Monday, September 26, 2011

ဧရာဝတီမြစ်ဆုံရေကာတာ ကန့်ကွက်ရေးလှုပ်ရှားသူတချို့ စစ်ဆေးခံရ

နော်နိုရင်း

ဧရာဝတီမြစ်ဆုံရေကာတာ အလိုမရှိကြောင်းနဲ့  နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ၃ ရက်တာ လက်မှတ်ထိုးလှုပ်ရှားမှုကို ရန်ကုန်တိုင်း တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင် စတဲ့ ၅ မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တွေက မနေ့က စတင်ဆောင်ရွက်နေပါတယ်။

“ဧရာဝတီမြစ်ကို ကယ်တင်ကြစို့”ဆိုတဲ့ လက်ကမ်းစာစောင်တွေကို မနေ့က လိုက်လံဖြန့်ဝေတာ ဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ အလိုမရှိကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုချက်မှာ လက်မှတ်ထိုးဖို့လည်း လူထုကို နှိုးဆော်ကြတယ်လို့ လှုပ်ရှားနေသူတွေက ပြောပါတယ်။

မနေ့ကစတင်တဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ တွံတေးမြို့နယ်က ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးအောင်ဖေကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ယူဆွေးနွေး မေးမြန်းပါတယ်။

တွံတေးမှာ ဒီနေ့ ဆက်လက်လှုပ်ရှားပြီး လက်ဖက်ရည်ဆိုင်မှာ ဒီဗွီဘီ ရုပ်မြင် သံကြားအစီအစဉ် ကြည့်နေတုန်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဦးအောင် ဖေကို ခေါ်သွားပါတယ်။ ရဲစခန်းမှာ စခန်းမှူး၊ ထောက်လှမ်းရေး၊ စတဲ့အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရပုံကို ဦးအောင်ဖေက ပြောပြပါတယ်။

“သူတို့က အထက်ကညွှန်ကြားလို့ အခုလို ခေါ်ယူဆွေးနွေးရတာလို့ ပြောတယ်၊ နိုင်ငံတော်အကြီးအကဲကိုပုတ်ခတ်တဲ့ စကားတွေ၊ စာတန်းတွေ ချိတ်ဆွဲပြီး မပြောဆိုဖို့ ကျနော့်ကို လက်မှတ်ထိုးပေးပါလို့ ပြောတယ်။ ကျနော်က မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်။ လူ့အခွင့်အရေး ကြေညာချက် ၁၉ မှာ ပါတဲ့အတိုင်း နိုင်ငံသားတိုင်းဟာ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိတယ် ဆိုတဲ့အတိုင်း ပြုလုပ်တာ ဖြစ်တယ်၊ နောင်လည်း မလုပ်ဘူးလို့ မပြောနိုင်တဲ့အကြောင်း ပြောလိုက်တယ်။ ဘာမှ တော့ မပြောတော့ဘူး။ သူတို့အထက်လူကြီးတွေကို ဖုန်းဆက်လိုက်ပါဦးမယ်လို့ ပြောပြီး ကျနော့်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။”

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က လူငယ်တွေဟာ “ဧရာဝတီကို ကယ်တင် ကြစို့”ဆိုတဲ့စာရွက် ဖြန့်ဝေရာမှာ နယ်မြေခံရဲအရာရှိက တားမြစ်ပါတယ်။ လူငယ်တွေက စာရွက်ဆက်ဝေတဲ့အတွက် ခေါ်ယူဆွေးနွေးခံလိုက်ရတယ်လို့ စာဖြန့်ဝေခဲ့သူ ဦးသိန်းအောင်က ပြောပါတယ်။

“မြို့နယ်မှူးက စာဖြန့်ဝေတဲ့ ကိစ္စကို သူတို့ကို အသိပေးပြီးမှ လုပ်ဖို့ပြောတယ်၊ ကျနော်တို့က ဒီလှုပ်ရှားမှုကို လူငယ်တွေဆုံးဖြတ်ချက်ချပြီး ဖြစ်တဲ့အတွက် မလုပ်မဖြစ် ပြုလုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့က အဓိကရုဏ်းကိစ္စတွေ မဖြစ်အောင် ထိန်းသိမ်းပေးဖို့လည်း ပြောပါတယ်။ ကျနော်တို့ကလည်း ဥပဒေဘောင် ထဲကနေ ငြိမ်းချမ်းစွာ လှုပ်ရှားသွားမှာဖြစ်တယ်၊ ဒါပေမယ့် တဘက်ကနေ အလှူခံသ လိုလိုနဲ့ အဓိကရုဏ်းဖြစ်အောင် လုပ်လာရင်တော့ တာဝန်မယူဘူး။ ကျနော်တို့က တော့ ဥပဒေဘောင်ထဲက လုပ်မှာဖြစ်လို့ ကိုယ့်လူငယ်တွေကိုတော့ တာဝန်ယူနိုင် တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီတော့ သူတို့ကလည်း ၀ိုင်းပြီးထိန်းပေးပါမယ်လို့ ပြောပြီး ခွင့်ပြုလိုက်ပါတယ်။”

ဒီလိုဆွေးနွေးပြီးနောက် လူငယ်တွေက စာရွက်တွေ ဆက်ဖြန့်ပြီး ရဲတပ်ဖွဲ့ဝင် တွေက လိုက်လံစောင့်ကြည့် သတင်းယူတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုက ရရှိတဲ့ လူထုလက်မှတ်တွေကို အစိုးရဆီ ပို့ဆောင်မှာဖြစ်ပါ တယ်။ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဖို့ ပညာရှင်တွေ၊ အနုပညာသမားတွေ၊ နိုင်ငံရေးသမားတွေက တောင်းဆိုနေသလို ဒီစီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ အစိုးရကို တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။

No comments: