Sunday, September 25, 2011

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ချေးငွေထုတ်ပေးသည့် အစီအစဉ်ဖြင့် ပါတီဝင်များ စည်းရုံးနေ

ရိုးမ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် (၄၃) ရပ်ကွက်နှင့် (၄၄) ရပ်ကွက်များတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ချေးငွေထုတ်ပေးသည့် အစီအစဉ်ဖြင့် ဆင်းရဲသား ပြည်သူများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် စုဆောင်းမှုများ ပြုလုပ်လျက်ရှိသည်။

မြောက်ဒဂုံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ယခုလ (၁၀) ရက်နေ့ကနေ စတင်ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတွင် ချေးငွေထုတ်ပေးနေခြင်း ဖြစ်သည်။ အဆိုပါ ချေးငွေထုတ်ပေးရာတွင် လူတဦးလျှင် ကျပ်ငွေ (၃၀၀၀၀) နှုန်းကို နိုင်ငံသားမှတ်ပုံတင်ပြ၍ ထုတ်ယူနိုင်ကြောင်း ဒေသခံ ငွေချေးယူသူ တဦးက ပြောသည်။

“တယောက်ကို (၃၀၀၀၀) နှုန်းရတယ်။ အတိုးက (၅) ကျပ်တိုးနဲ့ ပြန်ဆပ်တဲ့ပုံစံက တပတ်ကို (၁၂၀၀၀) ပြန်ဆပ်ရတယ် ကြံ့ဖွံ့ပါတီရုံးက တိုက်ရိုက်ချေးတာပဲ။ ကြံ့ဖွံ့ပါတီထဲဝင်ရင် တခါချေး (၁) သိန်းချေးလို့ရမယ် အတိုးဆပ်တော့လည်း တလတကြိမ်နဲ့ဆပ်ရမယ်၊ အဲလို အခွင့်အရေးပေးတယ် ဒါက သူတို့ပါတီထဲဝင်ရင်ရမယ်ပေါ့ အဲလိုစည်းရုံးတယ်” ဟုပြောသည်။

အဆိုပါ ရပ်ကွက်နေ ပြည်သူအများစုမှာ လက်လုပ်လက်စား ဆင်းရဲသားများဖြစ်သောကြောင့် ချေးငွေများများရရှိဖို့ ကြံ့ဖွံ့ပါတီထဲဝင်ကာ ငွေချေးယူလျက်ရှိကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ကြံ့ဖွံ့ရုံးက သူတို့ပါတီဝင်တွေဆိုရင် ကျပ်ငွေ တသိန်းချေးပေးနေတယ်။ အတိုးနှုန်းက တလကို (၅) ကျပ်၊ အပြင်မှာက အတိုးနှုန်းက (၂၀) ပေးနေရတာ အဲဒီလိုအခြေအနေဆိုတော့ လူအများစုက သူတို့ပါတီထဲဝင်ပြီး တသိန်းချေးတော့တာပေါ့ အခုရက်ပိုင်းမှာ ပါတီဝင်လုပ်ပြီး ငွေချေးယူတဲ့သူတွေကလည်း အများကြီးပဲ” ဟုပြောသည်။

ဒဂုံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက ယခုငွေချေးယူပြီး ပုံမှန်ပြန်ဆပ်နိုင်သူများကို နောက်တကြိမ်ငွေချေးပေးရာတွင် လုပ်ငန်းပြနိုင်ပါက ၂ သိန်းအထိ ထပ်မံငွေထုတ်ချေးပေးမည့် အစီအစဉ်များလည်းရှိသည်ဟု ပြောဆိုစည်းရုံးနေကြောင်း ဒေသခံများက ပြောသည်။

No comments: