ဒီဗွီဘီ
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်တဲ့ ယူဒဗလျူ အက်စ်အေ ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီက ကိုယ်စား လှယ်တွေ မနေ့က ၀ ဌာနချုပ် ပန်ဆန်း မြို့မှာ တွေ့ဆုံဆွေး နွေးခဲ့ ပါတယ်။
အစိုးရ ဘက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနဲ့ အဖွဲ့ဝင် ၂၀ ကျော်ရောက် လာ ကြပြီး ယူဒဗလျူ အက်စ်အေ ဘက်က ခေါင်းဆောင် ဦးပေါက်ယူချန်း၊ ဒု-ဥက္ကဋ္ဌ ရှောင်းမင်းလျန်၊ ပေါက်ယိုလျန်နဲ့ လီကျူးလျဲ့ တို့ကို တွေ့ဆုံ ခဲ့ကြ တာပါ။
အစိုးရ ကိုယ်စားလှယ် တွေဟာ ဝအဖွဲ့ရဲ့ ဖိတ်ခေါ် ချက်ကြောင့် ရောက်လာခဲ့ တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ လတုန်းက တွေ့ဆုံ ဆွေးနွေး ထားခဲ့တဲ့ ဒေသ ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနဲ့ ပို့ဆောင်ရေး ကိစ္စတွေ ထပ်ပြီး ဆွေးနွေး ကြတယ်လို့ ယူဒဗလျူ အက်စ်အေအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။
“အောက်တိုဘာ ၁ ရက်နေ့က ဆွေးနွေးခဲ့တဲ့ အကောင်အထည် မဖော်ရသေးတဲ့ လုပ်ငန်းတွေ ဆက်လက် ဖော်ဆောင်ဖို့ကိစ္စ၊ သတ္တုတူးဖော်ရေးကိစ္စတို့၊ နောက်လိုအပ်လို့ရှိရင် ကူညီရှာဖွေပေးဖို့ပေါ့။ ပညာရှင်ပိုင်းပေါ့။ တချို့လည်း ရောင်းချ ပို့ဆောင်ခွင့်ကိစ္စတို့ အခိုင်အမာ လုပ်ငန်းလေးတွေပါ။”
ဒါ့အပြင် တပြည်လုံး ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဌာနချုပ် ဝမ်ဟိုင်းဒေသမှာ ဝင်ရောက် တပ်စွဲထားတဲ့ အစိုးရတပ်တွေ ပြန်ရုပ်သိမ်းဖို့၊ ကချင်ပြည်နယ်က တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ ၀ ဘက်က အစိုးရ ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အစိုးရဘက်ကတော့ ဝအဖွဲ့ကို တခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်သွယ်ပြောကြားပေးဖို့ ပြောခဲ့တယ်လို့ ဦးအောင်မြင့်က ဆိုပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ ဝအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နဲ့ အောက်တိုဘာ ၁ ရက်နေ့တုန်းက နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ ၀ နယ်ထဲကို အစိုးရဝန်ထမ်းတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက အမှုထမ်းတွေ ပြန်ပို့ရေးကိစ္စ၊ အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းမှာ ၀ အဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့၊ တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ရေးကိစ္စတွေမှာ အစိုးရက မစွက်ဖက်ဖို့နဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းယားမြို့နယ်ထဲမှာ သတ္တုတူးဖော်ရေး ကိစ္စတွေ သဘောတူခဲ့ကြပါတယ်။
သဘောတူချက်တွေအရ ဒီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေတုန်းက ၀ ဒေသထဲကို အစိုးရ ပညာရေးဝန်ထမ်း ၁၃၀ ဦး၊ ကျန်းမာရေးဝန်ထမ်း ၆ ဦး ရောက်လာကြပြီး သတ္တုတူးဖော်ရေးလုပ်ငန်းကိစ္စမှာ ၀ ဒေသထဲက သတ္တုထွက်နိုင်ဖွယ်ရှိတဲ့ နေရာတွေ စမ်းသပ်ရှာဖွေဖို့ နည်းပညာရှင်တွေ ပို့ပေးဖို့ ၀ ကိုယ်စားလှယ်ဘက်က တောင်းခံခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဝတပ်ဖွဲ့နဲ့ဆွေးနွေးပြီး ပန်ဆန်းမြို့ကနေ ကျိုင်းတုံကို ဆက်လက် ထွက်ခွာသွားကာ ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသက အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု အဖွဲ့နဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။
ယူဒဗလျူအက်စ်အေ ၀ လက်နက်ကိုင်အဖွဲ့ဟာ ၁၉၉၆ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်ပြီး ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် အုပ်ချုပ်နေတာဖြစ်ပါတယ်။
ဝတပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဖိအားပေးခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးအခြေအနေ တင်းမာခဲ့ရာက ၀ ဒေသထဲက ဝန်ထမ်းတွေ ဌာနေပြန်ခဲ့ရတာ ဖြစ်ပါတယ်။
No comments:
Post a Comment