Sunday, September 25, 2011

ကချင်အမျိုသားခေါင်းဆောင် ဒူဝါ ဂါးဒူဇော်ရော် ကွယ်လွန်

KNG

လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့သူ ကချင်အမျိုးသားခေါင်းဆောင်တစ်ဦး ဂါးဒူဇော်ရော် အသက် ၁၀၀ နီးပါးသည် စက်တင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားနေအိမ် ကွယ်လွန်ခဲ့သည်။


ဂျပန်ကို တိုက်ထုတ်ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်လာသည့် အင်္ဂလိပ်ကြားဖြတ်အစိုးရထံ မြစ်ကြီးနားမြို့တွင်းတွင် မြေကွက်တောင်းဆိုခဲ့ရာ၌ လထော်ဒူဝါ ဂါးဒူဇော်ရော် (Lahtaw Duwa GA Du Zau Raw) ပါဝင်ခဲ့သည်။

၁၉၄၄ ခုနှစ်၊ မတ်လ ၂၄၊ ၂၅ နှင့် ၂၆ ရက်များတွင် အထက်မြန်မာပြည်ရှိ ဖက်ဆစ် ဂျပန်များကို အောင်မြင်စွာ တိုက်ထုတ်ရာတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်မှ ပါဝင်ကူညီခဲ့သော ကချင်ဒူဝါများသည် စစ်ပြီးဆုံး ပြီးနောက် မြစ်ကြီးနားမြို့တွင် နေထိုင်ရန် နေရာ မရှိ ပြဿနာကြုံခဲ့ရကြောင်း ကချင်ဒူဝါများ ပြောသည်။

ထိုစဉ် ယာယီ အင်္ဂလိပ်အစိုးရသို့ မြစ်ကြီးနားမြို့တွင် ကချင်ဒူဝါများအား မြေကွက်နေရာပေးရန် တောင်းဆိုခဲ့သည် ကချင်ကိုယ်စားလှယ် (၅) ဦးအဖွဲ့ (ဗန်းမော်မှ ၃ ဦး၊ မြစ်ကြီးနားမှ ၂ ဦး) တွင် ဂါဒူ ဇော်ရော် လည်း ပါဝင်ခဲ့သည်။

တောင်းဆိုမှုအား ဒုတိယ ကမ္ဘာစစ်ပြီးကာလ Sir Hubert Rance ဦးဆောင်သည့် မြန်မာပြည် ယာယီအစိုးရ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဗို်လ်ချုပ်အောင်ဆန်း မှတဆင့် အင်္ဂလိပ်အစိုးရသို့ ၁၉၄၆ နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရနေရာတချို့ကို ကချင်ဒူဝါများနေထိုင်ရန် အင်္ဂလိပ်ယာယီအစိုးရမှ ချပေးခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒူဝါ မရန်ဇော်အောင် ကဆိုသည်။

နိုဝင်ဘာလ ထဲမှာပြင် လွတ်လပ်ရေး ဗမာနှင့်အတူ မယူရန် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ဒေသအနှံ့မှ ကချင်ဒူဝါ ၁၀၀ ကျော်အား ဆင့်ခေါ်အကြံပြုခဲ့သော အင်္ဂလိပ်အရာရှိ Mr. H.N.C Stevenson (အင်္ဂလိပ်တောင်းတန်းဒေသအုပ်ချုပ်ရေးအရာရှိ) နှင့် Mr. Northern (မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးအရာရှိ) နှင့် တွေ့ဆုံစဉ် ဂါးဒူဇော်ရော် လည်း ပါဝင်ခဲ့သည်။

သို့သော် ကချင်ဒူဝါများက အင်္ဂလိပ်အစိုးရ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ ဗမာနှင့်အတူ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။

ဗမာ၊ ရှမ်း၊ ကချင်နှင့် ချင်း အမျိုးသားခေါင်းဆောင်များ သဘောတူ လက်မှတ်ရေးခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အရ ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ၁၉၆၂ ဗိုလ်ချုပ် နေ၀င်း နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် အင်္ဂလိပ်အစိုးရမှ ချပေးသော မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ဒူဝါများ၏ မြေကွက်အများစု သည်လည်း သိမ်းယူခြင်းခံခဲ့ရသည်ဟု ဒူဝါဇော်အောင် က ဆိုသည်။

ထင်ရှားသည့်နေရာတစ်ခုမှာ ယခု မြစ်ကြီးနား ကမ္ဘောဇဘဏ် တည်နေရာသည် ကချင်ဒူဝါများမှ သိမ်းယူခဲ့သည့် ယခင် စစ်သားစုဆောင်းရေးစခန်း ဖြစ်ခဲ့သည်။

မြစ်ကြီးနား-မန္တလေး မီးရထားလမ်း "ဂါဒူ (ကချင်လို ဂါးဒူ)" ဘူတာရုံတည်ရှိရာ ဂါဒူရွာသည် ဂါးဒူဇော်ရော်၏ ဇာတိမြေဖြစ်ပြီး လထော်ဒူဝါများ အုပ်ချုပ်ခဲ့သည့် ဒေသဖြစ်သည်။

No comments: