Saturday, August 6, 2011

အနောက်ပိုင်းတိုင်း တိုင်းမှူးသစ် မောင်တောမြို့သို့ ရောက်ရှိ

မောင်အေး

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းတိုင်းမှူးသစ် ဗိုလ်မှူးချုပ်ထွန်းနေလင်းသည် သောကြာနေ့ နံနက်က နယ်စပ်မောင်တောမြို့ သို့ ရုတ်တရက် ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

တိုင်းမှူး အသစ်အဖြစ် ခန့်အပ်ပြီးနောက် ယခု ခရီးစဉ်မှာ သူ၏ ပထမဆုံး မောင်တော ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

"ဘာကြောင့် လာတယ်ဆိုတာတော့ မသိဘူး။ အရင်တိုင်းမှူးတို့လာတုန်းကဆို မလာခင်ကတည်းက ကြိုတင်ပြင် ဆင်မှုတွေလုပ်တယ်။ ဘယ်နေ့ဘယ်ရက်မှာတိုင်းမှူးလာမယ်ဆိုပြီး ကြားနေရတယ်။ အခုတိုင်းမှူး လာတာကို တော့ ဘယ်သူမှ ကြိုတင် မသိလိုက်ဘူး။ ရုတ်တရက် ရောက်လာတာ ဖြစ်တယ်။" ဟုမောင်တောမြို့ခံတဦးက ပြောသည်။

ဗိုလ်မှူးချုပ် ထွန်းနေလင်းမှာ မောင်တောမြို့သို့ ယနေ့နံနက် ၈ နာရီခွဲတွင်ရောက်ရှိလာပြီး ၁၀ နာရီခွဲတွင် ပြန်လည်ထွက်သွားကြောင်း သိရသည်။

ယခုကဲ့သို့ ရုတ်တရက် ရောက်လာခြင်းမှာ တိုင်းမှူးသစ်ဖြစ်သဖြင့် တာဝန်အရ နယ်မြေ အခြေအနေကို လေ့လာရန် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

" သူက အနောက်ပိုင်း တိုင်းမှူး ဘ၀နဲ့ တာဝန်ကျလာတာက ရက်ပိုင်းဘဲ ရှိသေးတယ်ဆိုတော့ သူရဲ့ နယ်မြေ ဒေသ အခြေအနေကို လာကြည့်တဲ့ ခရီးစဉ်ဘဲဖြစ်မယ် ထင်ပါတယ်။ ၀န်ထမ်းတွေနဲ့ တွေ့ဆုံမယ့် အစီစဉ် လည်းမကြားဘူး။ ထူးခြားတဲ့ အစီစဉ်တွေ ပါတယ်ဆိုတာတော့မကြားမိဘူး။ သူအနေနဲ့ ဒေသန္တရခရီးစဉ်ဘဲ ဖြစ်မယ်ထင်တယ်။" ဟု သူကဆက်ပြောသည်။

တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းမှာ ယနေ့နေ့လည်ပိုင်းက ကြိမ်ချောင်းသို့ သွားရန် အစီစဉ်ရှိခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် အစီစဉ်ကို ဖျက်သိမ်းပြီး မောင်တောမြို့နယ် ကျီးကန်းပြင် နစက ဌာနချုပ်တွင် တည်းခိုနေကြောင်း သိရသည်။

မောင်တောမြို့သို့မရောက်မီ သူ့ခရီးစဉ်အတွင်း ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်တပ်မိသားစု မျာနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းနေလင်းမှာ ယခင်အနောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးသိန်းနေရာတွင် ဇူလိုင်လ ပထမ အပတ်က ပြောင်းရွှေ့ တာဝန်ပေးခံရသူ ဖြစ်သည်။

No comments: