Friday, August 19, 2011

လျှပ်စစ်ရုံးမှ ၀န်ထမ်းများ မီတာခကို ခန့်မှန်း၍ တောင်းနေကြ

ကန္တာရ၀တီတိုင်း(မ်)

လွိုင်ကော်မြို့ရှိ မြို့နယ် လျှပ်စစ် ရုံးမှ တာဝန်ကျ ၀န်ထမ်းများ လစဉ် ပုံမှန် မီတာ အတက် အကျ မဖတ်ဘဲ မီတာခ နှုန်းထား များကို မိမိ စိတ်ကြိုက် ခန့်မှန်း၍ မသိ နားမ လည်သော ဒေသခံ လူထု များ၏ အိမ်တချို့ကို မီတာခ တောင်းနေ ကြသည်ဟု လွိုင်ကော်မြို့ ဌာန ဆိုင်ရာ တခုမှ ၀န်ထမ်း တဦးက ပြောသည်။

“အရင် နှစ်တုန်း ကတော့ ရေတင် စက်နဲ့ ရေခဲ သေတ္တာ အဲဒါတွေ သုံးခဲ့တော့ မီတာ တက်ခဲ့ တာပေါ့။ ဒီနှစ်မှာ အဲဒါတွေ မသုံးတော့ဘူး။ ဒါပေမဲ့ မီတာက အရင် နှစ်က လိုပဲ ကောက်နေတယ်။ မီတာကို ဖတ်ကြည့် တော့လည်း အများကြီး ကွာနေတယ်” ဟု ပြောသည်။

အချို့အိမ်များတွင်လည်း မီတာ ပေါက်များ ရှိနေသော်လည်း မီတာ မဖတ် တော့ဘဲ အိမ်တွင် လျှပ်စစ် မီးဖြင့် အသုံးပြုသော လျှပ်စစ် ပစ္စည်းများ အားလုံးကို စာရင်း ကောက်ပြီး အသုံး ပြုမှု တခု ချင်းစီ အပေါ်တွင် မီတာခ ဈေးနှုန်းကို သတ်မှတ် လိုက်သည်။

ထိုသို့ စာရင်း ကောက်ယူ ထားပြီး မီတာခ ပေးဆောင် နေကြ ရသည့် လွိုင်ကော်မြို့မှ ရပ်ကွက် တခုရှိ အသက် ၆၀ ကျော် ဒေသခံ အဖိုး တဦးက “မီတာဘောက် ရှိနေရဲ့သားနဲ့ မီတာ လာမ ဖတ်ဘဲ အဲလို ဈေးနှုန်း သတ်မှတ်ပြီး လိုက်ကောက်တာ ပိုပြီးတော့ အကုန်အကျ ပိုများ ပါတယ်” ဟု ပြောသည်။

မီးသီး တလုံး အသုံးပြုလျှင် သုံးရာကျပ်၊ လျှပ်စစ်ထမင်းအိုး တလုံးလျှင် ငါးရာကျပ်ဖြင့် ကောက်ခံပြီး၊ ထိုသို့ ကောက်ခံမှု စနစ်သည် လျှပ်စစ်မီတာပေါက် မရသေးသော ကျေးရွာများတွင်သာ ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တွင်မှာလည်း လျှပ်စစ်ရုံးမှ ၀န်ထမ်းများက မီတာဖြတ်ပိုင်းကို အချိန်မှီ ဖြန့်ဝေပေးခြင်း မရှိကြောင်း၊ ထိုသို့ အချိန်မှီ ဖြန့်ဝေခြင်း မရှိသည့်အပြင် မီတာခ သွားရောက်ပေးသွင်းရမည့် နေ့စွဲ ကျော်လွန်ပါကလည်း ဒဏ်ငွေများ ထပ်မံပေး ဆောင်ရ ကြောင်း ဖရူဆိုမြို့မှ ဒေသခံ အမျိုးသား တဦးက ပြောသည်။

No comments: