Monday, September 26, 2011

နယ်စပ်တွင် ယာဘားဆေးပြား ၃၆၀၀၀ နှင့် အတူ လူ ၄ ဦး ဖမ်းဆီးခံရ

ထွန်းထွန်း

မြန်မာ နိုင်ငံမှ ဘင်္ဂလား ဒေ့ခ်ျ နိုင်ငံသို့ တင်သွင်း လာသည့် ယာဘား ဆေးပြား ၃၆၀၀၀ နှင့် အတူ လူ ၄ ဦးကို တက်ကနက်မြို့နယ် ရှင်မဖြူ ကျွန်းတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ဘီဂျီဘီ အမှတ် (၄၂) တပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

"သူတို့ကို ဖမ်းတာကတော့ မနေ့က ၃ နာရီခန့်မှာ ဖြစ်ပါတယ်။ ရှင်မဖြူ ဆိပ်ကမ်း ကနေ ရွာကို အသွား ဘောလုံး ကွင်းအနီးမှာ ဖမ်းတာ ဖြစ်ပါတယ်။ ဘီဂျီဘီ က သတင်း ရထားလို့ သွားဖမ်းတာ ဖြစ်ပုံ ရပါတယ်။ ခုဖမ်းလိုက်တဲ့ ဆေးပြားက ဒီလထဲမှာဆိုရင် အရေ အတွက် အများဆုံးလို့ ပြောလို့ ရပါတယ်" ဟု ရှင်မဖြူဆိပ်ကမ်းမှ စီးပွားရေးသမားတဦးက ပြောသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ယာဘား ဆေးပြားများကို နေ့စဉ်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျ အာဏာပိုင်များမှ လိုက်လံ ဖမ်းဆီးနေသော်လည်း ထိုလုပ်ငန်းမှာ ၀င်ငွေ အထူး ကောင်းသဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် မကြောက်မရွှံ့ (တရားမ၀င်) ကူးသန်း ရောင်းဝယ် နေကြသည်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အုန်းကျွန်းတွင် နေထိုင်သော မိသားစု ၄ ဦး ဖြစ်ပြီး သူတို့မှာ ယာဆိမ်း အသက် (၆၅)၊ ဇနီးဖြစ်သူ ဖါဒေမာ (၄၇)နှင့်အတူ ၈ နှစ်သား အရွယ်ခလေး တဦးနှင့် ၆ နှစ်သမီးငယ် တဦးတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ယာဘားဆေးပြားတလုံးစီမှ ဘင်္ဂလားတာကာ ၅၀ ကနေ ၇၀ အထိအမြတ် ရရှိသဖြင့် နယ်စပ်တွင် စစ်ဆေးရေး ဂိတ်များ တိုးချကာ လုံခြုံရေး တိုးချထားသည့် ကြားထဲမှ နေ့စဉ်ရက်ဆင့်ဆိုသလို ဘင်္ဂလားဒေ့ခ်ျနိုင် ငံသို့ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလုပ်ငန်းကို အဓိက လုပ်လာကြတာကတော့ ဒီလိုဖြစ်ပါတယ်။ တခြား ကုန်ပစ္စည်းတွေဆို တာကာ ဈေး ကျနေတာကြောင့် ဒီကို ယူလာလို့ မကိုက်ဘူး။ ပြီးရင်အရင်းအနှီးများပြီးတော့ အမြတ် နည်းတယ်။ ယာဘား ဆေးပြားတွေ ကျတော့သယ်ယူရလွယ်ပြီးတော့ အမြတ်ကပိုများပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရပေမယ့် ၀င်ငွေကောင်းတော့ လူတွေက စားဝတ်နေရေး အတွက် စွန့်စား ပြီးတော့ လုပ်နေကြတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ယာဘား ဆေးပြားနှင့် လက်ပူး လက်ကြပ် ဖမ်းမိသော်လည်း ဥပဒေတွင် တင်းတင်းကျပ်ကျပ် ပြဌာန်းထားခြင်း မရှိသဖြင့် ငွေပေးနိုင်ပါက လွှတ်ပေးသည့်အလေ့အ ထားရှိသောကြောင့် ထိုလုပ်ငန်းကို အတားအဆီး မရှိ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြော သည်။

No comments: