Friday, September 30, 2011

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင်

လက်နက် မှောင်ခို ရောင်းဝယ် မှုကြောင့် ချမ်းသာ လာခြင်း မဟုတ်ကြောင်း မြန်မာ ပြည်၏ အချမ်း သာဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံ မေးမြန်း ခန်းတွင် ပြောဆို လိုက်သည်။

လက်ရှိ စင်ကာပူ နိုင်ငံတွင် နေထိုင် နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံ တွေဆုံကာ အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံ ခန်းတွင် ဦးတေဇက အနောက် နိုင်ငံ အစိုးရများ ပြောဆို နေသကဲ့သို့ လက်နက် ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအ များက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် အဖြစ် ပြောဆို နေမှု သည်လည်း ကောလာ ဟလ များသာ ဖြစ်၍ မမှန်ကန် ကြောင်း ငြင်းဆို သွားသည်။

“လက်နက် ကုန်သည် မဟုတ်ဘူး။ ဟယ်လီ ကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ် မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက် လည်း မဟုတ် ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံ မေးမြန်း ခန်းတွင် ပြောသည်။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့် အ၀ ပေးထားကြောင်း၊ ပထမဆုံး မြန်မာ အမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာ တော်သင် အပါအ၀င် ခရီးစဉ် များကိုလည်း စီစဉ် ပေးသည့် အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိ နေကြောင်း သိရသည်။

No comments: