Tuesday, August 2, 2011

SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် မှ မြန်မာတပ်များ ထက်ဝက်ကျော်ဆုတ်ပြီ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ဝိုင်းရံထားသော မြန်မာတပ်ရင်း ၁၄ ရင်းအနက် ထက်ဝက်ကျော် တပ်ဆုတ် သွားပြီဖြစ်ကြောင်း ပါတီပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောသည်။

“ ဂျူလိုင် ၁၈ ရက်နေ့ကစပြီး တဖြည်းဖြည်းတပ်ဆုတ်ကြတာဖြစ်တယ်။ သူတို့ဖက်က အသေအကျလဲတော်တော် များတာ ကိုး။ ၁၁ ရက်ကနေ ၁၈ ရက်အထိ ဝမ့်ဟိုင်းကိုဝိုင်းထားတဲ့ တပ်တွေထဲကဘဲ ၁၀၀ ဝန်းကျင်သေတယ်။ ၂၀၀ ကျော် ဒဏ်ရာရတယ်။ ဒါ့အပြင် တပ်ပြေးလဲ ၅၀ နဲ့ ၆၀ ကြားမှာရှိတယ်။ ကချင်စစ်ပွဲတွေမှာလဲ သူတို့ အသေအကျများတာကိုး။ ဒါကြောင့် သူတို့ တုန့်ဆိုင်းသွားတာလဲဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာစစ်တပ်အနေဖြင့် တခြားနည်းဗျူဟာ သုံး၍ ဝမ့်ဟိုင်းဌာနချုပ်အား ဝင်တိုက်ရန် စီစဉ်နေခြင်းလည်းဖြစ်နိုင် ကြောင်း၊ သို့မဟုတ် တပ်မ ကြီးများဖြင့် အစားထိုးတိုက်ရန်စီစဉ်နေခြင်း လည်းဖြစ်နိုင် ကြောင်း သို့သော် မည်သို့ပင်ဆိုစေ မမှန်းဆ နိုင်သော အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ပြသည်။

“ကျနော်တို့ဌာနချုပ် အနီးဝန်းကျင်ကို ဝိုင်းထားတာ အရင်က ၁၄ တပ်ရင်းရှိတယ်။ အခု ၅ ရင်းလောက်ဘဲကျန် တော့တယ်။ ဆွေးနွေးဖို့ ထပ်ကမ်းလှမ်း လာတာတော့ မရှိသေးဘူး။ ဘာဘဲဖြစ်ဖြစ် သူတို့အကုန်လုံး တပ်မရုပ် ပေးသေသရွေ့တော့ ဘာမှထူးမှာမဟုတ်ဘူးလေ။ ကျောင်းလဲ ပြန်ဖွင့်နိုင်ဦးမှာမဟုတ်ဘူး။ ဒီအခြေအနေမှာလဲ လုံးဝစိတ်မချနိုင်သေးပါဘူး ” ဟု ဆို၏။

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ၇ ရက်အတွင်း အပြီးသတ်ချေမုန်းရန် သျှမ်းပြည် စစ်တိုင်းချုပ်၊ အမှတ် ၂ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ဂျူလိုင် ၁၅ ရက်နေ့က အမိန့်ထုတ်ထားသည်။

အသွင်ပြောင်းရေးပေါ်လစီကို လက်မခံသည့် သျှမ်းပြည်တပ်မတော် SSPP/SSA (ယခင် SSA – N တပ်မဟာ ၁) အား မတ်ခ်ျ ၁၃ ရက်နေ့မှ စ၍ မြန်မာအစိုးရ စစ်တပ်က တပ်ရင်း အင်အား ၄၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းဖြစ် သည်။

၎ လ ကျော်ကြာ တိုက်ပွဲတွင် မြန်မာအစိုးရဘက်မှ ၈၁ မမ ၊ ၁၂၀ မမ မော်ထာ အဓိက အသုံးပြု တိုက်ခိုက်သည့် အပြင် ဓါတုလက်နက်ဟု ယူဆရသည့် ဗုံးများလည်း အသုံးပြုတိုက်ခိုက်ခဲ့သေး၏။ တိုက်ပွဲတလျှောက်သျှမ်းပြည် တပ်မတော် ဘက်မှ တပ်စခန်း ကြီးငယ် ၁၀ ခုထက်မနည်းဆုတ်ပေးလိုက်ရပါသည်။

No comments: