ကန္တာရ၀တီတိုင်း(မ်)
ကချင်ပြည်နယ် သစ်ထုတ် လုပ်ငန်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသော ကရင်နီ ပြည်နယ်မှ အလုပ်သမားများ မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ နယ်မြေနှင့် နီးကပ်သဖြင့် လုပ်ငန်းများကို ရပ်နားထားကာ နေရပ်သို့ ပြန်လာနေကြရသည်ဟု အလုပ်မှ ပြန်လာသော လွိုင်ကော်မြို့ ဒေသခံတဦးက ပြောသည်။
၎င်းက “အလုပ်လုပ်တဲ့နေရာက KIA နယ်မြေဖြစ်တဲ့အတွက်ကြောင့် အရမ်းအန္တရာယ်များတယ်။ တိုက်ပွဲက ကျနော်တို့နဲ့ နီးနီးလာခဲ့လို့လေး။ အဲဒီမှာ အလုပ်သွားလုပ်တဲ့သူတွေ အကုန်လုံးပဲ ပြန်လာကြတယ်။” ဟုပြောသည်။
ပြီးခဲ့သော မေလပိုင်းတွင် မြန်မာစစ်တပ်နှင့် KIA တပ်ဖွဲ့များအကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ရာ နှစ်ဖက် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဥရုမြစ်တလျှောက်တွင် သစ်ထုတ်လုပ်သော မွန်မင်တံ(ကယားဖူး) ကုမ္ပဏီမှ အလုပ်လုပ်ကြသော သူများ အားလုံး အသက်အန္တရာယ် မထိခိုက်စေရန် ခေတ္တအလုပ်နားထားခဲ့ခြင်းဖြစ်သည်။
အလုပ်နား၍ ပြန်လာကြသော အလုပ်သမားများ လူဦးရေ အယောက်လေးရာကျော်ရှိပြီး ငယ်ရွယ်သော လူငယ်အများစု အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် တခြားပြည်နယ်များတွင် ပင်ပင်ပန်းပန်းဆင်းရဲစွာဖြင့် အသက်အန္တရာယ်ကြားတွင် အလုပ်ရှာဖွေနေကြရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျပြီး ကျောင်းဆက်မတက်တော့ပဲ အလုပ်သွားလုပ်နေသော ကရင်နီ(ကယား)လူငယ်တဦးက “သစ်လုံး တင်တဲ့ ကားနောက်လိုက်ရတယ်။ တောထဲမှာပဲ အလုပ်လုပ်တယ်။ အဲမှာပဲ အိပ်တယ် အဲမှာပဲစားတယ်။ နောက်မှ အလုပ်ပြန်သွား လုပ်မယ်။ အလုပ်နားပေမယ့်လို့ လစာတော့ ပေးမယ်လို့တော့ပြောတယ်” ဟု ပြောသည်။
နယ်မြေ ဒေသအခြေအနေကြောင့် သစ်ကွင်းတွင် အလုပ်လုပ်သော သူများကို အောက်တိုဘာလတွင် အလုပ်ပြန်ဆင်းရမည်ဟု သိရသည်။ ကယားဖူး ကုမ္ပဏီသည် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူးဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်များ အများဆုံး အလုပ်လုပ်ကြသည့် ကုမ္ပဏီဖြစ်သည်။
No comments:
Post a Comment