါ။ အဲတော့ သတင်းစာ ဆရာတွေဘက်က တာဝန်ကျေပါတယ်။ နောက် အဖြေကတော့ ဘာပဲပြောပြော ပြန်ကြားရေး ၀န်ကြီးတင် မကဘဲနဲ့ ကျန်တဲ့ အဖွဲ့ဝင်ပေါ့နော်။ ငွေကြေး ကိစ္စ ပတ်သက်တာ၊ စက်မှုဆိုရင်လည်း စက်မှုနဲ့ ပတ်သက်တာ အဲလို ဖြေနေတာလေးက တော်တော်လေး ကောင်းပါတယ်။ ကျနော်ထင်တယ် နောက်ပိုင်းမှာ သီးခြားသီးခြား လုပ်ရင် ပိုကောင်းမယ်။ အခုဟာကတော့ အကုန်လုံးက ပြုံပြီးတော့ မေးစရာလေးကလည်း အများကြီး ဖြေရမှာတွေကလည်းအများကြီး အဲလို ဖြစ်နေတယ်။”

ဒါ့အပြင် အစိုးရအဖွဲ့ကို သတင်းစာရှင်းလင်းပွဲမှာ လွတ်လပ်စွာ ပြောဆို မေးမြန်းခွင့် ရပေမယ့် ပြည်သူတွေကို ပြန်လည် တင်ပြတဲ့နေရာမှာလည်း လွတ်လပ်ခွင့်တွေ ပေးဖို့ လိုအပ်တယ်လို့လည်း ဆရာမောင်ဝံသက ပြောပါတယ်။

“သတင်းစာ ရှင်းလင်းပွဲဆိုတာ ဘာပဲပြောပြော ပြည်သူလူထုကို ပြောပြနေတာပေါ့။ သတင်းစာ ဆရာတွေကလည်း ပြည်သူလူထု ကိုယ်စား မေးစရာ ရှိတာတွေ မေးမယ်။ နောက်တခါ သတင်းပြန်ပို့မယ်။ အဲတော့ မေးခွန်းတွေ ထုတ်ခွင့် ရှိတယ်။ ပြန်ဖြေတာတွေလည်း မှတ်သားခြင်း ရှိတယ်။ ပြန်ပြီးတော့ ပြောသင့် ပြောထိုက်တာ ရေးသင့်ရေးထိုက်တာတွေကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် မေးခွင့်ရတယ်။ ပြန်ပြီးတော့ တင်ပြခွင့် ရဖို့အတွက် ဆိုတဲ့အတိုင်းပဲ အဲဒါတွေကို တဖြည်းဖြည်းနဲ့ ဆောင်ရွက်သွားကြဖို့ သင့်တယ်လို့ ထင်ပါတယ်။”

ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂရဲ့ ဒုဥက္ကဌ ဦးဇင်လင်းကတော့ ဒီအပေါ်ကို အစိုးရသစ်အနေနဲ့ ယာယီ နိုင်ငံရေးစကားကွက်တခု ဖြစ်နေမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

“နှိုင်းယှဉ်ချက်အရ ပြောရင်တော့ တစုံတရာ အတိုင်းအထာအထိ ပွင့်လင်းလာတယ်လို့ ကျနော်တို့ မြင်ရတယ်။ သို့သော်လည်း ရာနှုန်းပြည့် ရိုးသားမှု ရှိတယ်လို့ ကျနော်တို့ မမြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စိုးရိမ်တာ တခုရှိတယ်။ အဲဒါက သတင်းစာရှင်းလင်းပွဲ အပါအ၀င် ဦးအောင်ကြည်နဲ့ ဒေါ်စု တွေ့တဲ့ တွေ့ဆုံပွဲ အဒီဟာတွေ အပါအ၀င်ပေါ့။ ဒီအခင်းအကျင်းတွေက တဖက်မှာ အာဆီယံ ဥက္ကဋ္ဌ ကုလားထိုင် ထိုင်ဖို့ သူတို့ ကြိုးစားနေတာ ရှိတယ်။ နောက်တခုကလည်း နိုင်ငံတကာ အနောက်ဘက်က ဖိအားတွေ လျော့သွားအောင် လုပ်နေတာ ရှိတယ်။ အထွေထွေ ဖိအားတွေ လျော့ကျဖို့အတွက် ယာယီ နိုင်ငံရေး ကစားတာမျိုး ဖြစ်နေမှာ ကျနော်တို့ စိုးရိမ်တယ်။”

အစိုးရအနေနဲ့ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပြီဆိုရင် တရားဝင် မြန်မာပြည်တွင်း ၀င်ရောက် သတင်းယူခွင့်ပေးဖို့ လိုအယ်တယ်လို့လည်း ပြည်ပအခြေစိုက် မြန်မာသတင်းသမား အများစုက ပြောကြတာမျိုးတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ၀န်ကြီး ဦးကျော်ဆန်းက သတင်းထုတ်ပြန်မှု ချောမွေ့စေရေးအတွက် ၀န်ကြီးဌာနတွေ အလိုက် ပြောရေးဆိုခွင့် ရှိသူတွေ ထားဖို့ အပါအ၀င် သတင်းစာ ရှင်းလင်းပွဲတွေ မကြာခဏ လုပ်ဆောင်ဖို့နဲ့ သတင်းမီဒီယာတွေကို သဟဇာတ ဖြစ်ဖြစ် ဆက်ဆံ လုပ်ဆောင်သွားမယ်လို့လည်း အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော် အစည်းအဝေးတွေမှာ သတင်းယူခွင့်နဲ့ ဒေသဆိုင်ရာ အစိုးရတွေ အနေနဲ့လည်း သတင်းစာ ရှင်းလင်းပွဲတွေ ပုံမှန် ပြုလုပ်နိုင်အောင် စီစဉ်နေကြောင်းတွေကိုလည်း ပြောကြားခဲ့ပါတယ်။

No comments: