မင်းလွင်
ဗိုလ်ချုပ် မှူးကြီး ဟောင်း ဦးသန်းရွှေ ကနေ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို တရားဝင် လွှဲပြောင်း ပေးလိုက် သလိုပဲ ကျန်တဲ့ အုပ်ချုပ်ရေး ဆိုင်ရာ တွေကိုလည်း စစ်ဗိုလ်ချုပ် တွေက နေပြီးတော့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ ကနေ အနိုင် ရခဲ့တဲ့ ပြည်ထောင် စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက စစ်ဗိုလ် ချုပ်ဟောင်း အမတ် တွေဆီ ကိုလည်း လွှဲပြောင်း ပေးလိုက် ပါတော့တယ်။ ဦးသန်းရွှေ မရှိ တော့တဲ့ နောက်ပိုင်း မြန်မာ့ နိုင်ငံ ရေးမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍ မည်သို့ ဆက်ရှိ မလဲဆိုတာ တင်ပြ ပါမယ်။
မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စု ဝန်ကြီး ၃၀ ဦး အပါ အဝင် ၃၅ ဦးပါ အစိုးရ သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ သစ်မှာ အရပ်သား ဒုတိယ သမ္မတ တဦးနဲ့ အရပ်သား ပြည်ထောင်စု အဆင့် ဝန်ကြီး ၅ ဦးနဲ့ အရပ်သား ရှေ့နေချုပ်တို့ ပါဝင်ပါတယ်။ ယူနီဖောင်းဝတ် ဒုတိယဗိုလ်ချုပ်ကြီးတဦးနဲ့ ဗိုလ်ချုပ်နှစ်ဦး ပါဝင်ပြီးတော့ ကျန် အစိုးရ အဖွဲ့ဝင်တွေကတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ပါတယ်။
ပြည်နယ်နဲ့တိုင်း အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းခဲ့ပြီးတော့ ခရိုင်မြို့နယ်နဲ့ ကျေးရွာအဆင့်တွေကိုလည်း ဖျက်သိမ်းခဲ့ပါသေးတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတို့က လွဲရင် ကျန်ဝန်ကြီးဌာနအားလုံးဟာ အရပ်သားနဲ့ အရပ်သားပြောင်းစစ်ဗိုလ်ချုပ်တွေ ဖြစ်လာခဲ့ပါပြီ။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာဆိုရင်လည်း ယခင်က စစ်တိုင်းမှူး ဗိုလ်ချုပ်တွေသာ အရပ်ဘက်ကိစ္စတွေကို စီမံကွက်ကဲ အုပ်ချုပ်ခဲ့ပေမယ့် မတ်လ ၃၀ ရက်နေ့ကစလို့ ပြည်နယ်နဲ့တိုင်းဒေသကြီးက အရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို အသစ် ဖွဲ့စည်းခဲ့ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၄ ဖွဲ့ရှိတဲ့အနက် ၄ ဖွဲ့မှာ အရပ်သား ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးတော့ အစိုးရအဖွဲ့ ၁၀ နေရာမှာ အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းက ဝန်ကြီးချုပ်တွေ အသီးသီး ဖြစ်လာခဲ့ပါတယ်။ အရင်ရှိခဲ့တဲ့ တိုင်းမှူး ဗိုလ်ချုပ်တွေကနေ အရပ်ဘက်အုပ်ချုပ်ရေးကို လုပ်ကိုင်နေရာကနေ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းလဲလိုက်တာပါ။ စစ်တပ် အုပ်ချုပ်မှုကနေ အရပ်သားတွေဆီကို လွှဲလိုက်တယ်လို့လည်း တနည်းအားဖြင့် ပြောလို့ရနိုင်ပါတယ်။
အရင်က စစ်တိုင်းမှူးတွေက အရပ်ဘက်အုပ်ချုပ်ရေးကိစ္စတွေကို အမိန့်ပေးစေခိုင်းပြီး လုပ်ဆောင်ခဲ့တာတွေ ရှိပေမယ့် အခုမရှိတော့ဘူးလို့လည်း မြန်မာနိုင်ငံရေးကို လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။ ဒါပေမယ့် စစ်တပ်က အရပ်သား အုပ်ချုပ်ရေးမှာ မပါဝင်တော့ဘဲ စစ်တပ်မှာ နေတော့မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ စစ်တပ်က အရပ်ဘက်ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်တော့သလို စစ်တပ်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ နိုင်ငံတော်အမြင့်ဆုံး အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ဘယ်လို ဆုံးဖြတ်မလဲ။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး လေ့လာသူတွေအဆိုအရ အခုချိန် မြင်တွေ့နေရတာတွေကတော့ စစ်တပ်က တိုင်းပြည်အာဏာရဲ့ အနောက်ကို ရောက်နေပြီးလို့ စစ်တပ်ကနေ အုပ်ချုပ်ရေးမှာ တိုက်ရိုက်ဆက်ဆံတာတွေ မရှိဘူးလို့ ပြောကြပါတယ်။
အမေရိကန်နိုင်ငံ ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ လေ့လာသင်ယူနေတဲ့ ကိုမင်းဇင်ကတော့ စစ်တပ်ဟာ တိုင်းပြည်အုပ်ချုပ်ရေးရဲ့ နောက်ပိုင်းကို ရောက်ရှိသွားတာနဲ့ပတ်သက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်နဲ့ ယှဉ်ပြီး သုံးသပ်ပြောဆိုပါတယ်။
“ကျနော်တို့ ဒီမဆလခေတ်နဲ့ ပြန်ပြီးတော့ နှိုင်းယှဉ်ရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ပြောင်းလိုက်တဲ့အခါမှာ စစ်တပ် ဗိုလ်ချုပ်ကြီး နေဝင်းကနေပြီးတော့ ဦးနေဝင်း ဖြစ်သွားတဲ့အခါမှာ စစ်တပ်ဟာ နောက်ပိုင်းအခန်းကို ရောက်သွားတာ တွေ့ရပါတယ်။ ရှေ့ထွက်လို့ မရတော့ပါဘူး။ ရှေ့ထွက်ကတဲ့ သူမဟုတ်တော့ပါဘူး။ ဒါ စစ်တပ်က ဝန်ကြီးချုပ်တွေကို မကြာခဏဆိုသလို အပြောင်းအလဲ လုပ်တာတွေ ရှိခဲ့တယ်။ အဲဒီ လူတွေကိုလည်း တခါ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထဲ ဆွဲသွင်းတာတွေ ရှိခဲ့တယ်။ အခြေခံဥပဒေ သဘောအရကတော့ တိုင်းပြည်မှာ စစ်တပ်က အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိရမယ်။ စစ်တပ်မှာ ဘာအခွင့်ရေးတွေ ညာအခွင့်အရေးတွေနဲ့ အခြေခံဥပဒေမှာတော့ သူတို့ ထောင့်စေ့အောင်လို့ စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ပေးထားတာ တွေ့သော်ငြားလည်း လက်ရှိအခြေအနေမှာတော့ စစ်တပ်ဟာ ဒီ အခြေခံဥပဒေပါ အခွင့်အရေးကို လက်ကုန်သုံးတာ မတွေ့ရသေးပါဘူး။ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က သမ္မတ ဦးသိန်းစိန် အပါအဝင် အခု ဦးဆောင်နေတဲ့ လူတွေကို တစုံတရာ သူ့ဘက်က ဒီလူတွေရဲ့ ခေါင်းဆောင်မှုကို လက်ခံလိုက်နာတဲ့ သဘောလည်း ရှိလို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် တချိန်ချိန်မှာ အရပ်သားတွေပဲ ကြီးစိုးလာပြီးတော့ အတိုက်အခံအင်အားစုတွေ ပိုကြီးစိုးလာရင်တော့ အဲဒီ အာဏာအားပြိုင်မှုက ပုံစံတမျိုးပြောင်းပြီးတော့ စစ်တပ်က အဲဒီအခါကျရင်တော့ အခြေခံဥပဒေပါ အခွင့်အရေးတွေကို လက်ကုန် သုံးတာမျိုးလည်း ရှိရင် ရှိလာနိုင်ပါတယ်။”
အရပ်သား အစိုးရကို အာဏာ လွှဲပြောင်းပေးတာဟာ ၅ လ ကျော်သာ ရှိနေသေးတဲ့အတွက်လည်းပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်တိုင်းမှူးတွေဟာ အခုချိန်မှာတော့ ခပ်ငြိမ်ငြိမ်နေ နေတာကို တွေ့ရပြီးတော့ အာဏာကို ထုတ်ပြတာမျိုးကိုလည်း မတွေ့ရသေးပါဘူး။ အဲဒီလိုမျိုး စစ်တပ်ကနေ နိုင်ငံရေးမှာ နောက်တန်းကို ရောက်သွားတယ်ဆိုတဲ့ အကြောင်းအရင်းတွေ ရှိတယ်လို့လည်း စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆောင်းပါးတွေရေးသားနေတဲ့ ကိုထက်အောင်က အခုလို သုံးသပ်ပါတယ်။
“အာဏာတည်ပြီးတဲ့အချိန်မှာ အုပ်ချုပ်ရေးပုံစံတွေ၊ အာဏာခွဲဝေမှု ပုံစံတွေက စစ်ဘက် အရပ်ဘက်ကို ပြောင်းလဲသွားတဲ့အခါကျတော့ အဓိက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာပြည်ဟာ အပြောင်းအလဲ ဖြစ်ပါပြီ၊ စစ်အုပ်ချုပ်ရေး မဟုတ်တော့ပါဘူး၊ အရပ်သားအုပ်ချုပ်ရေးပါ ဆိုတာကို ကမ္ဘာကလက်ခံအောင် လုပ်ပြရမယ့်အရာက သူတို့ရဲ့ အရေးကြီးဆုံးနဲ့ ပထမဦးဆုံး ဦးစားပေးလုပ်ငန်းပဲ။ အဲဒီတော့ ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က အာဏာတပြပြနဲ့ ရှေ့ထွက်နေလို့ မရဘူး။ လက်ရှိ သမ္မတဦးသိန်းစိန်က အရပ်သားအစိုးရ ဖြစ်သွားပါပြီ။ သူ့လက်ထဲမှာ အာဏာအရပ်ရပ်က ရှိပြီဆိုတာကို ပြဖို့အတွက် အချိန်ဖြစ်တယ်။ ဒီလိုမျိုး သူတို့ တွက်ဆပြီးတော့ စစ်တပ်က နောက်ကို အသာလေးဆုတ်ပြီးတော့ ငြိမ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။”
ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်ဖို့ လိုလာပါတယ်။ အဲဒီ အခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို နိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍမှာ ပါဝင်ရမယ်လို့ ဆိုထားပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေမှာ သုံးနေရာမှာ ဖော်ပြထားပြီးတော့ အဓိကအချက်ကတော့ စစ်တပ်ဟာ စစ်တပ်ရဲ့ ရေးရာကိစ္စတွေကို စစ်တပ်ကသာလျှင် လွတ်လပ်စွာ စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့် ရှိရမယ့်အချက်နဲ့ အရေးကြုံလာရင် မြန်မာနိုင်ငံရဲ့ မည်သည့်ဒေသကိုမဆို စစ်အုပ်ချုပ်ရေး ကြေညာနိုင်သလို တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကိုလည်း သိမ်းယူနိုင်တယ်လို့ ပါဝင်ပါတယ်။ အဲဒီ ဆိုလိုချက်ကတော့ အရပ်သားအစိုးရက သော်လည်းကောင်း၊ လွှတ်တော်က သော်လည်းကောင်း စစ်တပ်ကိစ္စတွေကို စွက်ဖက် ပိုင်ခွင့်မရှိသလို အချိန်မရွေး အာဏာပြန်သိမ်းနိုင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။
အခုချိန်ထိတော့ တပ်မတော်ဟာ အခြေခံဥပဒေပါ အခွင့်အရေးတွေကို အသုံးချတာတော့ မတွေ့ရသေးအတွက်လည်း စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်နဲ့ပတ်သက်ပြီး ကိုမင်းဇင်က အခုလို သုံးသပ်ပါတယ်။
“အခုအချိန်မှာ စစ်တပ်က အခြေခံဥပဒေပါ အခွင့်အရေးတွေကို အဆုံးအစွန်ထိ လက်ကုန်မသုံးဘဲနဲ့ အခုလိုမျိုး နောက်ခံကားချပ်မှာပဲ နေတယ်။ စစ်တပ်ရဲ့ အကျိုးစီးပွား၊ စစ်တပ်ရဲ့ အခွင့်အရေးတွေ မထိခိုက်သရွေ့ အခုလိုပဲ နေတာ အခြေအနေကလည်း တမျိုးကောင်းပါတယ်။ အဲဒါ ဘာကောင်းတာလဲ ဆိုတော့ ဒီလို အချိန်မျိုးမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ခုနကပြောတဲ့ လွှတ်တော်တို့၊ ဗျူရိုကရေစီယန္တရားတွေ တဆက်တည်း နိုင်ငံရေးအာဏာ အဆောက်အအုံတွေ၊ မီဒီယာတွေ၊ အန်ဂျီအိုလို့ ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဒီနေရာတွေမှာ အရပ်သားတွေ အနေနဲ့က သူတို့ရဲ့ လုပ်ရည်ကိုင်ရည်၊ သူတို့ရဲ့ အရည်အချင်း၊ သူတို့ရဲ့ ဦးစီး ဦးဆောင်နိုင်စွမ်းတွေကို ပြသခွင့် ရပါတယ်။ အဲဒီလို ပြသခွင့် ရခြင်းအားဖြင့် စစ်တပ်အနေနဲ့ မြန်မာပြည်မှာ အစဉ်အဆက်က စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတဲ့အခါကျတော့ စစ်တပ်က အရပ်သားတွေကို မြင်တဲ့အမြင် အင်မတန်မှ အထင်သေးပါတယ်။ အရပ်သားတွေက မညီညွတ်ဘူး၊ အရပ်သားတွေလုပ်ရင် တိုင်းပြည်ပျက်မှာပဲ၊ အရပ်သားတွေမှာ အရည်အချင်းမရှိဘူးဆိုတဲ့ အမြင်မျိုးကို ပြောင်းလဲသွားအောင်လို့ လွှတ်တော်ထဲမှာပဲ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးယန္တရားထဲမှာပဲ ဖြစ်ဖြစ် ရောက်နေတဲ့ အရပ်သားတွေက သူတို့ရဲ့ အရည်အချင်းနဲ့ သူတို့ရဲ့ ဦးစီး ဦးဆောင်မှုကိုလည်း ပြသနိုင်တယ်။ အဲဒီနည်းနဲ့ တရွေ့ရွေ့နဲ့ အဆင့်ဆင့် ပြောင်းလဲချင်တဲ့ လူတွေကတော့ ဒီလို နည်းနဲ့ အရပ်ဘက်နဲ့ စစ်ဘက်ကြားထဲမှာရှိတဲ့ ဆက်ဆံရေးဟာ ပြန်ပြီး ကောင်းလာနိုင်တယ်လို့လည်း ကျနော်တို့ ပြောနိုင်ဆိုနိုင်ပါတယ်။ ဒါကတော့ ကျနော်တို့ ကောင်းတဲ့ဘက်က အပြုသဘောဘက်က သုံးသပ်တာ ဖြစ်ပါတယ်။”
ပြည်နယ်နဲ့တိုင်း ဒေသကြီးအဆင့်တွေမှာလည်း စစ်ဗိုလ်ချုပ်တွေဟာ အုပ်ချုပ်ရေးဆိုင်ရာတွေကို တိုက်ရိုက် အမိန့်ပေးတာတွေ မရှိဖူးပေမယ့် နယ်စပ်ဒေသတွေမှာ စစ်တပ်နဲ့အရပ်ဘက် ပြည်သူနဲ့ ဆက်ဆံရေးမှာ ထူးခြားတဲ့ တိုးတက်ကောင်းမွန်လာတယ် ဆိုတာတော့ မတွေ့ရသေးပါဘူး။
သန်းရွှေအလွန် အပိုင်း (၆) မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနောက်ပိုင်း စစ်တပ်နဲ့ တိုင်းရင်းသားအရေး ဆက်ဆံရေးတွေကို တင်ပြပေးသွားဦးမှာပါ။
No comments:
Post a Comment