Thursday, August 18, 2011

သတင်းများ မရရှိသည့် ကရင်နီပြည်တွင် ရေဒီယို ပေးဝေ

နှောင်းလှိုင်

ကရင်နီပြည်နယ် မြို့နယ် ၈ မြို့နယ်ရှိ ဒေသခံများကို ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာ့ရေးရာ အဖွဲ့တို့က ရေဒီယို အလုံးပေါင်း ၁၀၀၀ ဝေပေးနေသည်။

မြို့နှင့် ဝေးလံခေါင်းပါးပြီး သတင်းအချက်အလက်များ လက်ခံရရှိမှု မရှိသည့် ကျေးရွားဒေသခံများကို ပြည်ပအခြေစိုက် ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာန (KSWDC) နှင့် မြန်မာ့ရေးရာ (BI) အဖွဲ့တို့က ယခုလို ရေဒီယိုများ ဝေပေးခြင်း ဖြစ်သည်။

ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ မော်ချီး၊ ဖာဆောင်းနှင့် မဲ့စဲ့မြို့နယ် ၈ မြို့နယ်မှ ကျေးရွာ ၂၂၅ ရွာအား ပေးဝေသွားမည်ဖြစ်ကြောင်း၊ ရွာကြီးလျှင် ရေဒီယို ၅ လုံး၊ ရွာငယ်လျှင် ရေဒီယို ၃ လုံး စီဖြင့် ပေးဝေနေပြီး ရေဒီယို တစ်လုံးလျှင် ဓာတ်ခဲ နှစ်စုံစီလည်း ပေးကြောင်း ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်အခြေအစိုက် BI မှ ရုံးတာဝန်ခံ ခူတော်ရယ်က ပြောသည်။

“ရေဒီယို ရှိပြီးသားလူ မပေးဘူး။ ရေဒီယို နားထောင်ပြီး နားမလည်တဲ့လူ မပေးဘူး။ ရေဒီယို နားထောင်ပြီးတော့မှတဆင့် သတင်း စကား ပြန်ပြောပေးနိုင်တယ်လို့ ယူဆတဲ့ လူကို ပေးတယ်” ဟု ၎င်းက ဆိုသည်။

ရေဒီယိုများအား KSWDC က အသက် ၃၀ ကျော်အရွယ် လူငယ်အမျိုးသမီး အမျိုးသားများကို ရွေးပြီး အစည်းအဝေး ခေါ်ယူ၍ မဲနှိုက်သည့် စနစ်ဖြင့် ပေးသည်ဟုလည်း ခူတော်ရယ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက စပြီး ရေဒီယိုများအား ရှားတောမြို့နယ်နှင့် ဖရူဆိုမြို့နယ်တွင် ပေးဝေခဲ့ပြီး ကျန်သည့် မြို့နယ်များကိုလည်း ဆက်လက်ပေးဝေနေခြင်း ဖြစ်သည်။

အခြားတိုင်းရင်းသား ဒေသများတွင် နိုင်ငံရေး၊ စစ်ရေးနှင့် စားဝတ်နေရေး အစရှိသည့် ပြဿနာ အခက်အခဲများ ကြုံနေရသည်ကို ရေဒီယိုပေါ်မှ ထုတ်ဖော်ပြောကြသကဲ့သို့ ကရင်နီ လူထုသည်လည်း ထိုနည်းအတူ ရင်ဆိုင်နေရသည့် ပြဿနာများကို ထုတ်ဖော်ပြောလာရန်နှင့် အသိအမြင် ကျယ်လာစေရန်အတွက် ရေဒီယိုများ ဝေပေးရခြင်း ဖြစ်သည်ဟု KSWDC ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

“သူတို့လိုမျိုးပဲ တခြားနေရာမှာ ဖြစ်ပျက်နေတယ်။ တခြားတိုင်းရင်းသား ဒေသမှာလည်း အဲဒီလို ဖြစ်နေတယ်ဆိုတာ သူတို့ သိသွားအောင် ဝေပေးတာပဲ” ဟု ပြောသည်။
လွိုင်ကော်မြို့နှင့် မနီးမဝေး ကျေးရွာ တချို့တွင်လည်း ရေဒီယို လိုအပ်ကြောင်း ကျေးရွာ ဒေသခံ တဦးက ပြောပြသည်။

“ကျနော်တို့မှာလည်း ရေဒီယို လိုတာပေါ့။ မြို့နဲ နီးပေမယ့် သတင်းစာ ဆိုတာ အလွယ်တကူ မရနိုင်ဘူး။ ဖတ်ဖို့လည်း အချိန် သိပ်မရှိဘူး။ အလုပ်ပဲ အချိန်ပေးနေရတဲ့အတွက်၊ ရေဒီယို ဆိုတာ အလုပ်လုပ်ရင်း နားထောင်လို့ ရတယ်လေ” ဟု ၎င်းက ဆိုသည်။

ရေဒီယို ပေးဝေသည့် အချိန်တွင် မြန်မာပြည် အကြောင်း ထုတ်လွှင့်သည့် BBC / VOA / RFA/ DVB စသည့် အသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချိန်နှင့် ရေဒီယိုအသံလိုင်း ဖမ်းနည်းကိုလည်း တခါတည်း သင်ကြားပေးသွားသည်ဟု ခူတော်ရယ်က ပြောပြသည်။

No comments: