Wednesday, September 28, 2011

သဘာဝဓာတ်ငွေ့ တရုတ်ကိုရောင်းထား၍ ဒေသအကျိုးမသုံးနိုင်

အံ့ဘုန်းမြတ်

ရခိုင်ပြည်နယ် ကမ်းလွန်ဒေသက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ဒေသအကျိုး အတွက် အနည်းငယ်တောင် အသုံးပြုလို့ မရဘူးလို့ စွမ်းအင်ဝန်ကြီးက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကနေ ဒေသမီးလင်းရေး အသုံးပြုဖို့ အစီအစဉ်ရှိမရှိ ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒ နယ်က ကိုယ်စားလှယ် ဦးဘရှင်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးမြန်းတာကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက အဲဒီလို ဖြေကြား လိုက်တာ လို့ မြေပုံမြို့နယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“ဒါတွေက တရုတ်ပြည်ကို ရောင်းထားတာ။ အဲဒီမှာ သတ်မှတ်ချက် အတိုင်းပဲ အပြည့်ပေး ရမှာ မို့လို့ ဖောက်ပြီးတော့ သုံးစွဲဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ စာချုပ် စာတမ်းနဲ့ လုပ်ထား တာမို့လို့ အဲဒီ အတိုင်း မပြည့်မီရင် လျော်ပေး ရမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီတောင်းဆို ချက်ဟာ မဖြစ်နိုင် ဘူးလို့ သူက ပြန်ဖြေ ပါတယ်။ ဘာတခု မှကို မရလိုက် ပါဘူး။ သူတောင်းစား လိုပေါ့ဗျာ။ လက်ဖြန့်ပြီး တောင်းခံ တော့လည်း မပေး ဘူးဗျ။”

စွမ်းအင်ဝန်ကြီးရဲ့ အခုပြောကြားချက်ဟာ ပြီးခဲတဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောဆိုခဲ့တာနဲ့ ကွဲလွဲနေပါတယ်။ လျှပ်စစ်ဝန်ကြီးက ရခိုင်ကမ်းလွန် ‘ရွှေ’ သဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍတွေကို ဦးစားပေး ပို့လွှတ်မယ်လို့ ပြောခဲ့တာပါ။

စွမ်းအင်ဝန်ကြီးရဲ့ ပြောဆိုချက်မှာ ကိုရီးယားနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းက ထွက်ရှိမယ့် သဘာဝဓာတ်ငွေတွေကို တရုတ်နိုင်ငံကို စီမံကိန်း ကာလ နှစ် ၃၀ ရောင်းချဖို့ သဘောတူထားတာပါ။

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကိုတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်ပေးမယ်လို့လည်း စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ ပြည်နယ်တွင်းက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေကို ပြည်နယ်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍတွေမှာ အနည်းငယ် ပြန်လည် အသုံးပြုပေးဖို့ ဒီအရင်ကလည်း ရခိုင်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်း မေးမြန်းဖို့ ကြိုးစား ခဲ့ကြပေမယ့် ပယ်ချခံရဖူးပါတယ်။

No comments: