Wednesday, August 3, 2011

ငွေကြေးကောက်ခံပြီး လျှပ်စစ်မီးတိုင်မတပ်ဆင်သည့်အတွက် ရွာသားများ စာရေးတိုင်ကြား

ဂျူရီချိုင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာတွင် ကွန်ကရိလျှပ်စစ်မီးတိုင်အသစ် လဲလှယ်တပ်ဆင်ရေးအတွက် ကျေးရွာအာဏာပိုင်များ ငွေကြေးကောက်ခံခဲ့ပြီး ယခုတိုင် အကောင်အထည် မပေါ်သေးသည့်အတွက်ကြောင့် ရွာသားများ မကျေနပ်ကာ သက်ဆိုင်ရာမြို့နယ်အာဏာပိုင်ထံသို့ စာရေးသားတိုင်ကြားထားကြောင်း ရွာခံများထံမှ သိရသည်။

“ပိုက်ဆံပေးထားတာကြာပြီး၊ တစ်လအတွင်း ကွန်ကရိမီးတိုင်အသစ်လဲပေးမယ်လို့ပြောပြီး အခုအထိ မလဲသေးဘူး၊ အဲကြောင့် စာရေးပြီး တိုင်းကြားထားတယ်” ဟု ကွေ့ဝမ်းရွာမှ စာရေးတိုင်ကြားခဲ့သူ နိုင်သိန်းလွင်က ပြောသည်။

ယခင်လျှပ်စစ်မီးတိုင်များမှာ သစ်တိုင်များဖြစ်သဖြင့် ဆွေးမြေ့ကုန်ပြီ ဖြစ်ရာ အသစ်လဲလှယ်ရန် ကျေးရွာအုပ်ချုပ်ရေးမှ ငွေကြေးကောက်ခံခဲ့ပြီး ယခုထက်တိုင် မီးတိုင်အသစ်လဲလှယ်ခြင်း မပြုလုပ်ရသေးသည့်အတွက် ရွာသူ/ သား အယောက်၂၀ ခန့် လူစုပြီး ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာရေးသား တိုင်းကြားခဲ့သည်ဟု အထက်ပါ နိုင်သိန်းလွင်က ပြောသည်။

လျပ်စစ်မီးတိုင်အသစ် ရရှိရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်မှ တစ်အိမ်ကို ကျပ်ငွေ ၁ သိန်းတိတိ စတင်ကောက်ခံခဲ့ရာတွင် ဇူလိုင်လ လကုန်ပိုင်းအတွင်း မီးတိုင်းအသစ် လဲလှယ်ပြုပြင်ခြင်းကို ပြီးမြောက်အောင် ပြုလုပ်ပေးမည်ဟု ရွာသားများအား ကတိစကား ပြောကြားခဲ့ကြောင်း ရွာခံတစ်ဦးက ပြောသည်။

သို့ ရာတွင် ပိုက်ဆံကောက်ခံပြီးသည့် ဇူလိုင်လ (၁၀) ရက်နေ့ မှ ယနေ့ ကာလအထိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်မှ ပစ္စည်းများမှာယူခြင်း၊ ဓာတ်တိုင် ချမည့်နေရာများကို တိုင်းထွာခြင်း စသည့် လုပ်ငန်းများကို မလုပ်ဆောင်သေးကြောင်း ရွာသားများမှ သတိထားမိကာ ဦးစိုးနိုင်အပေါ် သံသယ ဖြစ်မိကြောင်း ပြောပြခဲ့ပေသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာရေးသား တိုင်ကြားခဲ့သော်လည်း ယနေ့တိုင် အကြောင်းပြန်ကြားခြင်း မရှိသေးသည်ဟု သူကဆက်ပြောသည်။

ကွေ့ဝမ်းကျေးရွာတွင် လျှပ်စစ်မီတာရှိသော အိမ်ခြေ ၄၀၀ ခန့်ရှိသည့်အတွက် စုစုပေါင်းငွေ ကျပ်သိန်း ၄၀၀ ခန့် ကောက်ခံရရှိထားမည်ဟု ခန့်မှန်းရသည်။

ယခင် စစ်အစိုးရ လက်ထက်ကတည်းက ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးလုပ်ငန်း လမ်းဖောက် တံတားဆောက် မီး နှင့် ရေ ကိစ္စများအတွက် ပြည်သူများသာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်နေရပြီး ကျေးရွာ မြို့နယ် ရပ်ကွက် အုပ်ချူပ်သူများမှ ပိုက်ဆံကောက်လေ့ရှိကာ ချစားမှု ကိစ္စများက မကြာခဏ ပေါ်ပေါက်တတ်သည်။

No comments: