ကူးဒူ
အခုလို မိုးရာသီ မှာဆိုရင် အစိုးရ တပ်တွေက မိမိတို့ရဲ့တပ်ထဲ မှာ ခိုအောင်း နေတတ်ကြပြီး တပ်ရဲ့အပြင် ဘက်ကို လှုပ်ရှားလေ့ မရှိတဲ့ အတွက် ကရင်နီ တပ်နဲ့ တိုက်ပွဲတွေ ဖြစ်လေ့ ဖြစ်ထ မရှိပါဘူး။
ဒါပေမယ့် အခုတလော ကရင်နီပြည်မှာ တိုက်ပွဲတွေ ကွက်ကြားကွက်ကြား ပြန်လည်စတင် ဖြစ်ပေါ်လာတယ်လို့ ကရင်နီတပ်မတော်တို့ရဲ့ ပြောပြချက်အရသိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ကန္တာရ၀တီတိုင်း(မ်)မှ သတင်းထောက်တဦးဖြစ်တဲ့ ခူးကူးဒူကနေ ကရင်နီ ထိန်းချုပ်နယ်မြေ ရှေ့တန်းတပ်စခန်းတနေရာသို့ သွားရောက်ပြီး စုဆောင်းတင်ပြထားပါတယ်။
ခူးကူးဒူ… “ဟုတ်ကဲ့… အခုကျနော်ရောက်ရှိနေတဲ့နေရာက ကရင်နီတပ်မတော် ထိန်းချုပ်ထားတဲ့ တပ်စခန်းတခု ဖြစ်ပါတယ်။ မှတ်တိုင် တပ်စခန်းလို့လည်း အများကသိထားကြပါတယ်။ ဒီတပ်စခန်းမှာ ကျနော်ရောက်ရောက်ချင်း ကရင်နီတပ်နဲ့ ဗမာတပ် တိုက်ပွဲတွေ ဆက် တိုက် ဖြစ်ပွား တယ်ဆိုတဲ့ သတင်း ကိုကြားရ ပါတယ်။ တိုက်ပွဲက ကရင်နီပြည် အမှတ် ၂ ခရိုင်ဘက်မှာတပွဲ နောက်ပြီး အလည်ပိုင်း မှာတပွဲလို့ ဒီကတာဝန်ရှိသူတွေက ပြောပါတယ်။ အလည်ပိုင်းမှာ ဖြစ်တဲ့တပွဲက အတိအကျမသိရှိရသေးတဲ့အတွက် အမှတ် ၂ခရိုင် ဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး အမှတ် ၂ ခရိုင် အုပ်ချုပ်ရေး မှူးကို မေးကြည့်ရာမှာ အခုလိုပြောပါတယ်”
ကရင်နီပြည်အမှတ် ၂ခရိုင် အုပ်ချုပ်ရေးမှူး ဖားမှူးက “ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ညနေ တနာရီလောက်မှာ မော်ချီးနားမှာ တိုက်ပွဲတခုဖြစ်တယ်။ ကျနော်တို့ဘက်က စစ်ဦးစီးချုပ်တပ် ဗိုလ်မှူးခရီးမှူး ဦးဆောင်တဲ့တပ်က ရန်သူ ခလရ ၇၂ တပ်ရင်း ဒုဗိုလ်မှူး မိုးကျော်သူဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ ရန်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၄ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရရှိတဲ့ ၄ ဦးထဲမှာ တဦးကပြင်းထန်တယ်။ သေဆုံးတဲ့သူ ၂ ဦးထဲက တဦးဟာ ဒု-တပ်ကြပ်ဖြစ်တယ်လို့ ကျနော်တို့အဲလို သိထားတယ်”
ခူးကူးဒူ… “မိုးရာသီအချိန်မှာ မြန်မာအစိုးရတပ်တွေဟာ မိမိတို့ရဲ့တပ်တွင်း မှာဘဲ အောင်းနေတတ်ကြတယ် ဆိုပေမဲ့လို့ ယခုလို တိုက်ပွဲ တွေ ပြန်လည်ဖြစ်ပွားလာတာဟာ အစိုးရတပ်တွေရဲ့ စစ်ရေးဗျူဟာတွေ ပြောင်းလဲချမှတ်တာ ဖြစ်နိုင်တယ်လို့ ကရင်နီ တပ်ဘက် က ခန့်မှန်းကြ ပါတယ်။ အလည်ပိုင်းဂွင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကိုတော့ အတိအကျ မသိရှိရသေးတဲ့အတွက် စုံစမ်းလို့ရတဲ့အခါမှ ထပ်မံ တင်ပြ သွားမှာပါ”
ကရင်နီပြည်တပ်မတော်ကို ပြီးခဲ့တဲ့ ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့က စတင်ဖွဲ့စည်း လိုက်တာပါ။ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ ကေအဲန်ပီပီ တပ်မတော်ဟာ ဖဆပလ အစိုးရ လက်ထက်မှ စပြီး မဆလ၊ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်ကို ယနေ့တိုင် လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ တကွ နိုင်ငံရေးနည်းလမ်းဖြင့်လည်း ခုခံတော်လှန် တိုက်ခိုက်နေကြပါတယ်။
No comments:
Post a Comment