Wednesday, September 28, 2011

ထိတ်လန့်ဖွယ် စီရင်ချက်က ဒုံရင်းအတိုင်းပဲဆိုတာ ညွှန်ပြနေ

မဇ္ဈိမသတင်းဌာန

မြန်မာအစိုးရသစ်ကြီး အပြောင်းအလဲတွေအတွက် လမ်းဖွင့်ပေးတော့မလားဟု ပြည်သူအများ မျှော်တော်ဇောနှင့်မောနေချိန် မှာပင် အင်းစိန် ထောင်အတွင်း အထူးတရားရုံးက ဘီးတပ် ကုလားထိုင်ဖြင့် တရားရုံးတက် အမှုဆိုင်နေရသူ စေတနာ့ဝန်ထမ်း သွေးလှူရှင်အဖွဲ့မှ တဦးကို အီလက်ထရွန်းနစ် ဥပဒေဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သည်။

သူ့မိသားစု တက်ရောက် နားထောင်ခွင့် မရခဲ့သည့် တံခါးပိတ် တရားခွင်က စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်ကို သူ့ကွန်ပျူတာအတွင်း စစ်တပ်ကို ဝေဖန်သည့် အီးမေးလ်တစောင် တွေ့သည်ဆိုကာ သြဂုတ်လ ၂၆ ရက်နေ့က နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်။

ကုလအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနား မြန်မာနိုင်ငံသို့ ၅ရက် ခရီးစဉ် လာရောက်အပြီးနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးကာ ပြန်သွားခဲ့ပြီး တရက်အကြာတွင် ထိုသို့ စီရင်ချက် ချမှတ် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ကိုမူ ဆေးအသစ်သုတ်၊ တံမြက်လှည်း သန့်ရှင်း၊ သနပ်ခါး လိမ်းထားသော အင်းစိန်ထောင်သို့ သွားရောက်ကြည့်ရှု့ခွင့်ပေးကာ အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုပြသခဲ့သည်။

မြန်မာ့အလင်း သတင်းစာ၏ အဆိုအရ အစိုးရအနေဖြင့် အကျဉ်းသားအချို့ကို လွှတ်ပေးလိုစိတ်ရှိကြောင်း ကွင်တားနားကို ပြောကြားခဲ့သည်ဟုဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သည့် အကျဉ်းသားများသာ ရှိကြောင်း ပြောဆိုခဲ့သည်။ အစိုးရထုတ် သတင်းစာက ကွင်တားနားနှင့် ဘာတွေ ဆွေးနွေးခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုတော့ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ပွင့်ပွင့်လင်းလင်း ရေးသား ဖော်ပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးချည်း တောင်းဆိုနေသည့်အတွက် ကွင်တားနားသည် မြန်မာ အာဏာပိုင်များအဖို့ စိတ်ညစ်ညူးစရာဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ယခုတော့သူ့ကို အာဏာပိုင်များက အတင်းအကျပ်ဖိအားပေး၍ “ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံရသူများ” ဟူ၍ ခေါ်နေရပြီ ဖြစ်သည်။မြန်မာ ပြည်ရှိ ထောင်များတွင် ထိုသို့သော အကျဉ်းသား များမှာ ၁၉၉၅ ဦး အထိ ရှိနေပြီ ဖြစ်သည်။

သူတို့ ကျူးလွန်ခဲ့သော ပြစ်မှုများဆိုသည်မှာလည်း တခုတည်းသာဖြစ်သည်။ ယင်းမှာ ကုလ သမဂ္ဂ လူ့အခွင့်အရေး
ကြေညာစာတမ်းပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနှင့် လွတ်လပ်စွာ ယုံကြည် ယူဆခွင့်ကို စွဲကိုင်ခဲ့ကြ၍သာ
ဖြစ်သည်။ ယခုတော့သူတို့ကို ခေတ်နောက်ကျနေပြီဖြစ်သော ဥပဒေများဖြင့် ဖမ်းဆီးအရေးယူအပြစ်ပေးကာ
လူထုကို ပါးစပ်မဟရဲအောင် ခြိမ်းခြောက်ထားလိုက်ခြင်းပင် ဖြစ်သည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုကို စစ်ဆေးနေသည်မှာ ၄ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည် စစ်ဆေးနေသော တရားသူကြီးမှာလည်း စိတ်သစ်လူသစ်နှင့် ပြောင်းလဲနေပါပြီဟု ကြော်ငြာလိုနေသော အစိုးရသစ်၏ မကြာသေးခင်က ချမှတ်လိုက်သော လက်တွေ့နိုင်ငံရေးကြောင့် ပြောင်းလဲသွားမည့် အလားအလာမရှိပါ။

မြန်မာအများစုက မျှတမှုမရှိဟု ယုံကြည်နေကြသော ဥပဒေများကို ချိုးဖောက်နေသည်ဟုဆိုပြီး ထိုသူများကို လိုက်လံဖမ်းဆီးနေသူ အစိုးရအရာရှိများနှင့် သူတို့ပုံရိပ်ကို ကမ္ဘာ့နိုင်ငံရေးစင်မြင့်တွင် အရောင်တင်ဆီသုတ်ကာ ပွဲထုတ်ချင်နေသည့် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား အဆက်အစပ်မရှိ ဖြစ်နေသည်မှာ ထင်ရှားသည်။

အပေါ်ယံအားဖြင့်ကြည့်လျှင် အပြောင်းအလဲများ ပေါ်ထွက်လာတော့မယောင် ပင်ဖြစ်သည်။ မကြာသေးမီကပင် သမ္မတဦးသိန်းစိန်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်။ အစိုးရ၀န်ကြီး ဦးအောင်ကြည်ကလည်း အလားတူပင် လက်ခံတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အစိုးရက စာမျက်နှာသစ်ဖွင့်ကာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စဉ်းစားမှုများပေါ် နေလေပြီလားဟု မျှော်လင့်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါဆွေးနွေးမှုများကို အပြုသဘောဆောင်ပါသည်ဟု ပြောဆိုခဲ့သည်။ အာဏာပိုင်များက ဖျက်သိမ်းထားခဲ့ပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကိုပင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ခွင့် ပေးမယောင် ပြောဆိုမှုများလည်း ပေါ်ထွက်လာခဲ့သည်။ ဤအရာများသည် အမှန်လော၊ ဗန်းပြလော။

သူမြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာစဉ် ထုတ်ပြန်ခဲ့သော ကြေငြာချက်၌ ကွင်တားနားက “မြန်မာအစိုးရသည် လူ့အခွင့်အရေး အခြေ အနေများ တိုးတက် မှုဖြစ်ပေါ် လာနိုင် စေမည့် ခြေလှမ်းများကို လှမ်းခဲ့ပြီးဖြစ်သည်” ဟု ဆိုထားသည်ဤနေရာတွင် “ဖြစ်ပေါ် လာနိုင် စေမည့်” ဆိုသောစကားကို သတိပြုပါ။ ယခုထိမူ တိတိကျကျ လုပ်ဆောင်ချက်ဟူ၍ မတွေ့ရသေးပါ။

မြန်မာပြည်ရှိ အုပ်စိုးသူများအတွက် “အခြေအနေတွေဟာ ဒုံရင်း” ဆိုသည်ကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုက သတိပေးနေသည်။ လူပုဂ္ဂိုလ် တဦးတယောက်အဖို့ နှစ်ရှည်ပြစ်ဒဏ်ဆိုသည်မှာ ၀မ်းနည်းစရာကောင်းသည့် ကိစ္စပင်ဖြစ်သည်။ ဤစေတနာ့ဝန်ထမ်း သွေးလှူရှင်သည် ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်နေသူလည်း မဟုတ်ပါ။ သူအ ကျဉ်းထောင်ထဲတွင်ချော်ကျ၍ ခါးရိုးကျိုးသွားခဲ့သည်ဟု ဆိုသည်။ မတော်တဆဖြစ်မှု ဖြစ်နိုင်ပါသည်။

သို့သော် အင်းစိန်ထောင်တွင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများ ရှိနေခဲ့သည်ဟူသော အချက်များကို ထောက်ရှု့ကြည့်လျှင် သူထို သို့ချော်ကျခဲ့ခြင်းမှာ အမှန်တကယ် မတော်တဆမှုမှ ဟုတ်ပါရဲ့လား ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေသည်။ ပို၍အရေးကြီးသည့် အချက်မှာ သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ ကိစ္စ ဖြစ်သည်။ ခါးအောက်ပိုင်း သူ၏ကျောရိုးမှာ ကျိုးသွားခဲ့သည်ဟု ဆိုသည်။ သေသေချာချာ မကုသနိုင်လျှင် သူ့တသက်လုံး ထိုသို့ ဘီးတပ်ကုလားထိုင်နှင့် နေသွားရတော့မည် ဖြစ်သည်။

ဒါဆိုရင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုက ဘာလဲ။ တပ်မတော်ကို ဝေဖန်ပြစ်တင်ထားသော၊ တခါက သူလုပ်ဖော် ကိုင်ဖက် ဟောင်းများကို ဝေဖန်ပြစ်တင်ထားသော အီးမေးလ်တစောင်ကို သူ့ထံတွင် တွေ့ရှိရလို့ပဲလား။

မြန်မာအစိုးရသစ်ဆိုသည်ကို ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြင့် တင်မြှောက် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ နေပြည်တော်မှ တံတိုင်းမြင့်မြင့် ခတ်ထားသော ခြံဝင်းကျယ်ကြီးများ အတွင်း နေထိုင်နေကြသည့် ဗိုလ်ချုပ်ကြီးများနှင့် သူတို့၏စစ်တပ်က သူတို့ဆန္ဒရှိသည့် အချိန် အာဏာသိမ်းခွင့်ပေးထားသည်။ ထိုဗိုလ်ချုပ်ကြီးများသည် သူတို့အတွင်း သဘောထားကွဲသူများ ပေါ်ပေါက်လာမည့် အရေးကို အလွန် ထိတ်လန့်ကြောက်ရွံ့ကြသူများ ဖြစ်သည်။ သူတို့တွင်လည်း အကြောင်းပြချက် ကောင်းကောင်းရှိပါသည်။

စစ်တပ်အတွင်း သဘောထားကွဲအောင် လှုံ့ဆော်သူများမည်သို့ ကြမ္မာဆိုးနှင့် ကြုံရနိုင်သည် ဆိုသည်ကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုဖြင့် နမူနာကောင်း ပေးလိုဟန်ရှိသည်။ ဒါကိုကြည့်လျှင် မကြာသေးမီကပေါ်ထွက်ခဲ့သော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဓါတ်ပုံအတူ တွဲရိုက်ကြသည်များ ဆိုသည်မှာ မျက်လှည့်ပြရန် သက်သက်လော ဆိုသည်ကို စဉ်းစားစရာပေါ်လာသည်။

ကုလအရာရှိတဦး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း၊ သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခြင်း စသည်တို့သည် ဗိုလ်ချုပ်ကြီးများ ဇိမ်ကျကျနေကာ သဘောထားကွဲသူများကို နှိပ်ကွပ်ထားသည့် စနစ်ကြီးတခုလုံး အဓိပ္ပါယ် ရှိရှိ ပြောင်းလဲသွားပြီ ဟူသော သဘော မသက်ရောက်ပါ။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏အမှုသည် လူထုကြီး တရပ်လုံးကို စည်းမကျော်နဲ့ နားရွက်မခတ်နဲ့ဟု ကျောချမ်းစရာ ကောင်းလောက်အောင် သတိပေးလိုက်ခြင်းပင်ဖြစ်သည်။



No comments: