Wednesday, September 28, 2011

အဖွဲ့​ချုပ် ထူ​ထောင်ခြင်း​ ၂၃ နှစ်ပြည့်​အထိမ်း​အမှတ်၊​ ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​ ​ကောက်နုတ်ချက်

ဒီဗွီဘီ

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် တည်​ထောင်ခြင်း​ ၂၃ နှစ်ပြည့်​အခမ်း​အနား​ကို ရန်ကုန်မြို့​ ​ရွှေဂုံတိုင်အဖွဲ့​ချုပ်ရုံး​မှာ ဒီ​နေ့​ မနက်ပိုင်း​က ကျင်း​ပခဲ့​ပါတယ်။

အခမ်း​အနား​မှာ အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က အမှာစကား​ပြောကြား​ခဲ့​ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​ခဲ့​တဲ့​ အမှာစကား​ထဲက တချို့​ကို ​ကောက်နုတ်​ဖော်ပြထား​ပါတယ်။

အတိတ်ရဲ့​ ချုပ်​နှောင်မှုကို မခံရ​အောင် ​နေနိုင်ရမယ်။

ကျမတို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရဲ့​ ၂၃ နှစ်​မြောက်​မွေး​နေ့​မှာ ကြွ ​ရောက်လာကြတဲ့​ ပရိသတ်အား​လုံး​ကို ​ကျေး​ဇူး​တင်ပါတယ်။ ကျမတို့​ ၂၃ နှစ်ဆိုတာ နည်း​တဲ့​ အချိန်မဟုတ်ပါဘူး​။ အချိန်ကာလ​တွေအတွက် အ​ကြောင်း​တရား​အား​ဖြစ် အတိတ်ရယ်၊​ ပစ္စုပ္ပန်ရယ်၊​ ​နောင်လာမယ့်​ အနာဂတ်ရယ် ဆိုပြီး​ရှိတယ်။ အဲ​တော့​ ကျမတို့​ အခု ပစ္စုပ္ပန်မှာ ​ရောက်​နေတဲ့​အခါမှာ အတိတ်ကို မှန်မှန်ကန်ကန် ရဲရဲဝံ့​ဝံ့​နဲ့​ ပြန်ပြီး​ကြည့်​နိုင်ရမယ်။ အတိတ်ရဲ့​ အဖြစ်အပျက်​တွေကို သင်ခန်း​စာယူရမယ်။ ပစ္စုပ္ပန်နဲ့​ အနာဂတ်အတွက် အကျိုး​ရှိ​အောင်၊​ တချိန်တည်း​မှာပဲ ကျမတို့​က အတိတ်ရဲ့​ ချုပ်​နှောင်မှုကို မခံရ​အောင် ​နေနိုင်ရမယ်။ ဒါမှလည်း​ ကျမတို့​ဟာ ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့​ ဆက်ပြီး​သွား​နိုင်မှာ ဖြစ်ပါတယ်။

ညီညွတ်​ရေး​၊​ စည်း​ကမ်း​၊​ သတ္တိ။

အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို စပြီး​ထူ​ထောင်ကတည်း​က ကျမတို့​မှာ ညီညွတ်​ရေး​ရယ်၊​ စည်း​ကမ်း​ရှိ​ရေး​ရယ်၊​ သတ္တိရယ်ကို အမြဲတမ်း​ရှေ့​တန်း​တင်ပြီး​ ​ပြောခဲ့​တယ်။ ဒီသုံး​ခုစလုံး​က လိုအပ်တဲ့​အရာ​တွေပါ။ ​နောက်ပြီး​တော့​ ညီညွတ်​ရေး​ဆိုတာ ဆရာဦး​ဝင်း​တင်တို့​လည်း​ ​ပြောပြီး​သွား​ပြီဆို​တော့​ အ​ထွေအထူး​ ထပ်​ပြောဖို့​ မလို​တော့​ပါဘူး​။ စည်း​ကမ်း​ရှိတယ်ဆိုတာလည်း​ ဒါညီညွတ်မှုဆိုတာ စည်း​ကမ်း​ရဲ့​ အရှိန်အဝါလည်း​ဖြစ်ပါတယ်။ စည်း​ကမ်း​ဘောင်အထဲမှာ လုပ်တဲ့​အရာ​တွေက ညီညီညွတ်ညွတ်နဲ့​ လုပ်နိုင်တာများ​ပါတယ်။ ဒါ​ကြောင့်​မို့​ စည်း​ကမ်း​နဲ့​ ညီညွတ်မှုဆိုတာ ဒွန်တွဲပြီး​သွား​တယ်လို့​ မြင်ပါတယ်။ သတ္တိဆိုတာ​တော့​ အမျိုး​မျိုး​ရှိတယ်။ ခံရဲတဲ့​သတ္တိဆိုတာရှိတယ်။ လုပ်ရဲတဲ့​သတ္တိဆိုတာရှိတယ်။ အချိန်အဆကို ရင်ဆိုင်ရဲတဲ့​သတ္တိဆိုတာလည်း​ ရှိတယ်။ အချိန်အဆ အ​တွေး​အ​ခေါ်​တွေကို သုံး​သပ်ပြီး​တော့​ လက်ခံသင့်​တာကို လက်ခံရဲတဲ့​သတ္တိရှိတယ်။ သတ္တိဆိုတာ အမျိုး​မျိုး​ပါပဲ။ ကျမတို့​ဟာ သတ္တိအမျိုး​မျိုး​ကို ၂၃ နှစ်တ​လျှောက်လုံး​မှာ လုပ်ခဲ့​ရပါတယ်။ အခုလည်း​ ထပ်ပြီး​တော့​ သတ္တိရှိရှိနဲ့​ ရင်ဆိုင်သွား​ရမှာ ဖြစ်ပါတယ်။ အနာဂတ်ကို ရင်ဆိုင်ရဲတဲ့​သတ္တိဆိုတာ ပစ္စုပ္ပန်နဲ့​ အတိတ်ကို ရဲရဲဝံ့​ဝံ့​ ညှိနှိုင်း​မှ ဖြစ်​ပေါ်လာမှာပါ။ အတိတ်နဲ့​ ပစ္စုပ္ပန်ကို ရဲရဲဝံ့​ဝံ့​ မညှိနှိုင်း​တဲ့​လူ​တွေက အနာဂတ်ကို သတ္တိနဲ့​ ရင်ဆိုင်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး​။ ကျမတို့​ဟာ တ​လျှောက်လုံး​ သတ္တိကို လိုအပ်ခဲ့​တဲ့​သူ​တွေဖြစ်ပါတယ်။ ဆရာဦး​ဝင်း​တင်​ပြောခဲ့​တဲ့​အတိုင်း​ အင်မတန်မှ ခံခဲ့​ရတဲ့​ အဖွဲ့​ချူပ်ပါ။

အနစ်နာခံရတယ်ဆိုတဲ့​ အ​တွေး​ကို စိတ်ထဲမှာ မထား​စေချင်ပါဘူး​။

ကျမတို့​ရဲ့​ အဖွဲ့​ချုပ်ဝင်​တွေက အမျိုး​မျိုး​ ဒုက္ခ၊​ သုက္ခ​တွေနဲ့​ ခံခဲ့​ရတယ်။ ဒါ​ပေမယ့်​ ဒီလိုခံခဲ့​တဲ့​နေရာမှာ ကျမက​တော့​ တခု​တော့​ သတိ​ပေး​ချင်ပါတယ်။ ကျမကိုယ်တိုင်ကလည်း​ ဒီလိုခံခဲ့​တာကို အနစ်နာခံတယ်လို့​ စိတ်ထဲမှာ မထား​ပါဘူး​။ ဒီလိုပဲ ကျမတို့​အဖွဲ့​ဝင်​တွေက အမြဲပဲ ပြည်သူ့​အကျိုး​အတွက်၊​ တိုင်း​ပြည်အကျိုး​အတွက် ကျမတို့​ရဲ့​ ယုံကြည်ချက်​တွေအတွက် လုပ်​နေတဲ့​ အတွက် အနစ်နာခံရတယ်ဆိုတဲ့​ အ​တွေး​ကို စိတ်ထဲမှာ မထား​စေချင်ပါဘူး​။ ဘာဖြစ်လို့​လည်း​ဆို​တော့​ အနစ်နာခံရတယ်ဆိုတဲ့​ စိတ်က ​ပေါ်လာရင် တခါတ​လေ ဒီစိတ်နဲ့​ ဒွန်တွဲပြီး​တော့​ ကလဲ့​စား​ချေချင်တဲ့​စိတ်​တွေ၊​ မ​ကျေနပ်တဲ့​စိတ်​တွေ တခါတည်း​ ​ပေါ်လာပါတယ်။ ကျမက​တော့​ ကျမ​ရွေး​တဲ့​လမ်း​ကြောင်း​ကို ကျမ​လျှောက်ခဲ့​တယ်။ ခံရတာ ကျမရဲ့​ ​ရွေး​ချယ်မှုအရ ခံရတာ။ အနစ်နာခံရတယ်လို့​ ကျမ မမြင်ပါဘူး​။

ပြည်သူလူထုလိုချင်တဲ့​ လူ့​ဘောင်အ​ဆောက်အဦကြီး​ကို ကြိုး​စား​ဆောက်တည်သွား​မယ်။

အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့​ ရတာမဟုတ်ပါဘူး​။ လွယ်လွယ်နဲ့​ရတဲ့​အရာဆိုတာလည်း​ တန်ဖိုး​ရှိတဲ့​အရာ မဟုတ်ပါဘူး​။ တကယ်တန်ဖိုး​ရှိတဲ့​အရာအတွက်ဆိုရင် ကျမတို့​ အင်မတန်မှ ရုန်း​ကန်ရပါတယ်၊​ အင်မတန်မှ ​ပေး​ဆပ်ရပါတယ်။ ​ပေး​ဆပ်ခြင်း​ဆိုတာ ပူ​ဇော်ခြင်း​လို့​ စိတ်ထဲမှာထား​လိုက်ပါ။ ကျမတို့​ ယုံကြည်ချက်အရ ပူ​ဇော်လိုက်တာပါ။ ဘယ်သူကမှ အတင်း​ပေး​ဆပ်ရမယ်လို့​ ​ပြောလို့​ ​ပေး​ဆပ်တာမဟုတ်ပါဘူး​။ ဒီလိုစိတ်ဓာတ်​တွေနဲ့​ ကျမတို့​ဆက်ပြီး​သွား​မယ်ဆိုရင် မုချ​အောင်မြင်ရမယ်။ ကျမ လုံး​ဝသံသယမရှိဘူး​။ မြန်မလား​၊​ ​နှေး​မလား​တော့​ ကျမတို့​ မ​ပြောနိုင်ဘူး​။ ကျမတို့​ ဒါ​တွေကို မတွက်တတ်ဘူး​။ မတွက်တတ်ဘဲနဲ့​ မှန်း​ပြီး​တော့​ မှန်း​ခြေနဲ့​လည်း​ မ​ပြောချင်ဘူး​။ ဒါ​ပေမယ့်​ အမြန်ဆုံး​တော့​ ပြည်သူလူထုလိုချင်တဲ့​ လူ့​အ​ဆောက်အအုံကြီး​ကို ဖြစ်​အောင်လို့​ ကျမတို့​ ကြိုး​စား​ဆောက်တည်သွား​မှာဖြစ်ပါတယ်။

တာဝန်ဆိုတာ မလုပ်ချင်လည်း​ လုပ်ရမယ်။

တာဝန်ဆိုတာ ကိုယ်လိုချင်မှ လုပ်တယ်ဆိုတာ တာဝန်မဟုတ်​တော့​ဘူး​။ ဒါဟာ​တော့​ စိတ်ကို အလိုလိုက်ခြင်း​ပဲ။ တာဝန်ဆိုတာ မလုပ်ချင်လည်း​ လုပ်ရမယ်။ ဘယ်လိုပဲကိုယ့်​အတွက် ပင်ပန်း​ပင်ပန်း​ ဆက်ပြီး​တော့​ လုပ်သွား​ရမယ်။ အဲ​တော့​ တာဝန်အရ ကျမက​တော့​ အတတ်နိုင်ဆုံး​ ကျမတို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို ဦး​ဆောင်မှု​ပေး​ဖို့​ ကြိုး​စား​သွား​ပါမယ်။ ဒါ​ပေမယ့်​ ဒီတာဝန်ကို ​ကျေပွန်ဖို့​ဆိုတာ ကျမကို ဝိုင်း​ဝန်း​ပြီး​တော့​ ကူညီဖို့​လည်း​ အများ​ကြီး​လိုပါတယ်။ တ​ယောက်တည်း​လုပ်လို့​ ရတယ်ဆိုတဲ့​ စိတ်ဝင်ပြီ ဆိုကတည်း​က ဒီမိုက​ရေစီနဲ့​ ဘာမှမဆိုင်​တော့​ဘူး​လို့​ ​ခေါင်း​ထဲမှာ ထား​ကြပါ။ ကျမအ​နေနဲ့​ တ​ယောက်တည်း​လုပ်သွား​ဖို့​ မဖြစ်နိုင်ပါဘူး​။ အဲ​တော့​ အား​လုံး​က​နေ အခု​လျှောက်ခဲ့​တဲ့​ ခရီး​မှာ ရဲ​ဘော်ရဲဘက်စိတ် အပြည့်​အဝနဲ့​ သစ္စာရှိရှိနဲ့​ အတူတွဲပြီး​တော့​ လုပ်ခဲ့​တဲ့​လူ​တွေဟာ ဆက်ပြီး​တော့​ ကျမတို့​နဲ့​ ကူညီပါ။ ဆက်ပြီး​တော့​ ကျမတို့​နဲ့​ အတူတူ ပူး​ပေါင်း​ဆောင်ရွက်ကြပါ။

ဒီမိုက​ရေစီ ရရှိ​ရေး​အတွက် ကျမတို့​ ကိုင်ဆုပ်ထား​တဲ့​မူ​တွေ​ပေါ်မှာ ရပ်​ပြီး​တော့​ ​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ ဆက်လုပ်သွား​မှာပါ။

အဖွဲ့​ချုပ်က ကနဦး​ကတည်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​နဲ့​ အ​ဖြေရှာမယ်။ အကြမ်း​မဖက်တဲ့​ လမ်း​စဉ်ကို သွား​မယ်ဆိုပြီး​ ဆုံး​ဖြတ်ခဲ့​တာဖြစ်တယ်။ ဒါ​တွေက မူ​တွေပါပဲ။ မူ​ပေါ်မှာ ကျမတို့​က မား​မား​မတ်မတ် ရပ်တည်မယ်။ ဒီမူ​ပေါ်မှာ ရပ်တည်ပြီး​ ကျမတို့​က ​ပြောင်း​သာပြင်သာ ရှိတဲ့​အ​နေအထား​မှာ အမြဲကျမတို့​ ​နေသွား​မှာဖြစ်ပါတယ်။ ဒီလိုဒီအတိုင်း​ ဘယ်​တော့​မှ မ​ပြောင်း​မလဲ လုပ်မယ်ဆိုတဲ့​ စိတ်ဓာတ်မျိုး​ ကျမတို့​မထား​ပါဘူး​။ ကမ္ဘာကြီး​က ​ပြောင်း​လဲ​နေတယ်။ အချိန်ကာလက ​ပြောင်း​လဲ​နေတယ်။ တရား​အရ ​ပြောရမယ်ဆိုရင် အနိစ္စတရား​ဆိုတာ အမြဲရှိ​နေတယ်။ ဒီလို​ပြောင်း​လဲ​နေတဲ့​ ​လောကကြီး​မှာ ကျမတို့​ မ​ပြောင်း​မလဲ သွား​မယ်ဆိုတာ​တော့​ မဖြစ်နိုင်ပါဘူး​။ ဒါ​ပေမယ့်​လည်း​ ကျမတို့​က မူ​တော့​ရှိရမယ်။ မူ​တွေ​ပေါ်မှာ ရပ်တည်ပြီး​တော့​ တရား​မှာလည်း​ တရား​ဆိုတာရှိတာပဲ ဒီတရား​ပေါ်မှာ ရပ်တည်ပြီး​တော့​ အနိစ္စကို လက်ခံရသလို ကျမတို့​က ကျမတို့​ရဲ့​ မူ​တွေ​ပေါ်မှာ ဒီမိုက​ရေစီ ရရှိ​ရေး​အတွက် ကျမတို့​ ကိုင်ဆုပ်ထား​တဲ့​မူ​တွေ​ပေါ်မှာ ရပ်​နေပြီး​တော့​ ​ပျော့​ပျော့​ပျောင်း​ပျောင်း​နဲ့​ ဆက်လုပ်သွား​မှာပါ။ အဲဒီလိုလုပ်သွား​တဲ့​အခါမှာ ကျမတို့​ကို အကြံ​ပေး​သင့်​တာရှိရင်လည်း​ ​ပေး​ကြပါ။ ကျမတို့​ပါတီအ​နေနဲ့​ ​ဖြေရှင်း​ရမယ့်​ ကိစ္စ​တွေကို ​ဖြေရှင်း​နိုင်တဲ့​အချိန်မှာ အမြဲ​ဖြေရှင်း​သွား​မှာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လုပ်နိုင်မှ ပါတီစုံ ဒီမိုက​ရေစီ နည်း​ကျမှာပါ။

No comments: