ခင်မောင်စိုး
လူ့သမိုင်းမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့တာ သိပ်မကြာသေးပါဘူး။ လူ့အခွင့်အရေး ကြေညာ စာတမ်း ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ကြေညာခဲ့တာလည်း ယခု ၂ဝ၁၁ ခုနှစ်က ပြန်ရေတွက်မယ်ဆိုရင် ၆၃ နှစ်ပဲ ရှိပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးဆိုတဲ့ စကားကို လူပြောသူပြော များလာတာဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး နောက်ပိုင်းကာလမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး တွဲသုံးတတ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်ရဲ့ လက်အောက်ကို ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ လူထောင်ပေါင်းများစွာ အသက်ကို စတေးပြီးမှ ဒီစကားလုံးတွေကို ပြောခွင့်ရလာခဲ့တာပါ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမတိုင်မီ ဆိုရှယ်လစ်ခေတ်က ဆိုရင် ဒီစကားလုံးတွေကို သိမြင်ပြောကြားတဲ့သူ အလွန်နည်းပါးခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာဘာသာနဲ့ထုတ်ဝေဖြန့်ချိခဲ့ဖူးပေမယ့် လူထုကြားထဲ မပျံ့နှံ့ခဲ့ပါဘူး။ အခြေခံပညာ ကျောင်းသားများအတွက် အလွယ်တကူ နားလည်အောင် ပြန်လည်ရေးသားထားတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို သတင်းစာဆရာကြီး ဦးညိုမြက သူ့ရဲ့ အိုးဝေဂျာနယ်မှာ ဘာသာပြန်ဆို ထည့်သွင်းခဲ့ဖူးပါတယ်။ ဒါကိုလည်း အာရုံစိုက်မိတဲ့သူ အရေအတွက် မများလှပါ။ ဦးညိုမြရဲ့ ဘာသာပြန်မူကို ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအတွင်းမှာ ဖြန့်ချိတာ တွေ့ရပါတယ်။
၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ကြေညာပါတယ်။ အခုအချိန်မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံ ရှိနေပြီဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ အဲဒီ ၁၉၄၈ ခုနှစ်တုန်းကဆိုရင် အဖွဲ့ဝင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ရှိပါသေးတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အဖွဲ့ဝင်နိုင်ငံ ၅ဝ က ထောက်ခံခဲ့ပြီး ကျန်တဲ့ ၈ နိုင်ငံကတော့ ကန့်လည်း မကန့်ကွက် ထောက်လည်း မထောက်ခံ ကြားနေခဲ့ပါတယ်။ အဲသည်တုန်းက မြန်မာနိုင်ငံဟာ ထောက်ခံမဲ ပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို ပထမဆုံး ထောက်ခံမဲပေးတဲ့ နိုင်ငံများအတွင်း ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနေ့ဒီအချိန်မှာတော့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတခု ဖြစ်နေပါပြီ။
မြန်မာပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ထုတ်ဖော်ပြောဆိုနိုင်နေပေမယ့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက အခွင့်အရေးတွေကိုတော့ လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် မရသေးပါဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးသားထားတဲ့ စာရွက်တွေကို လူထုကြားမှာ ဖြန့်ဝေတယ်ဆိုရင် အဖမ်းခံရတာမျိုးတွေ ရှိနေပါသေးတယ်။ လူ့အခွင့်အရေးကို အမျိုးမျိုးချိုးဖောက်နေတဲ့ အစိုးရကလည်း လူ့အခွင့်အရေးဆိုတာ ဗိုလ်ကျစိုးမိုးချင်တဲ့ အနောက်နိုင်ငံများက မကြာခင်ကမှ တီထွင်လိုက်တဲ့ အရာတခုလိုမျိုး ဝါဒဖြန့်နေခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုတာ အနောက်နိုင်ငံသားတွေနဲ့သာ သက်ဆိုင်ပြီး အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေသလိုမျိုး စွပ်စွဲပြောကြနေတာလည်း ရှိပါသေးတယ်။
လူ့အခွင့်အရေးဆိုတဲ့ အရာဟာ မျက်မှောက်ခေတ်မှာမှ ပေါ်ပေါက်လာတဲ့အရာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝဝဝ ကျော်က အာဖရိကတိုက် မက်ဆို ပိုတေးမီးယားနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ဟမ်မူရာဘီကိုဓ ဥပဒေမှာ လူ့အခွင့်အရေး တချို့ ပါဝင်နေတယ်လို့ သမိုင်းပညာရှင်များက ဆိုပါတယ်။ ဟမ်မူရာဘီကိုဓ ဥပဒေထဲမှာ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ ကျေးကျွန်အခွင့်အရေး စသဖြင့် ပါရှိခဲ့ပါတယ်။
စာပေအရေးအသားနဲ့ ခိုင်ခိုင်မာမာတွေ့တာကတော့ ၁၈၇၉ ခုနှစ်တုန်းက အီရန်နိုင်ငံမှာ တွေ့ခဲ့တဲ့ ဆလင်ဒါပုံ ရွှံ့တုံးတတုံးပေါ်က အထောက်အထားဖြစ်ပါတယ်။ ဒီစာကို ရေးသားခဲ့တဲ့အချိန်က အင်ပါယာအရှင် ဘုရင်ကြီး ပိုင်းရတ်အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ဝဝ လောက်က ဖြစ်ပြီး အဲဒီအချိန်က အီရန်နိုင်ငံလို့ မခေါ်ဘဲ ပါးရှားနိုင်ငံလို့ ခေါ်ခဲ့ပါတယ်။ အဲဒီရွှံ့တုံးပေါ်မှာ ရေးသားထားတာတွေက ဘုရင်ကြီးပိုင်းရတ်ရဲ့ အမိန့်ပြန်တမ်းတွေဖြစ်ပြီး ကျေးကျွန်တွေကို လွတ်လပ်ခွင့်ပေးတာတွေ၊ အလုပ်သမားတွေကို လုပ်အားခ ပေးတာတွေ၊ ဘာသာရေး လွတ်လပ်ခွင့်ပေးတာတွေ ပါဝင်ပါတယ်။ ဒီအမိန့်ပြန်တမ်းပါတဲ့ ရွှံ့တုံးကြီးကို ဗြိတိသျှပြ တိုက်မှာ သိမ်းဆည်း ပြသထားပါတယ်။ ဒီရွှံ့တုံးအတိုင်း ပြုလုပ်ရေးသားထားတဲ့ ပုံတူတခုကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ဝဝ လောက်က အိန္ဒိယနိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ အာသောကမင်းကြီး လက်ထက်မှာလည်း တိုင်းသူပြည်သားများကို လူ့အခွင့်အရေးတချို့ကို ပေးခဲ့တာ တွေ့ရပြန်ပါတယ်။ ဘာသာရေး၊ နိုင်ငံရေး ဇာတ် ခွဲခြားမှု မရှိတာတွေ၊ အခမဲ့ပညာရေး၊ အခမဲ့ ဆေးကုသမှု၊ လူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ အကြမ်းမဖက်မှု စသဖြင့် ဒီကနေ့ လူ့အခွင့်အရေးဆိုတာတွေရဲ့ အခြေခံအချက်တချို့ကို အာသောကမင်းကြီးရဲ့ ကျောက်စာမှာ တွေ့ရပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ အာသောကမင်းကြီးနဲ့ ပတ်သက်ရင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင် လှူဒါန်းခဲ့တယ် ဆိုတာလောက်ပဲ သိနေခဲ့တာပါ။ တကယ်တော့ အာသောက မင်းကြီးဟာ လူ့အခွင့်အရေးတွေလည်း ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။
ဒီအထောက်အထားတွေအရ လူ့အခွင့်အရေးဆိုတာဟာ အရှေ့တိုင်းဒေသမှာ ရှေးကတည်းက ရှိခဲ့ဖူးတဲ့ အရာတွေလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးဆိုတာကို အနောက်နိုင်ငံများရဲ့ တီထွင်ဖန်တီးမှုအဖြစ် အရှေ့တိုင်းဒေသက အာဏာရှင်အစိုးရများ ပြောဆိုနေကြတာဟာ သမိုင်းကို ဖျောက်ဖျက်တာပဲ ဖြစ်နေပါတယ်။
အနောက်တိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဂဝဝ လောက်က အင်္ဂလန်က ဘုရင်ဂျွန်လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ မဂ္ဂနာကာတာ ကြေညာစာတမ်းဟာ လူ့အခွင့်အရေးတချို့ကို ဖော်ထုတ်နိုင်ခဲ့တဲ့ စာတမ်းအဖြစ် နာမည်ကြီးပါတယ်။ အစိုးရကို ဖွဲ့စည်းပုံ အခြေခံဥပေဒအောက်မှာ ထားဖို့ စတင်လုပ်ဆောင်ခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။
မဂ္ဂနာကာတာ ကြေညာစာတမ်းနဲ့ တချိန်တည်းမှာလိုပဲ အာဖရိကတိုက် မာလီနိုင်ငံမှာ အုပ်စိုးခဲ့တဲ့ ဆွန်ဒီယာတာကိတ္တဆိုတဲ့ ဘုရင်ကလည်း လူ့အခွင့်အရေးတချို့ကို ပေးခဲ့ပါတယ်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့ပြီး ပုဂ္ဂလိကအခွင့်အရေးတချို့ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝဝ ကျော်က အင်္ဂလန်နိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ ပညာရှိကြီး ဂျွန်လောက်က လူ့အခွင့်အရေးရဲ့ အခြေခံ သဘာဝအခွင့်အရေး ဆိုတာကို စနစ်တကျ စပြီး တင်ပြရေးသားခဲ့ပါတယ်။ ဒီအချိန်ကစလို့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ဖြစ်ရပ်ကြီးတွေဟာ အနောက်တိုင်းကမ္ဘာမှာ ဖြစ်ပွားလာခဲ့ပါတယ်။
၁၇၇၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်တော်လှန်ရေးနဲ့ ၁၇၈၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးတွေကြောင့် လူ့အခွင့်အရေးများကို လူသားတွေ ကျယ်ကျယ်ပြန့်ပြန့် စတင်ရရှိခဲ့ပါတယ်။ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ပြင်သစ် လူ့အခွင့်အရေးကြေညာစာတမ်းတွေမှာ အသက်ရှင်သန်ခွင့် လွတ်လပ်စွာ နေထိုင်ခွင့် ပျော်ရွှင်ချမ်းမြေ့မှု ရပိုင်ခွင့် စတာတွေကို အတိအလင်း ဖော်ပြခဲ့ပါတယ်။
နောက်တော့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး စတာတွေကို အကျယ်တဝန်း ထုတ်ဖော်ရေးသားမှုတွေ ပေါ်လာပါတယ်။ သောမတ်ပိန်း၊ ဂျွန်စတူးဝပ်မီးလ်၊ ဟေဂယ်လ် စတဲ့ ပညာရှိသုခမိန်ကြီးများက လူသားရဲ့ ရပိုင်ခွင့်တွေကို ရေးသားတင်ပြခဲ့ပါတယ်။
ဒီလို ပညာရှိကြီးများထဲမှာ ထင်ရှားတဲ့ တယောက်ကတော့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုး ဖြစ်ပါတယ်။ သူဟာ လူ့အခွင့်အရေး (Human Rights)
ဆိုတဲ့ စကားလုံးကို ပထမဆုံး စတင်သုံးစွဲခဲ့သူ ဖြစ်တယ်လို့ တချို့က ဆိုကြပါတယ်။
တွေးခေါ်ရှင်ကြီးသောရိုးရေးသားခဲ့တဲ့ နိုင်ငံရေးအာခံမှု စာတမ်းကြီးဟာ လူ့အခွင့်အရေးသမိုင်းမှာ အလွန်အရေးပါတဲ့ စာတမ်း ဖြစ်ပါတယ်၊၊ ဒီစာတမ်းက အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီနဲ့ အမေရိကန် လူမဲအခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းတို့အပေါ် အလွန်ဩဇာ လွှမ်းခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များ၊ ပညာရှိသုခမိန်ကြီးများရဲ့ အဆင့်ဆင့်ကြိုးပမ်းမှုတွေနဲ့ လူ့အခွင့်အရေး ဆိုတာတွေကို လူတွေ သိမြင်သဘောပေါက်လာပြီး တချို့တဝက်ခံစားရရှိလာခဲ့ကြပေမယ့် လူသားအားလုံးအတွက် တပြေးညီ ရရှိရမယ့် လူ့အခွင့်အရေး အချက်အလက်တွေကို စနစ်တကျ ဖော်ထုတ်ခဲ့တာကတော့ ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကုလသမဂ္ဂ သဘောတူစာတမ်းကြီးထဲမှာ လူ့အခွင့်အရေးဆိုတာကို သေသေချာချာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ လူ့အခွင့်အရေးကော်မရှင်ဆိုတာကို ဖွဲ့စည်းပြီး ပညာရှင်အဖွဲ့နဲ့ သုံးနှစ်ကြာ ရေးဆွဲခဲ့တာပါ။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာမှ အပိုဒ် ၃ဝ ပါဝင်တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment