Thursday, September 29, 2011

မြန်မာပြည်အလည်လာသည့် ဂျပန်အမျိုးသမီးတဦး အသတ်ခံရ

ဘုန်းခိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေသည့် အသက် (၃၀) နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရသည့်အမှု စက်တင်ဘာ (၂၈) ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကျောက်ပန်းတောင်းမြို့ရှိ ညောင်ဦးကားဂိတ်မှ အငှားဆိုင်ကယ်ဖြင့် ညောင်ဦးမြို့ကို ပြန်သွားခဲ့သည့် ဂျပန်အမျိုးသမီးတဦးသည် ညနေ (၃) နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နှင့် ညောင်ဦးအကြားရှိ ၀ါးခင်းကြီးကျေးရွာအနီးတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ဂျပန်အမျိုးသမီး အသတ်ခံရတဲ့နေရာ အနီးအနားက နွားတို့၊ ဆိတ်တို့ကျောင်းနေတဲ့သူတွေက အမျိုးသမီးအော်သံကြားပြီး မသင်္ကာလို့ လိုက်ရှာကြည့်တော့ ခြုံထဲမှာ အလောင်းကိုတွေ့တာပဲ အဲဒီအလောင်းရဲ့လည်ပင်းမှာ အမဲရာတွေတွေ့တယ် အချွန်နဲ့ထိုးတဲ့အရာလည်း တွေ့တယ်။ သတ်တာက အဲဒီအမျိုးသမီးကို တင်လာတဲ့ ဆိုက်ကယ်သမား မင်းသိုက်တဲ့ သူက အဲဒီအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းပြီး သတ်ခဲ့တာ ဒါက ဒီအနီးနားက ရွာသားအားလုံးက အဲလိုပဲ သိနေတာ” ဟု ပြောသည်။

သေဆုံးသူ ဂျပန်အမျိုးသမီးကို တင်ဆောင်သွားခဲ့သည့် အသက် (၂၄) အရွယ် ဆိုင်ကယ်သမား မောင်မင်းသိုက်သည် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။ ဂျပန်အမျိုးသမီးကို သတ်သည့် အခင်းဖြစ်ပွားပြီး သိပ်မကြာခင် ဒေသခံများနှင့် ရဲများပူးပေါင်းကာ မောင်းမင်းသိုက်နှင့် အစ်ကိုဖြစ်သူ မောင်မင်းသွေးတို့ နှစ်ဦးကို ဖမ်းဆီးပြီး ကျောက်ပန်းတောင်းမြို့နယ်ရဲစခန်းတွင် အမှုအတွက် စစ်မေးမှုများ ပြုလုပ်နေကြာင်း ဒေသခံများက ပြောသည်။

ဂျပန်အမျိုးသမီးတဦး အသတ်ခံခဲ့ရသည့်အမှုနှင့်ပတ်သက်၍ ဂျပန်အမျိုးသမီးတဦး ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်အစပ်တွင် အသတ်ခံခဲ့ရသည့် အမှုဖြစ်ပွားတာ မှန်ကန်ကြောင်း၊ ဘယ်လို ဘာကြောင့် အသတ်ခံခဲ့ရတယ်ဆိုတာကိုတော့ စစ်ဆေးဆဲဖြစ်ပြီး လူသတ်တရားခံလို့ မသင်္ကာသည့် မောင်မင်းသိုက်နှင့် မောင်မင်းသွေးတို့ ညီအစ်ကိုနှစ်ဦးကို ကျောက်ပန်းတောင်း ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းက ပြောသည်။

ဂျပန်အမျိုးသမီးအလောင်းကို ကျောက်ပန်းတောင်းဆေးရုံတွင် ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်နေပြီး တိုင်းအဆင့် မှုခင်းဆရာဝန်များ၊ အာဏာပိုင်များ၊ နေပြည်တော်မှ တာဝန်ရှိသူများ၊ UNDP မှ ဒေသခံကိုယ်စားလှယ်များ လာရောက်စစ်ဆေးတာ တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

No comments: