Wednesday, August 3, 2011

မြန်မာစစ်ကားတစ်စီးအား KIA ပစ်ခတ်

KNG

သြဂုတ် ၂ ရက်၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် မြန်မာအစိုးရ ရဲနှင့် စရဖ များ စီးလာသောကား တစ်စီးအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ပစ်ခတ် ခဲ့သည်ဟု ရှေ့တန်းသတင်းရပ်ကွက်က ဆိုသည်။


ကချင်ပြည်နယ် မန်မော် (ဗန်းမော်) ခရိုင် အင်မောက်(မိုးမောက်)မြို့နယ်၊ တာခေါခ(တာပိန်မြစ်)ချိုင့်ထဲ၊ အင်မောက်ဘက်သို့ အဆင်းလမ်းတွင် ယခုကဲ့သို့ဖြစ်ပွားခြင်းဖြစ်ပြီး ရဲနှင့် စရဖ စုစုပေါင်း ၅ ယောက် ပါလာသည်ဟု ဆိုသည်။

ကားပေါ်ပါလာသူများ ဒဏ်ရာရရှိကြသော်လည်း သေဆုံးမှုရှိမရှိ မသိရပါ။ ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နယ်မြေ ဖြစ်သည်။

ယခုအဖြစ်အပျက်သည် လဂျားယန် KIO ဆက်ဆံရေးရုံးတွင် KIO နှင့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များကြား အပစ်အခတ်ရပ်စဲရေးအတွက် ဒုတိယမြောက်နေ့တွေ့ဆုံနေချိန် ဖြစ်သည်။

ထိုသို့ဆွေးနွေးနေစဉ် မြန်မာအစိုးရတပ်များ၏ စစ်ရေးလှုပ်ရှားမှု ထူးခြားဖြစ်စဉ်မရှိပါက ပစ်ခတ်တိုက်ခိုက်ခြင်း လျော့ချရန် KIO ဌာနချုပ်က ရှေ့တန်းတပ်ဖွဲ့များအား ညွှန်ကြားထားသည်။

No comments: