Saturday, September 24, 2011

အသိမ်းခံလယ်မြေတွေ ပြန်ရရေး လယ်သမားများ အလှမ်းဝေး

ဘုန်းခိုင်

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများက သက်ဆိုင်ရာတာဝန်ရှိသူများထံ လယ်ယာမြေသိမ်းဆည်းခံခဲ့ရသည့် အမှုအခင်းများနှင့်ပတ်သက်၍ တင်ပြတောင်းဆိုထားသော်လည်း တာဝန်ရှိသူများက ဖြေရှင်းပေးခြင်းမရှိသည့်အပြင် တင်ပြတောင်းဆိုခဲ့သည့် လယ်သမားများ ခြိမ်းခြောက်ပြောဆိုခံနေရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်းက တောင်သူလယ်သမား (၅၀၀) ခန့်ကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ (၂၁) ရက်နေ့တွင် ဆင့်ခေါ်ကာ ကုမ္ပဏီများက လယ်တွေကို သိမ်းခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်က သိမ်းခဲ့ခြင်းဖြစ်ပြီး လယ်မြေပြန်ပေးဖို့ အကြောင်းမရှိဘူးလို့ ပြောဆိုခဲ့ကြောင်း ဒေသခံလယ်သမားက ပြောသည်။

“လယ်ပြန်ရရေးအတွက်ကို လယ်သမားတွေက လာကြတာ။ ဒါပေမယ့် လယ်ပြန်ရဖို့ စကားတခွန်းမှ ပြောမသွားဘူး လယ်သမားတွေအားလုံးက ကျနော်တို့ဒုက္ခရောက်နေတာ ဘယ်လိုဖြေရှင်းပေးမှာလဲလို့ဆိုတော့ ၀န်ကြီး ဦးမြင့်ဆွေကိုယ်တိုင် သူ့ပါးစပ်ကနေထုတ်ပြောသွားတာဗျ ဒီလယ်ယာမြေကို ကုမ္ပဏီကသိမ်းတယ်ဆိုတဲ့ စကားကို မပြောပါနဲ့တဲ့ ကုမ္ပဏီက သိမ်းတာမဟုတ်ဘူး နိုင်ငံတော်ကသိမ်းတာတဲ့ ဒီဥစ္စာကို ကုမ္မဏီတွေကို ကျနော်တို့က လာလုပ်ဖို့ ခေါ်တဲ့အတွက်ကြောင့် လာလုပ်တာတဲ့ ကုမ္ပဏီတွေကို လယ်သိမ်းခိုင်းထားတဲ့အတွက်ကြောင့်မို့လို့ အားလုံး (၅၀၀၀) ကျော်မှ (၇၀၀၀) ကျော်ထိရှိတယ်လို့ ပြောတယ်။ အခုသမ္မတကြီးဦးသိန်းစိန် သမ္မတ မဖြစ်ခင်ကတည်းက ဒီလယ်ယာမြေတွေအကုန်လုံးကို သိမ်းထားပြီးတော့ ကုမ္ပဏီတွေကို လုပ်ခိုင်းတယ်ဆိုတဲ့အကြောင်း ဒါကြောင့်မို့ လယ်တွေကို သူ့အနေနဲ့ပေးပိုင်ခွင့် မရှိဘူးလို့ အဲလိုပြောတယ်” ဟု ပြောသည်။

ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများပိုင် လယ်မြေများကို ၂၀၀၈ ခုနှစ်က နိုင်ငံတော်အဆင့် တာဝန်ရှိသူများအပါအ၀င် ကြေးတိုင်းနှင့် မြေစားရင်းဦးစီးဌာန တာဝန်ရှိသူများ ကျေးရွာအဆင့်တာဝန်ရှိသူများကိုယ်တိုင်ပါဝင်က သိမ်းဆည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကုမ္ပဏီနှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများပေါင်းက သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါလယ်များကို သိမ်းဆည်းခဲ့သည့် ကုမ္ပဏီ (၁၁) ခုရှိခဲ့ပြီး ပင်လယ်ကိုးသွယ်၊ ဂွတ်ဘရားသား၊ ရွှေနဂါးမင်း၊ ရွှေဟိန်းထက်နှင့် နှင်းရွှေလီစသည့် ကုမ္ပဏီများ ပါဝင်ခဲ့သည်။

လယ်မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး နေပြည်တော် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှာရှိသည့် သက်ဆိုင်ရာ ကော်မတီအသီးသီးထံ သြဂုတ်လ (၂၉) ရက်နေ့က ရှေ့နေ ကိုဖိုးဖြူနှင့် ဒဂုံမြို့သစ် တောင်ပိုင်းအရှေ့ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်အတွင်းက တောင်သူလယ်သမားကိုယ်စားလှယ် (၂၂) ဦးက လယ်မှုခင်းများနှင့် အကြံပြုစာတမ်း တင်သွင်းခဲ့သည်။

ထိုတင်ပြသည့် လယ်သိမ်းခံမှုအတွက် ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေးကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ (၃) ရက်နေ့တွင် ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပေမယ့် လယ်သမားများ အသိမ်းခံလယ်မြေ ပြန်လည်ရရှိဖို့ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲက ဒေသခံလယ်သမား ၂၀၀ ခန့်ဟာ စက်တင်ဘာလ (၁၅) ရက်နေ့ မနက် ၁၀ နာရီခွဲမှာ သူတို့ဆုံးရှုံးနေသည့် လယ်ယာမြေတွေပြန်လည်ရရှိရေးအတွက် ပုသိမ်မြို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးမှာ တင်ပြတောင်းဆိုခဲ့သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ကျနော်တို့အသိမ်းခံရတဲ့ လယ်ယာမြေတွေဟာ ပြေစာရလယ်ယာမြေတွေပါ ပိုင်ရှင်အများစုဟာ လျှော်ကြေးမရကြဘဲ လျှော်ကြေးရသူတချို့မှာလည်း ကာလတန်ဖိုးထက်လျှော့ရတဲ့အတွက် တောင်သူတွေ မကျေမနပ်ဖြစ်ကာ တာဝန်ရှိသူတွေထံ အကြိမ်ကြိမ် တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးမှုမရှိလို့ ဒီကနေ့တိုင်ကြားရတာဖြစ်တယ်လို့ လယ်သမားတွေက ပြောသည်။

တောင်းဆိုတဲ့လယ်သမားတွေအနေနဲ့ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် ခရီးသွားနေသည့်အတွက် တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးကျော်က လယ်သမားခေါင်းဆောင် ၇ ဦးထဲက ဦးချစ်ယုံ၊ ဦးတင်ထွန်း၊ ဦးတင်မောင်အေး၊ ဦးစိန်သန်းတို့ ၄ ဦးကို တိုင်းဝန်ကြီးချုပ်ရုံးအတွင်း တစ်ဦးစီ လက်ခံခေါ်ယူတွေ့ဆုံခဲ့ပြီး သုံးရက်အတွင်း ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ပြီး ရက်ပိုင်းအတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခြေအနေက တမျိုးကွဲလွဲနေကြောင်း လယ်သမားတွေက ပြောသည်။

“ကျနော်တို့ကို ကတိပေးခဲ့တာက တယောက် အခုငွေဆောင်မြို့နယ်အတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူနဲ့ မြို့နယ်စခန်းမှူးအဆင့်ရှိတဲ့သူတွေက လယ်သမားတွေကို အခုလ (၁၈) ရက်နေ့ ဆင့်ခေါ်ပြီး မင်းတို့ လယ်သမားတွေကို လုပ်ပေးနေတဲ့ မြင့်နိုင်ဆိုတာ အလကားလူ နိုင်ငံခြားက အထောက်အပံ့ယူနေတဲ့လူ နိုင်ငံခြားက တရားမ၀င်အဖွဲ့တွေနဲ့ ပတ်သက်နေတဲ့လူ ဒီလူနဲ့ပတ်သက်ရင် ခင်ဗျားတို့လည်း မလွယ်ဘူး ဘာဘူးနဲ့ ခေါ်ပြီး ခြိမ်းခြောက်တယ်ဗျာ” ဟု ဒေသခံလယ်သမားက ပြောသည်။

ယခင်စစ်အစိုးရလက်ထက်က ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ သဇင်မော်၊ သဇင်လေး၊ ဖုန်းမောင်ကြိုင်၊ ကြိုင်ငယ်၊ ကုန်းစခန်း၊ ကုန်းမောင်၊ ဗော်ဓိကုန်း၊ စသည့်ကျေးရွာများမှ လယ်ယာမြေများကို ယုဇနကုမ္ပဏီ၊ ရွှေခရုကုမ္ပဏီ၊ ရွှေမိသားစုကုမ္ပဏီတွေက စက်ယန္တာယားတွေနဲ့ လာရောက်တူးဖော်ပြီး ပုဇွန်ကန်များအဖြစ်သိမ်းယူခဲ့ခြင်း ဖြစ်သည်။

အမှတ် (၁) လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းတစ်ခု ဆောက်လုပ်ရန် သိမ်းယူခဲ့တာတွေအပြင် ငါးလုပ်ငန်းဦးစီးဌာနကလည်း ဦးစိန်သောင်းပိုင်ယာမြေကိုသိမ်းခါ အဆောက်အဦးတခုဆောက်ခဲ့ပြီး အနီးဝန်ကျင်းက မြေဧက ၈၀၀ လောက်ကိုလည်း ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း HRWDN လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးကွန်ယက်က ကိုမြင့်နိုင်က ပြောပြခဲ့သည်။

ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲမှာတင် လယ်သမားပိုင် ဧက (၆၀) ကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက သိမ်းဆည်းခဲ့ပြီး အဆိုပါအသိမ်းခံခဲ့ရသည့် လယ်သမား (၂၂) ဦးမှာ လျော်ကြေးငွေ မရရှိခဲ့ကြောင်း ဒေသခံလယ်သမားအရေးလှုပ်ရှားနေသူများက ပြောသည်။

No comments: