နိရဉ္စရာ
၄၄ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော သြဂတ်စ် ၁၃ အရေးတော်ပုံဟု လူသိများသော စစ်တွေ ဆန်ပြဿနာနေ့ကို ရခိုင်အမျိုးသားများက ရန်ကုန်၊ တောင်ကုတ်နှင့် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့များတွင် ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားကို ရက္ခအလင်းတန်းအဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရက္ခအလင်း တန်းဗဟိုရုံးတွင် သြဂတ်စ် ၁၃ ရက်နေ့ နံနက်က ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ဦးဆောင်သူတဦးဖြစ်သည့် ဒေါ်ပံသုစံက ယခုကဲ့သို့ ပြောသည်။
၆၇ ခုနှစ်ကတည်း ဖြစ်ပွားခဲ့တဲ့ ဆန်ပြဿနာမှာ အခုဆိုရင် ၄၄ နှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။ ကျဆုံးသွားခဲ့တဲ့ လူတွေ ဘာကြောင်း သေပွဲဝင်ခဲ့ရတာလဲ။ ဘာကြောင့် အသတ်ခံရတာလဲ။ ဘယ်သူက အမိန့်ပေးပြီး သတ်ခိုင်းတာလဲ ဆိုတာတွေဟာ ကျမတို့ ရခိုင်လူငယ်တွေ ဒီကနေ့ထိ ဘာတခုမှ မသိရဘူး။ နောက်ပြီး ဒီလို အရေးကြီးတဲ့ သမိုင်းတစ်ခုက ဘာမှဖြစ် မလာဘဲ မှေးမှိန် တိမ်မြုပ်အောင် ဖျောက်ဖျက် ခံနေရတယ်။ ၆၇ ခုနှစ်က လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို ကျမတို့ ဘယ်လို ရှေ့ဆက်ပြီး အသက်သွင်း ဖော်ထုတ်ကြမလဲ ဆိုတာကို အကုန်လုံး စဉ်းစားနိုင်အောင် ရည်ရွယ်ချက်နဲ့ပြုလုပ်ရတာ ဖြစ်ပါတယ်။"
စစ်တွေ ဆန်ပြဿနာနေ့တွင်ကျဆုံးခဲ့သူများအား ရည်မှန်းပြီး ဘုန်းတော်ကြီးကျောင်းများတွင် အာရုဏ်ဆွမ်း ကပ်လှူခဲ့ကြပြီး နံနက် ၁၀ နာရီခန့်တွင် ၁၃ သြဂတ်(စ်)နှင့်ပတ်သတ်သည့် ဟောပြောမှု အခမ်းအနားကို စတင်ခဲ့ကြသည်ဟု သိရသည်။
အလားတူ တောင်ကုတ်မြို့နယ်တွင် ပြုလုပ်သော ၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ကို ၂၁ နှစ်မြောက်ဆရာကြီး ဦးသာထွန်းနေ့နှင့် ပူးပေါင်းကာ ဆားပြင်ကျေးရွာတွင် ကျင်းပပြူလုပ်ခဲ့သည်ဟု သိရသည်။
အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို တောင်ကုတ်မှ နိုင်ငံရေး အကျဉ်းသမားဟောင်း တစ်ဦးက ယခုလို ပြောသည်။
" ဒီနေ့ ၂၀၁၁ သြဂတ်စ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှာ ပြုလုပ်တဲ့ ရခိုင်သမိုင်း ပညာရှင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ရခိုင်မျိုးချစ်ပုဂ္ဂိုလ် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးတဲ့ ၂၁ နှစ်ပြည့် အောက်မယ့်ဖွယ် အခမ်းနား အကြိုပွဲနဲ့ စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားကို ရခိုင်မျိုးချစ် တိုင်းရင်းသားလူငယ်များ တောင်ကုတ်မြို့က ဦးဆောင် ကျင်းပပါတယ်။"
၎င်းပြင် သူက ကျင်းပရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။
" ဆရာကြီး ဦးဦးသာထွန်းဟာ စစ်တွေ အကျဉ်းထောင်မှာ စစ်အာဏာရှင်တွေရဲ့ မသမာတဲ့ နည်းလမ်းမျိုးစုံ သုံးပြီး လုပ်ကြံခံရလို့ ၁၉၉၀ ပြည့်နှစ် သြဂတ်စ်လ ၁၄ ရက်နေ့မှာ ကျဆုံးခဲ့ပါတယ်။ နောက်တခုက ဒီနေ့ ၂၀၁၁ သြဂတ်စ်လ ၁၃ ရက်နေ့မှာ ၄၄ နှစ်ပြည့်မြောက်ခဲ့တဲ့ စစ်တွေမြို့ ဆန်ပြသာနာ အရေးခင်းဖြစ်ပါတယ်။ ဒီအရေးခင်းကတော့ ၁၉၆၇ ခုနှစ် သြဂတ်စ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူလူထုက ထမင်းငတ်နေကြလို့ ဆန်ပြသာနာကို ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုကြတာကို ဗမာ စစ်အာဏာရှင် နေဝင်း အစိုးရက ထမင်းစားဖို့ ဆန်မပေးဘဲ G3 မောင်းပြန် ရိုင်ဖယ် သေနတ် ကျဉ်ဆံတွေ ပေးခဲ့ပါတယ်။ ဒီအရေးခင်း မှာ ရခိုင်ကျောင်းသားပြည်သူ ၃၀၀ ကျော် အသက် စတေး ခံခဲ့ရပါတယ်။ ဒီအတိတ်က ဆိုးရွားလှတဲ့ သမိုင်း ကြောင်းတွေကို ပြန်လည် သုံးသပ်တဲ့ အခါ ကျနော်တို့ အသိစိတ်ထဲမှာရလာတဲ့ သင်ခန်းစာပြောရလို့ရှိရင် မြန်မာပြည်မှာ တမြေတည်းနေ တရေတည်းသောက် အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသား အချင်းချင်း လူမျိုးကြီး ဝါဒ ကျင့်သုံးပြီူးတော့ အခြားလူမျိုးတွေအပေါ်မှာ ကိုလိုနီ စနစ်ဆန်စွာ ပြုမှု ကျင့်ကြံနေတာတွေဟာ အင်မတန်မှ ရှက်ဖွယ် လုပ်ရပ်တခုလို့ ဗမာစစ်အာဏာရှင် အတုယောင် ဒီမိုကရေစီ အစိုးရကို ပြောကြား လိုပါတယ်။ နောက်တခုက မြန်မာပြည် လွတ်လပ်ရေးမရခင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်း အဆက်ဆက် တနိုင်ငံလုံးရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး စတဲ့ ကိစ္စ အဝဝကို ဗမာလူမျိုး တမျိုးတည်းကသာ မဟာ ဗမာလူမျိုးကြီး ဝါဒ ကျင့်သုံးပြီးတော့ မှောက်လိုမှောက်၊ လှန်လိုလှန် အမျိုးမျိုး ကုလားဖန် ထိုးနေတာ တွေကို ရပ်တန့်က ရပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။ နောက်တခုက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အပြည့်အဝ ရရှိပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ပေါ်ပေါက်သည် အထိဆက်လက် တိုက်ပွဲဝင်သွားဖို့ တိုင်းရင်းသား ပြည်သူ အားလုံးကို တိုက်တွန်း ပြောကြားလိုပါတယ်" ဟု ပြောသည်။
အခမ်းအနားကို နံနက်ပိုင်းတွင် စတင် ပြုလုပ်ကာ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသော ၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့အား ရခိုင်မိသားစုများက ဦးဆောင်ကျင်းပခဲ့ပြီး လူပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနား ကျင်းပရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် မပန်းသာဖြူမှ ၄၄ နှစ်ဆန် စစ်တွေ ဆန်ပြဿနာနေ့မှာ ရခိုင်တမျိုးသားလုံးအတွက် မေ့ပျောက်မထားသင့်သော နေ့တစ်နေ့ ဖြစ်ကြောင်း ယခုလို ပြောသည်။
" ကျွန်မတို့ သိရသလောက် ပြောရရင် အဲဒီတုန်းက ၁၉၆ရ ခုနှစ်က ဆန်တွေ အရမ်းရှားတယ်။ ရှားရတာကလည်း ဆန်တွေကို နိုင်ငံခြားကို အစိုးရက တင်ပို့ပြီး ရခိုင်ပြည်သူတွေ စားဖို့ကျရင် ထုတ်ရောင်းချ ပေးတာ မရှိဘူး။ ဒီအတွက် အငတ်ဘေးကျလာတော့ လူတွေက လမ်းပေါ်ထွက်ပြီး တောင်းဆိုကြတယ်။ ဒါကို ဟိုတုန်းက အုပ်ချုပ်တဲ့ ဦးနေ၀င်း စစ်အစိုးရက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တဲ့ အတွက် ကျွန်မတို့ ရခိုင်ပြည်သူ ပြည်သားတွေ အများအပြား သေဆုံးခဲ့ရတယ်။ ဒီလို သတ်ဖြတ်ပစ်တာကို ကျွန်မတို့ အနေနဲ့ မေ့ထားလို့ မရနိုင်ဘူး။ အစဉ် သတိရ အောက်မေ့တဲ့ အနေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ရတာ ဖြစ်ပါတယ်။"
၎င်းပြင်သူမက မြန်မာနိုင်ငံတွင် ဆက်လက်ပြီး စစ်အာဏာရှင် စနစ်ဆိုးကို လက်ကိုင်ထားပြီး အုပ်ချုပ်သူများ မြန်မာနိုင်ငံတွင် ရှိနေသမျှ ယခုလို အဖြစ်ဆိုးများ နောင်တွင် ပေါ်ပေါက်လာအုံးမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။
No comments:
Post a Comment