Tuesday, August 16, 2011

အစိုးရတပ်နှင့် ရှမ်းတပ် တိုက်ပွဲဖြစ် နှစ်ဘက်လုံး အထိနာ

ကျော်ခ

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်း တပ်စခန်း ချနေသည့် ရှမ်းပြည် တပ်မတော် - မြောက်ပိုင်း SSA-N တပ်ရင်း ၂ ရင်းနှင့် အစိုးရ တပ်များ အကြား ပြီးခဲ့သည့် သီတင်းပတ် ကုန်က တိုက်ပွဲပြင်း ထန်ခဲ့ ရာတွင် နှစ်ဖက် ထိခိုက် ကျဆုံး မှုများ ရှိသည်ဟု SSA-N က ပြောသည်။

တပ်အင်အား ၁၀၀ ခန့် ရှိသည့် SSA-N တပ်မဟာ ၂၇ လက်အောက်ခံ တပ်ရင်း ၅၇၆ နှင့် ၇၆၂ တို့သည် ကျေးသီးမြို့ ၏ အရှေ့မြောက် ဘက် ၇ မိုင်ခန့် ကွာဝေးသည့် ဝမ့်ဖွီး ရွာအနီး တောထဲရှိ ရှမ်းတပ်စခန်း နေရာများကို တောနင်း ဝင်ရောက် လာသည့် အင်အား ၁၀၀ ကျော်ရှိ ကျောက်မဲ အခြေစိုက် စကခ ၁ လက်အောက်ခံ ခလရ ၅၀၃ နှင့် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၃ ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီမှ ည ၈ နာရီထိ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် တပ်စခန်း များကို အကာ အကွယ် ယူ ကာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ကြ သည့် အတွက် အစိုးရ တပ်မှ ၁ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာရ သလို ရှမ်းတပ် ဘက်ကလည်း လက်နက်ကြီး ထိမှန် မှုကြောင့် ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ယခုအခါ တပ်တွင်း၌ ဆေးကု သမှုခံယူ နေရကြောင်း SSA-N ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှုး စိုင်းလှ က ပြောသည်။

“သူတို့လည်း ဒဏ်ရာ ရတဲ့ လူတွေ ပြန်သယ် သွားတယ်။ အင်အားချင်က တူနေတော့ နောက်ဆုံး သူတို့လည်း ပြန်ဆုတ်သွားတယ်။ ကျနော် တို့လည်း ပြန်ဆုတ် ခဲ့တယ်။ ဒဏ်ရာရတဲ့ ကျနော်တို့ လူတွေ ကိုတော့ စခန်းမှာ ဆေးမှူး တွေနဲ့ ဆေးကုနေတယ်” ဟု ဗိုလ်မှူး စိုင်းလှ က မဇ္ဈိမကိုပြောသည်။

ယင်းနောက် သြဂုတ်လ ၁၄ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီအချိန်တွင် ခလရ ၅၀၃ က စစ်ကား ၂ စီးဖြင့် ၈၁ မမ လက်နက်ကြီးများ တင်ဆောင် လာကာ SSA-N တပ်ဖွဲ့များ စခန်းချ သွားရာ တောတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ် ခဲ့ကြောင်း ရှမ်းတပ် ဘက်က ပြောသည်။ သို့သော်လည်း လာရောက် ပစ်ခတ် ချိန်တွင် ရှမ်းတပ် များက နေရာရွှေ့ ပြောင်းပြီး ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက် မှုများ မတိုင်မီ သြဂုတ်လ ၁၁ ရက် နေ့တွင်လည်း အရှေ့ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လှုပ်ရှား စစ်ဗျူဟာ လက်အောက် ခံ ဗိုလ်မှူး မျိုးစောမောင် ဦးစီးသည့် ခလရ ၃၅ တပ်ရင်းက မိုင်းရယ်မြို့နယ် ဝမ်စန့် ကျေးရွာတွင် ရှမ်းလက်နက် ကိုင်တပ်များနှင့် ဆက်နွယ် သူများ ရှိသည်ဟု ယူဆ၍ ရွာတွင်းသို့ လက်နက်ကြီး များနှင့် ပစ်ခတ် ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလှ ကပြောသည်။

ယင်းပစ်ခတ် မှုကြောင့် မူလတန်း အရွယ် ကျောင်းသား ၃ ဦးနှင့် လူကြီး ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ သလို ကျေးရွာ အုပ်ချုပ် ရေးမှူး အိမ်နှင့် အတွင်းရေးမှူး အိမ်တို့မှာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ဆက်တိုက် ပစ်ခတ်ခံ ရသဖြင့် မီးကျွမ်း လောင်ခဲ့ကြောင်း သူက ဆက်ပြော သည်။ လောလောဆယ် SSA-N ထိန်းချုပ် နယ်မြေများ အတွင် အစိုးရ တပ်များ စစ်လက်နက် ခဲယမ်းများနှင့် ရိက္ခာဖြည့် တင်းမှုများ ပြုလုပ် နေသဖြင့် တိုက်ပွဲများ အရှိန်မြင့် လာဖွယ် ရှိကြောင် ဗိုလ်မှူး စိုင်းလှ ကပြောသည်။

ယခုနှစ်အတွင်း ဖြစ်ပွားနေသည့် SSA-N နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်း မြို့နယ် ၉ ခုရှိ ကျေးရွာမှ ဒုက္ခသည် ၃၁၇၀၀ ခန့် တောတောင်များ အတွင်း ပုန်းအောင်းနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း - Shan Women's Action Network (SWAN) နှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် Shan Human Rights Foundation (SHRF) တို့က ကြေငြာချက် တစောင် သြဂုတ်လ ၁၀ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒုက္ခသည်များ အနက် အချို့မှာ ဝမ်ဟိုင်းဌာနချုပ် အနီးတဝိုက်ရှိ ကျေးရွာများသို့ ပြန်လည် ဝင်နေကြောင်း SSA-N က ပြောဆိုသော်လည်း၊ တန့်ယန်းမြို့နယ်ဆေးရုံမှ ဆရာဝန်တဦးကမူ ဒေသခံတို့အနေဖြင့် နယ်မြေတည်ငြိမ်မှု မရရှိသေးသ၍ အိမ်ပြန်ရောက်နိုင်မှု နည်းပါးနေနိုင်သည်ဟု မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန် ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်- KIA နှင့် အစိုးရတပ်တို့အကြား သြဂုတ်လ ၁၄ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ-၃၇ နှင့် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ တို့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်မြောက် ရေး အဖွဲ့ KIO ပြောရေး ဆိုခွင့် ရှိသူ ဦးလနန် က ပြောသည်။

တနာရီကျော်ကြာ လက်နက်ကြီး လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲကြောင့် အစိုးရ တပ်မှ တဦး ကျဆုံးကာ ပျောက်ကျား စနစ်ကို အားယူ သုံးခဲ့သည့် KIA ဘက်ကမှ ကျဆုံး၊ ဒဏ်ရာ မရှိဟု သူက ဆိုသည်။ သြဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် KIO နှင့် အစိုးရတာဝန်ရှိသူများ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အပစ်ခတ်ရပ်စဲရန် သဘောတူညီမှု မရရှိ သေးဟု သူကပြောသည်။

“ကျနော် တို့က အပစ် ရပ်ဖို့ သဘော တူညီမှု ရထားတာ မဟုတ်ဘူး။ ရန်စ တာတော့ မဟုတ်ဘူး။ ရင်ဆိုင် တွေ့တဲ့ အခါတော့ ပစ်တာ ခတ်တာ တော့ ရှိကြမှာပဲ.. ဒီအေခြေ အနေမှာ..” ဟု ဦးလန် က မဇ္ဈိမကိုပြောသည်။

လောလောဆယ် အစိုးရဘက်မှ ပြောဆိုပုံအရ ငြိမ်းချမ်းရေး အလားအလာ နည်းပါးနေသည်ဟုလည်း သူက ဆက်ပြောသည်။

“အစိုးရက ပြောဆိုေ နတဲ့ပုံစံ ထုတ်ပြန် ကြေငြာ ချက်တွေ၊ သတင်းစာ ရှင်းလင်း ပွဲတွေ အရဆိုရင် တွေ့ဆုံ ဆွေးနွေး ရေးကတော့ မှေးမှိန် သွားပြီလို့ ထင်တယ်ခင်ဗျ။ တွေ့ဆုံ ဆွေးနွေးမှု မှေးမှိန် သွားရင်တော့ တိုက်ပွဲတွေ အရှိန်က မြင့်လာမှာပါ။ အစိုးရက စေတနာ မှန်နဲ့ နိုင်ငံရေး ဆွေးနွေးမှုကို လုပ်ဆောင် စေချင်တယ် ဆိုရင်တော့ စေ့စပ်ညှိနိုင် ရေးကတော့ အကောင်း ဘက်ကို ဦးတည် သွားမှာပါ” ဟု ဦးလနန် က ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း ဇွန်လ ၉ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးခိုလှုံလိုကြသည့် ဒေသခံ ပြည်သူ ၁၅၀၀၀ ကျော်အတွက် KIO က လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်တို့တွင် ဒုက္ခသည်ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပေးသည်။

No comments: