Monday, September 26, 2011

စစ်တပ် လေးလပတ်အစည်းအဝေး ပုံမှန်ထက် နှစ်လစောကျင်းပ

ရန်ပိုင် Monday, 26 September 2011

မြန်မာ့တပ်မတော်၏ ဒုတိယအကြိမ် တပ်မှူးများ ညီလာခံ (လေးလပတ်) အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၌ စတင် ကျင်းပလျှက်ရှိရာ သက်မှတ်ကာလထက် ၂ လစော၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

ပထမအကြိမ် တပ်မှူးများ ညီလာခံ (လေးလပတ်) ကို ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့ပြီးနောက် ၂ လခန့်အကြာတွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံခေါ်ယူခြင်း ဖြစ်သည်။

ထိုသို့ သတ်မှတ်ကာလထက် စော၍ ကျင်းပခြင်းသည် KIA နှင့် ထိတွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှု ပိုမိုများလာခြင်းကြောင့် စစ်ရေး အရေးယူမှုများ ပြုလုပ်ရန် ဖြစ်နိုင်ကြောင်း စစ်ဘက်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ခန့်မှန်းပြောဆိုသည်။


ယခုအခါ KIA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ကချင်ပြည်နယ်အတွင်းတွင် သာမက ရှမ်းပြည်အရှေ့မြောက်ပိုင်း ဒေသ KIA တပ် မဟာ ၄ ထိန်းချုပ်ရာ ဒေသများ၌လည်း ပျံနှံ့လျှက်ရှိနေသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း မူဆယ်-လားရှိုး လမ်းမ အနီးရှိ ရွှေပြည်သစ် ရဲဘက်စခန်းကို KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ က တိုက်ခိုက်ပြီး အကျဉ်းသားကို လွှတ်ပေး ခဲ့သည်။

ထို့အတွက် အစိုးရက လက်တုံ့ပြန်သည့် အနေဖြင့် အဆိုပါဒေသနှင့် ကချင်ပြည်နယ် လွယ်ဂျယ်ဒေသတို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေသည်။

ယနေ့နံနက် ၆ နာရီက တပ်မှူးများ ညီလာခံကို တက်ရောက်မည့် တပ်မမှူး၊ တိုင်းမှူးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ အားလုံး စစ်ရုံးသို့ ရောက်ရှိသည်ကို သတင်းပို့ရကြောင်း စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

“စနေနေ့ အရောက်ခေါ်တယ်။ လူတွေက စုံနေပြီ မစသေးတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက် ၂ ရက်မှာ လူကြီးတွေကို လိုက်ကန်တော့တယ်။ အားလုံးစုပြီး ထုံးစံအတိုင်း ဂေါက်ရိုက်ကြတယ်” ဟု ၎င်းက ဆိုသည်။

ညီလာခံ တက်ရောက်မည့် တိုင်းမှူးများ၊ တပ်မမှူးနှင့် စစ်ဘက် အရာရှိကြီးများအားလုံး ပြီးခဲ့သည့် စနေနေ့က နေပြည်တော်သို့ ရောက်ရှိလာကြောင်း ၎င်းက ဆက်လက်ပြောသည်။

အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇောမှာမူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၄ ထိန်းချုပ်ရာ ဒေသကို စစ်ဆင်ရေးများ ပြုလုပ်နေရသည့်အတွက် ခြွင်းချက်အနေဖြင့် အစည်းအဝေး တက်နိုင်ခြင်းမရှိဟု သိရသည်။

ပြီးခဲ့သည့် ပထမအကြိမ် တပ်မှူးများ ညီလာခံ အပြီးတွင် စစ်ဆင်ရေး အထူး အဖွဲ့မှူးများဖြစ်သည့် ယာယီ ဒု ဗိုလ်ချုပ်ကြီး တင်ငွေ၊ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ယာယီ ဒု ဗိုလ်ချုပ်ကြီး ကျော်ဖြိုး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ယာယီ ဗိုလ်ချုပ် ထွန်းသန်း တို့ ရာထူးများမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ယခု အစည်းအဝေး၌လည်း စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။

No comments: