Sunday, September 25, 2011

KIA တပ်မဟာ (၄)အား သိမ်းပိုက်ရန် မြန်မာစစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်

KNG


မြန်မာအစိုးရသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တပ်မဟာ (၄) ဌာနချုပ်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် “မုန်တိုင်း ထိုးစစ်” ကို စက်တင်ဘာ ၂၇၊ စနေနေ့က စတင်လိုက်သည်။

ဇွန် ၉ ရက် နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲများတွင် ယခုတိုက်ပွဲမှာ မြန်မာစစ်အင်အား အကြီးဆုံးဖြစ်တယ်။ ဒါဟာ KIA အား စစ်အင်အား အလုံးအရင်းနှင့် မုန်တိုင်း ထိုးစစ် ဆင်နေခြင်းဖြစ်တယ်။” ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

စနေနေ့ နံနက် ၄ နာရီ မှစ၍ ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) ဌာနချုပ် လွယ်ကန် ဒေသ၀န်းကျင်တွင် နှစ်ဘက်တပ်များကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာသည်ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

တိုက်ပွဲများ ကွတ်ခိုင် အထက် မန္တလေး-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ၏ တဖက်တချက်ရှိ ဟိုဖက်၊ မန်ဂျေ၊ မုန်းခေါမ်၊ ဘန်ဖိတ်၊ ဒီမားစသည့် ရွာများအနီးနှင့် လွိုင်လမ်န်ဘွမ် (Loi Lem Bum) တောင်ခြေ တွင် ဖြစ်ပွားသည်ဟု ဆိုသည်။

KIA တပ်ရင်း (၂)၊ (၈) နှင့် (၉)မှ တပ်သားများက ယခုအချိန်ထိ မြန်မာစစ်တပ် မကွေးအခြေစိုက် တပ်မ (၈၈)နှင့် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။

ယင်းတပ်မ နှစ်ခုတွင် တပ်ရင်း(၁၈)နှင့် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မုန်တိုင်း ထိုးစစ်အား အထူးစစ်ဆင်ရေးအဖွဲ့-၂ (BSO-2) မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသည်။



ယခုလို မြန်မာအစိုးရမှ KIA တပ်မဟာ (၄) အား ထိုးစစ်ဆင်ခြင်းသည် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်းရှိ KIA တပ်မဟာ (၄) အား စစ်အင်အားဖြင့် အဓ္ဓမ မောင်းထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KIA အရာရှိများ ယူဆထားသည်။

ဒီမားကျေးရွာထဲသို့ အစိုးရတပ်မှ အမြောက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲနေသော်လည်း သေကြေဒဏ်ရာရရှိမှု ရှိမရှိ မသိရသေးကြောင်း ရွာသားများပြောသည်။

တိုက်ပွဲဖြစ်ရာဒေသထဲမှ ရွာသားများအား လုံခြုံသောနေရာသို့ပြောင်းရွှေ့ရန် KIA က ညွှန်ကြားထားသည်ဟု ၎င်းဒေသမှ ဒေသခံများပြောသည်။

စစ်ပွဲကြောင့် စစ်ဖြစ်ရာဒေသမှ ကချင်နှင့် ရှမ်း ဒုက္ခသည် ထောင်ဂဏန်း ထွက်ပေါ်လာပြီး အများစုသည် တရုတ်နယ်စပ် မုန်းကိုသို့ ထွက်ပြေးရောက်ရှိနေသည်ဟု မျက်မြင်သက်သေများ ပြောသည်။

စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်မြို့ မံဟိုင်း ၀င်လာခြင်းအား မံဟိုင်းတွင် အခြေစိုက် ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) စစ်သား (၁၀၀) ကျော်နှင့် တရုတ်နယ်ခြားစောင့်တပ် ၈၀ ကျော်က တင်းကြပ်စွာ ဟန့်တားနေသည်ဟု မုန်းကို ဒေသခံများ ပြောသည်။

သို့သော် မြန်မာပြည်ထဲ စီးပွားရေး လာလုပ်သော တရုတ်နိုင်ငံသားများ ပြန်ဝင်လာခွင့်ပြုနေသည်ဟု ဆက်ဆိုသည်။

No comments: