Saturday, September 24, 2011

ပုဇွန်မွေးမြူရေး တာတမံ သိမ်းခံရသူ ရွာသားများ နိုင်ငံတော် သမ္မတရုံးထိ စာရေး တိုင်ကြား

နိရာဉ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာ အုပ်စု ၀ါးလုံကာရီ (တာတမံ) ပုဇွန်ကန် ဧက ၈၀ ကို အမ်းအခြေစိုက် တပ်ထိန်း ၁၀မှ သိမ်းယူသွားသဖြင့် ကျေးရွာသားများက နိုင်ငံတော် သမ္မတရုံးထိ စာရေး တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

ထိုတိုင်ကြားစာကို ရွာသားများက လက်မှတ်ရေးထိုးပြီး ယခုလ ၁၈ ရက်နေ့က တိုင်ကြားလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" သူတို့ သိမ်းတာက သြဂတ်စ်လ ၂၇ ရက်နေ့က သိမ်းပါတယ်။ သိမ်းတဲ့အခါ အဲဒီပုဇွန် တာတမံ လုပ်နေတဲ့ ရွာသားတွေကို သေနတ်တွေကိုပြပြီး ခြိမ်းခြောက်မောင်းထုတ်ပါတယ်။ အခု စစ်တပ်က အဲဒီ တာတမံတွေမှာ ငါးတွေရှာဖွေပြီး ရောင်းချနေပါတယ်။ ဒါဟာ လုံးဝ တရားမျှတမူ မရှိတဲ့ အတွက် နိုင်ငံတော် သမ္မတရုံးထိ စာရေး တိုင်ကြားလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ စာကို နိုင်ငံတော် သမ္မတရုံးကို သာမက ပြည်ထောင်ဝန်ကြီး လယ်ယာသစ်တောဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ် နေပြည်တော်၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရခိုင်ပြည်နယ် လယ်ယာနှင့် သစ်တော ၀န်ကြီး၊ ရခိုင် ပြည်နယ် လုံခြံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးများဆီကိုလည်း ပို့ပေးခဲ့သည်ဟု သူက ပြောသည်။

အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ထိန်း ၁၀ က တပ်ကြပ် ၀င်းကိုဦး ဦးဆောင်သော စစ်တပ် တပ်စိတ်က ယခုအခါ အဆိုပါ တာတမံတွင် ဦးစီး လုပ်ကိုင်နေကြောင်း သိရသည်။

" စစ်တပ်က ဒီလိုလုပ်တဲ့ အတွက် ရွာသား ၁၀ ဦးမှာ စီးပွားရေး လုပ်ငန်းတွေ လက်လွှတ်ဆုံးရှုံးသွားတယ်။ အဲဒီ ပုဇွန်တာတမံတွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ရွာသား ၁၀၀ နီးပါးခန့်လည်း အလုပ်မရှိ အကိုင် မရှိ ဖြစ်သွားတယ်။ ဒေသခံ ပြည်သူတွေ အကုန်လုံး ဒုက္ခရောက်နေကြရပါတယ်" ဟု သူက ဆိုသည်။

ပုဇွန်ကန်များမှာ အမ်းမြို့နယ်တွင် တည်ရှိသော်လည်း အဆိုပါ ပုဇွန်ကန်ကို ပိုင်ဆိုင်သူများမှာ အမ်းမြို့နယ်နှင့် ဆက်စပ် တည်ရှိသော ကျောက်ဖြူမြို့နယ် အလံချိန်ကျေးရွာမှ ရွာသားများ ဖြစ်ကြသည်။

ကျေးရွာသားများအနေဖြင့် အဆိုပါ ပုဇွန်ကန်များကို ပိုင်ဆိုင်လာသည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီး ယခုကဲ့သို့ သိမ်းပိုက်ခြင်းမှာ ကျေးရွာ တချို့က မြို့နယ်ကျော်ပြီး ပိုင်ဆိုင်သဖြင့် ဖြစ်နိုင်ကြောင်း ကျေးရွာသားက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ်များသည် အရပ်သား အစိုးရလက်ထဲ အာဏာလွဲပြောင်း ပေးလိုက်ပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ယခင် စစ်အစိုးရ လက်ထက်က ကဲ့သို့ ဗိုလ်ကျ မင်းမူလျက် ရှိနေဆဲ ဖြစ်သည်။

လွန်ခဲ့သော ဇူလိုင်လကလည်း ကျောက်ဖြူမြို့နယ် မစရိုင်ချောင်း ကျွန်းက ချောင်းကြီးဖျား၊ ရွှေညိုမနဲ့ ရွာသစ်ကေ ကျေးရွာများမှ မိသားစုပေါင်း ၂၅၀ ကျော် လုပ်ကိုင် စားသောက်နေသော ချောင်းရှည်ချောင်းကို ကျောက်ဖြူ အခြေစိုက် ခလ၇ ၃၄ က တပ်ရင်း ရံပုံငွေအတွက် သိမ်းယူသွားခဲ့သည်။

No comments: