Monday, August 1, 2011

ကချင်ပြည်နယ်အစိုးရ ကေအိုင်အိုနှင့် စစ်ရပ်စဲရေးဆွေးနွေး

အေး​နိုင်

ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ တွေဆုံပြီး အစိုးရတပ်နဲ့ ကေအိုင်အေအကြား စစ်ရပ်စဲရေးကိစ္စ ဆွေးနွေးကြတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်နဲ့ ကချင်လွတ်တော် အမတ် ဦးခက်ထိန်နန်တို့ သုံးဦးပါ ကိုယ်စားလှယ်တွေနဲ့ လဂျားယံဒေသမှာ ကေအိုင်အေ ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက “ဗိုလ်မှူးကြီးသန်းအောင်ရယ်၊ ဦးဆင်ဝါးနော်ရယ် ဦးခက်ထိန်နန်ရယ်သုံးယောက်။ မွန်းတည့် ၁၂ နာရီမှာ ရောက်ကြတယ်။ ပထမ တွေ့တဲ့နေရာမှာပါပဲ။ ခုလောလောဆယ် တွေ့နေကြတုန်းပါ” လို့ ပြောပါတယ်။

ကေအိုင်အိုကို အစိုးရဘက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းခိုင်းရာကနေ နောက်ဆုံး လက်နက်ပါချခိုင်းခဲ့ရာက တင်းမာနေရာကနေ ဒီလ ၉ ရက်နေ့က နှစ်ဘက် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

နေ့စဉ်လို တိုက်ပွဲတွေဖြစ်၊ တံတားတွေချိုးနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။

တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှု များပြားတဲ့ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးကို ယာယီပဲဖြစ်ဖြစ် လက်မှတ်ထိုးနိုင်အောင် အစိုးရဘက်က ကြိုးပမ်းနေပြီး ကေအိုင်အိုက တနိုင်ငံလုံးအပစ်ရပ်ဖို့နဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆိုတဲ့ အချက်နှစ်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားပါတယ်။

No comments: