Tuesday, September 27, 2011

ထိုင်း-မြန်မာနယ်စပ်မှာ ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်ပ

ရိုးမ ၃

ရွှေဝါရောင် တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်း အမှတ် အခမ်း အနားတွေကို ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့ပေါ်နဲ့ အုန်းပျန့်ဒုက္ခသည် စခန်း တွင်းမှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင်ခဲ့တဲ့ သံဃာတော် တွေနဲ့ ပြည်သူ လူထုတွေ စုပေါင်းပြီး ဒီကနေ့ မနက် ပိုင်းတွင် ပြုလုပ် ခဲ့သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ပြီး မြန်မာနိုင်ငံတ၀ှမ်းလုံး ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို စစ်အစိုးရက စက်တင်ဘာလ (၂၆) ရက်နေ့မှာ လက်နက်နဲ့ဖြိုခွဲခဲ့လို့ သံဃာ တော်တွေ သွေးမြေကျခဲ့ရသလို ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်တဲ့ သံဃာတော်တွေလည်း ဖမ်းဆီးခံရကာ လူဝတ်လဲ အကျဉ်းချခံခဲ့ရသည်။ အဲဒီနေ့ကို ရွှေဝါရောင်တော်လှန်ရေးနေ့အဖြစ် အထိမ်းအမှတ် အခမ်းအနားတွေပြုလုပ်ခဲ့တာဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မဲဆောက်မြို့ပေါ်တွင် ပြုလုပ်ရတာနှင့် ပတ်သက်၍ အခမ်းအနားကို ကြွရောက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ ဦးဣသာရိယက အခုလိုမိန့်ပါသည်။

“ထောင်တွေထဲမှာ သံဃာတော်တွေကိုဖမ်းဆီးထားတာ (၄)နှစ်ပြည့်ပါပြီ၊ စက်တင်ဘာတော်လှန်ရေး ကာလအတွင်းက သံဃာတော်တွေတောင်းဆိုခဲ့တဲ့ ပခုက္ကူသံဃာတော်တွေကို ၀န်ချတောင်းပန်ဖို့အပါအ၀င် လောင်စာဆီနဲ့ကုန်ဈေးနှုန်းလျော့ချပေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လူထုတွေရဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ဖို့ စတဲ့ အချက် (၄) ချက်ကိုလည်း စစ်အစိုးရရော အခု သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလို့ပြောနေတဲ့ အစိုးရကရော ဘာတခုမှ လိုက်လျောတာ မရှိသေးပါဘူး။ ဒါကြောင့် သံဃာတော်တွေကလည်း ပတ္တနိက္ကုဇ္ဖုန ကမ္မ၀ါရွတ်ဆိုပြီး ကံဆောင်သပိတ်မှောက်ခဲ့တာ အခုချိန် သပိတ်မလှန်သေးပါဘူး ဒါတွေကို မမေ့မလျော့ပဲ သံဃာတော်တွေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ လုပ်ဆောင်ဖို့လိုတဲ့အတွက် ဒီလိုပွဲကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းက ဘုန်းကြီးကျောင်းပေါင်း (၆၀) ကျော်ကို ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့လို့ဆိုကာ စစ်အစိုးရက ချိတ်ပိတ်ခဲ့ပြီး အခုချိန်ထိ ရန်ကုန်တိုင်းအတွင်းမှာ ချိတ်ပိတ်ထားဆဲ ဘုန်းကြီးကျောင်းပေါင်း (၂၀) ကျော်ရှိနေသေးသည်။

“သံဃာတော်တွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဲဒီထဲက ဦးဆောင်သံဃာတော်ဖြစ်တဲ့ အရှင်ဂန္ဘီရဟာ ထောင်ဒဏ် (၆၃) နှစ်နဲ့ နယ်ဝေးထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ အဲလိုအကျဉ်းထောင်တွေထဲမှာ သံဃာတော် အပါးပေါင်း ၂၀၀ ကျော်ဟာ ဒုက္ခရောက်နေရတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုရဲ့နိုင်ငံခြားရေးရာတာဝန်ခံ ဦးဣသာရိယက ဆက်ပြောသည်။

မဲဆောက်မြို့ပေါ်က ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ သံဃာတော်တွေနဲ့ ရွှေဝါရောင်တော်လှန်ရေးကို စိတ်ဝင်စားသူ စုစုပေါင်း (၁၀၀) နီးပါး တက်ရောက်ခဲ့သည်။

အလားတူ ထိုင်း-မြန်မာနယ်စပ် အုန်းပျန့်ဒုက္ခသည်စခန်းတွင်းမှာလည်း ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါသည်။

အဲဒီအခမ်းအနားမှာ သံဃာတော်အပါး (၁၀၀)နီးပါးက အုန်းပျန့်ဒုက္ခသည်စခန်းအမှတ် (၂) ရပ်ကွက်ကနေ အမှတ် (၁၆) ရပ်ကွက်မှာရှိတဲ့ ကမ္ဘာလုံးချမ်းသားဘုန်းကြီးကျောင်းအထိ လမ်းလျောက်ကြွချီကာ မေတ္တာသုတ် ရွတ်ဖတ်ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ သံဃာတော်တွေ လမ်းလျောက်ကြွချီတဲ့ပုံစံမျိုးကို ဒုက္ခသည်စခန်းတွင်းက တိုင်းရင်းသားပြည်သူတွေ မမေ့လျော့အောင် ပြုလုပ်ခဲ့တာလို့ အခမ်းအနားကို ကြွရောက်လာတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့သည့် သံဃာတော်တပါးက အခုလို မိန့်ကြားခဲ့ပါသည်။

“အုန်းပျန့်ဒုက္ခသည်စခန်း အမှတ်(၂) ရပ်ကွက်ကနေပြီး အခမ်းအနားလုပ်မယ့် ကမ္ဘာလုံးချမ်းသာဘုန်းကြီးကျောင်းထိကို သံဃာအပါး (၁၀၀) က မေတ္တာသုတ်ရွတ်ဖတ်ပြီး လမ်းလျောက်ကြွပါတယ်။ အဓိကရည်ရွယ်ချက်က အခုချိန်ထိ တိုင်းရင်းသားပြည်သူလူထုတွေကို ဖိနှိပ်ဆဲ အစိုးရကို သံဃာတော်တွေက သပိတ်မလှန်ပဲ ကံဆောင်သပိတ်မှောက်ထားတာကို သိစေချင်တာရယ် နောက်တချက်က စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးအတွင်း ပျံလွန်တော်မူသွားရတဲ့ သံဃာတော်တွေ ကျောင်းသားပြည်သူတွေအတွက် ရည်စူးပြီး လှူဒါန်းမှုနဲ့ ကုသိုလ်ပြုတာပါ။ ဦးဇင်းတို့ တောင်းဆိုချင်တာကတော့ သံဃာတော်တွေအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ပြည်သူလူထုတွေရဲ့အကြပ်အတည်းတွေ ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားတွေနဲ့ လုပ်ဖို့ပါ” ဟု မိန့်ကြားသည်။

အုန်းပျန့်ဒုက္ခသည်စခန်းတွင်းပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဗုဒ္ဓဘာသာ သံဃာတော် အပါး (၁၀၀) နီးပါး ကြွရောက်ခဲ့ပြီး ဧပရိသတ် ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ပခုက္ကူသံဃာတော်တွေကနေ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အထွေထွေအကြပ်အတည်းတွေကနေ ကင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီတန်းကြွချီ မေတ္တာသုတ်ရွတ်ဖတ်တာကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။

တတိုင်းတပြည်လုံးက သံဃာတော်တွေက အဲဒီတုန်းက စစ်အစိုးရအာဏာပိုင်တွေကို ပခုက္ကူသံဃာတော်တွေကို ၀န်ချတောင်းပန်ဖို့အပါအ၀င် လောင်စာဆီနဲ့ကုန်ဈေးနှုန်း လျော့ချပေးရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ လူထုတွေရဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ဖို့ စတဲ့ အချက် (၄) ချက်ကို တောင်းဆိုပြီး စစ်အစိုးရကို ပတ္တနိက္ကုဇ္ဖုန ကမ္မ၀ါရွတ်ဆိုကာ ကံဆောင်သပိတ်မှောက်ခဲ့တာ ဖြစ်သည်။

အခုချိန်ထိ သံဃာတော်တွေ တောင်းဆိုခဲ့တဲ့ အချက် (၄)ချက်စလုံးကို စစ်အစိုးရလက်ထက်ကရော အခု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အထိ လိုက်လျောခြင်းမရှိသေးကြောင်း သံဃာတော်များက ပြောကြားသည်။

No comments: