နော်နိုရင်း
အင်းစိန်ထောင်တွင်း ထောင်ဒဏ် ၂၉နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ သန္တာဟာ နှလုံးရောဂါနဲ့ ကျောက်ကပ် ရောဂါ ခံစားနေ ရတယ်လို့ ဒီနေ့ ထောင်ဝင်စာသွားတွေ့ခဲ့သူ သူရဲ့ တူမဖြစ်သူက ပြောပါတယ်။
“ကျောက်ကပ်ရောင်နေတယ်လို့ ပြောတယ်။ ချမ်းလို့တဲ့ ရေနွေးအိပ်နဲ့ ပြန်ပြီးတော့ အနွေးဓာတ်ပေးနေရတာ။ အခု အရမ်းပိန်ကျသွားတယ်။ အောက်က စောင်တွေကို ထူထူလေး ခင်းပြီး နေရတယ်တဲ့။ အရိုးတွေဘာတွေလည်း နာတယ်တဲ့။ သူက နှလုံးသွေးကျောကျဉ်းတာရယ်၊ ကျောက်ကပ်နည်းနည်းရောင်တယ်။ ဆရာဝန်က ပြီးခဲ့တဲ့အခေါက်က လာမကြည့်ဘူး။ ဒီတခေါက်တော့ လာကြည့်တယ်တဲ့။ ဆေးစာတွေ ရေးပေးလိုက်တယ်တဲ့။ ကိုလူမော်က ၀ယ်ပြီး ကျမကတဆင့် သွားပေးရမှာလေ။”
ထောင်တွင်းမှာ မသန္တာ ကျန်းမာရေးမကောင်း ဖြစ်နေရသလို အပြင်မှာ ရှိနေတဲ့ ဖခင်ဖြစ်သူ ဦးခင်ညိုလည်း ကျန်းမာရေး ဆိုးဝါးနေတယ်လို့ အလုံမြို့နယ် အဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုလူမော်လတ်က ပြောပါတယ်။
“ရှိတာမှ သားအဖနှစ်ယောက်တည်း ရှိတာ။ ဖြစ်ချင်တော့ သူ့သမီးထောင်ဝင်စာ သွားတွေ့ဖို့ ပြင်ဆင်နေတာ။ အဲဒါစာရေးနေရင်း ရာသီဥတုကလည်း ပူတော့ အပေါ်ထပ်မှာ ချွေးတွေ ထွက်ပြီး ရှော့ဖြစ်သွားပုံ ရပါတယ်။ ဆရာဝန်ကတော့ ဦးနှောက်သွေးကျော အသေးလေးပေါက်သွားတယ်လို့ ပြောတယ်။ ဆေးရုံတွေဘာတွေ တင်ပြီး လုပ်ရတာပေါ့။ အဲတော့ သူ့သမီးထောင်ဝင်စာတွေ့ဖို့က အခက်အခဲ ရှိသွားတာပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက လေဖြတ်သွားတာဆိုတော့ အခုချိန်ထိ ထိန်းပြီး ကုထားရတာ။ သိန်းနဲ့ချီပြီး ကျနော်တို့ ရှာရကြံရတာပေါ့။”
အသက် ၄၀ ခန်ရှိပြီဖြစ်တဲ့ မသန္တာဟာ ၂၀၀၇ ခုနှစ်က ထိုင်းနယ်စပ် မြ၀တီမြို့မှာ စက်ပစ္စည်းတွေ နဲ့အတူ ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရတာပါ။
မသန္တာဟ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် အဖွဲချုပ်စည်းရုံးရေးမှူးဖြစ်ပြီး ဖခင် ဦးခင်ညိုကတော့ အလုံမြို့နယ် အဖွဲ့ချုပ် စည်းအဖွဲ့ဝင်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူလည်း အရင်က အဖွဲ့ချုပ်လှုပ်ရှားမှုနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ဖူးတယ်လို့ ကိုလူမော်လတ်က ပြောပါတယ်။
No comments:
Post a Comment