Thursday, December 29, 2011

တမူးတွင် ပစ်ခတ်မှုဖြစ်ပွား

ဇာနည်မာန် on December 29, 2011


အိန္ဒိယ - မြန်မာ နယ်စပ် တမူးမြို့တွင် ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှု၏ နောက်ဆက်တွဲ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှု များကြောင့် နယ်စပ် ဂိတ်နှင့် နန်းဖာလုံ ဈေးကို ပိတ်ထား ခဲ့ရပြီး ယမန်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ သော်လည်း အရောင်း အ၀ယ် နည်းပါး နေ၍ နယ်စပ် ကုန်သွယ် ရေး ထိခိုက် လာမည်ကို စိုးရိမ် ရကြောင်း ဒေသခံ ကုန်သည် များက ပြောဆိုသည်။

လုံခြုံရေး စိတ်မချရသေးသောကြောင့် ဈေးသည်ဈေးဝယ်များ အသွားအလာမပြုလုပ်ရဲ၍ ထိုသို့အရောင်းအ၀ယ်နည်းပါးနေခြင်းဖြစ် ပြီး ရက်ကြာလာပါက ပိုမိုထိခိုက်လာနိုင်သည်ဟု မိုးရေးမြို့ခံတဦးက ပြောသည်။

“ဂိတ်ကတော့ ပြန်ဖွင့်နေပေမယ့် ဈေးမထွက်ရဲကြဘူး။ ဈေးဝယ်သူလည်း ကျဲတယ်။ ဒီနေ့ နှစ်ဘက် ညှိနှိုင်းမှုတွေ ဆက်လုပ်ဦးမှာဆိုတော့ အဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်။ ကြာရင်တော့ စီးပွားရေး ထိခိုက်မယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာ နိုင်ငံဘက် တမူးမြို့ရှိ ကွင်းပြင်သို့ ဘောလုံးလာ ကစားသည့် အိန္ဒိယ ကျောင်းသားလေး များ အား တားမြစ်သည့် နယ်စပ် တာဝန်ကျ မြန်မာ စစ်သား များကို ကျောင်းသား များက လေးဂွဖြင့် ပစ်ခတ် သောကြောင့် ပြန်လှန် ခြောက် လှန့်ရာမှ ကျည်ဆန် ထွက်ပြီး အဗဒူလ် နော် ဆိုသူ၏ ပေါင်ကို ထိမှန်ခဲ့ရာမှ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။

အဆိုပါ ကျောင်းသား၏ အသိုင်း အ၀ိုင်းက အိန္ဒိယ နိုင်ငံဘက် မိုးရေးသို့ ဈေးရောင်း လာသည့် မြန်မာ ဈေးသည်များ၏ ပစ္စည်း များကို ဖျက်ဆီး ကာ မိုးရေးမှ မောင်းထုတ် ခဲ့ရာ နယ်စပ် ဂိတ်နှင့် ဈေးကို ပိတ်ခဲ့ရသည်။

တမူးအခြေစိုက် တပ်ရင်း ၂၂၆ မှ တာဝန်ရှိသူများနှင့် အိန္ဒိယဘက်မှ အာသံရိုင်ဖယ်တပ် တပ်ရင်း ၃၁ တို့မှ တာဝန်ရှိသူများက ညှိ နှိုင်း ဖြေရှင်းမှုများ ပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ ပစ်ခတ်လိုက်သူကို အရေးယူမည်ဖြစ်ကြောင်း၊ ကျည်သင့်သူအတွက် ကျပ်ငွေ ၅ သိန်း လျော် ကြေးပေးမည်ဖြစ်ကြောင်း သဘောတူညီခဲ့ပြီး အိန္ဒိယနယ်ဘက်မှလည်း လျော်ကြေး ရူပီး ၁ သိန်းပေးမည်ဟု သိရသည်။

ယခုကဲ့သို့ နယ်စပ်ဂိတ်နှင့် ဈေးများ ပိတ်ခြင်းသည် မကြာ ခဏဖြစ်ပွား လေ့ရှိပြီး အများစုမှာ မဏိပူရ်ပြည် နယ်ရှိ အိန္ဒိယ အရှေ့မြောက် ဒေသ ခွဲထွက်ရေး အဖွဲ့များ၏ ကုန်သွယ်မှုကို ပိတ်ဆို့ ဆန္ဒပြမှု များ ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်း မှစ၍ အဆို ပါ ဒေသရှိ နာဂခွဲ ထွက်ရေး အဖွဲ့များက သီးသန့်ပြည်နယ် ရရှိရေး ဆန္ဒပြ သည့် အနေဖြင့် နယ်စပ် ဂိတ်နှင့် နယ်စပ် ကုန်သွယ်လမ်း ကြောင်းကို ပိတ်ဆို့ ထားခဲ့ပြီး နိုဝင်ဘာ၂၈ ရက်ကမှ ပြန်ဖွင့် ပေးခဲ့ သောကြောင့် ထို အဖြစ်အ ပျက်မျိုး ထပ်ဖြစ်မည်ကို နယ်စပ် ကုန်သည်များက ပူပန် နေကြခြင်း ဖြစ်သည်။

“ဒီလို မိုးရေးဘက်က ပိတ်လိုက်ရင် နယ်စပ်ကုန်သွယ်ရေးအရ ဆုံးရှုံးမှုက တရက်ကို ရူပီး သိန်း ၆၀ နီးပါး ရှိတယ်။ ရက် ၁၀၀ ကျော်ကြီး ပိတ်သွားလိုက်တော့ ဆုံးရှုံးနစ်နာတာက အများကြီးပဲ။ ဒီလိုဖြစ်တိုင်း ဒီနယ်စပ် ရောင်းဝယ်တာတွေကို မှီနေရတဲ့ နှစ်ဘက်လုံး က လူတွေ အခက်အခဲဖြစ်ရတယ်”ဟု အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် နှစ်နိုင်ငံအရေး လေ့လာသူတဦးက ပြောသည်။

အိန္ဒိယအစိုးရ၏ စီးပွားရေးနှင့် စက်မှုဦးစီးဌာနမှ ထုတ်ပြန်သည့် နှစ်စဉ် သွင်းကုန်ပို့ကုန် စာရင်းရှင်းတမ်းတရပ်အရ၊ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ ရရှိသော အကျိုးအမြတ်မှာ ၂၀၀၉-၂၀၁၀ တွင် ရူပီး ၅၁၅၆၉၈၁၂ ရှိခဲ့ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယရူပီး ၂၁၄၉၈၂၀ သို့ ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာနယ်စပ် မိုးရေး-တမူးဒေသမှ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ချည်၊ ဆေးဝါး စသည့် ကုန်စည် အမျိုးပေါင်း ၄၀ ကို တင်သွင်း တင်ပို့ခွင့်ပြုထားသည်။

နယ်စပ် ကုန်သွယ် ရေးမှ နှစ်နိုင်ငံလုံး အကျိုး အမြတ်အတွက် ကုန်စည် အမျိုးအစား တိုးမြှင့် ခွင့်ပြုရန် လိုအပ် နေသေး သကဲ့သို့ နယ် စပ်ဒေသ တည်ငြိမ်ရေး မှာလည်း အဓိက ကျသော အချက် ဖြစ်ကြောင်း နယ်စပ် ကုန်သည် များက သုံးသပ် ပြောဆို နေကြသည်။

No comments: