Thursday, December 29, 2011

KIA ရင်း ၈ စခန်း နောက်ဆုတ်လိုက်ရ

ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်ဆွေးနွေး သဘောတူ မှုများ ရရှိ နေသော်လည်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO တပ်များ နှင့်မူ ထိုးစစ် ဆင်မှုများနေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး တပ်ရင်း တခုမှာ ဆုတ်ခွာ ပေးလိုက် ရသည်ဟု KIO က ပြောသည်။

ဒီဇင်္ဘာ ၂၅ မှ ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွား နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ စခန်း သို့ ဗုဒ္ဓဟူး နေ့ကမူ အစိုးရ၏ ခလရ ၆၈၊ ခမရ ၅ဝ၇ တပ်အင်အား ၃ဝဝ ကျော်က ထပ်မံ တိုးမြင့် လာသဖြင့် ရှောင်တိမ်း ပေးလိုက် ရခြင်း ဖြစ်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“သူတို့ (အစိုးရ) ထိုးစစ် မလုပ် တော့ဘူး ဆိုတာ အလကား ပြောတာပဲ။ မနေ့က သူတို့ တပ်တွေရဲ့ နဂိုရှိတဲ့ တပ်တွေ ထိခိုက်တာ များ လာ တော့ နောက်ကနေ အသစ်တွေ ထိုးဝင် လာလို့ ကျနော်တို့ ရင်း ၈ ကို ဖယ်ပေး လိုက်ရတယ်။ ကျနော်တို့ ဘက်က အသေခံ ရမှာ စိုးလို့ ကျနော်တို့ နေရာကို ပြောင်းပေး လိုက်တာ ဘဲ ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်လာလို့ ရှောင်လိုက် တာပဲရှိတယ်” ဟု သူက ပြော သည်။

“ဒီနေ့လည်း တပ်မဟာ ၃ တပ်ဖွဲ့ တွေနဲ့ ဗျန်ဝိုင်း ကျေးရွာမှ တိုက်နေတယ်။ ယော်ရုံ တောင်ကို တိုက်ပို့ စစ်ကြောင်းကို ထိုးနေတယ်။ သုံး လေရက် ရှိပြီး တပ်က ဗန်းမော်၊ မိုးမောက် ဘက်က နေတက်လာတာ။ ဇိန်လွန် အထိ ကားနဲ့ လက်နက် အင်အားတွေ လာပို့တယ်။ အဲဒီ ကနေ ခြေလျင်နဲ့ ယော်ရုံဘက်ကို ထိုးနေတယ်၊ လက်နက် ကြီးနဲ့ နေ့တိုင်း ပစ်တယ်”ဟု သူက ဆက်ပြောသည်။

ထို့ပြင် ကချင်ပြည် နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် ဇိန်လွန် အကြားရှိ KIO ၏ တပ်မဟာ ၃ တပ်ဖွဲ့များ အခြေ ချရာ ယော်ရုံတောင် ဘက်သို့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ နေ့စဉ် စစ်ကြောင်း များဖြင့် ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ ၃၈၂၊ ၃၈၃ နှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ ရင်း ၁၁ တပ်ဖွဲ့များနှင့် မြစ်ကြီးနားမြို့၏ တောင်ဘက် ၁၅ မိုင်အကွာရှိ အကျဲနှင့် ဖရော်ကျေးရွာ အကြားတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု မြစ်ကြီးနား မြို့ခံ တဦးနှင့် KIO တို့ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃၈၉ နှင့် KIO တပ်ဖွဲ့များ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ညနေထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် ဂျာပူကျေးရွာတွင် သွယ်တန်း ထား သော လျှပ်စစ်ကြိုး ပြတ်တောက် သွားခဲ့ သည်ဟု ဦးလနန်က ပြောသည်။

ထိုးစစ်များ ရပ်တန့်ရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့ ကတည်းက ကာကွယ်ရေး ဦးစီးချုပ် ရုံးထံသို့ သမ္မတ ရုံးက ညွန်ကြား လိုက်သည့် နေ့မှစ၍ ယနေ့ထိ အစိုးရနှင့် KIO တပ်ဖွဲ့ အကြား တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြန်းရေး ဓါတ်အား လိုင်း ယမန်နေ့ညက ပျက်တောက်ခဲ့သည်ဟု မြစ်ကြီးနား မြို့ခံတဦးက “မနေ့ကပဲ ပျက်သွားတော့ အခက်အခဲတော့ မရှိသေးဘူး။ အရင်တခေါက်လိုမျိုး အကြာကြီး ပျက်သွားမယ်ဆိုရင်တော့ ဒုက္ခရောက်မှာပဲ”ဟု သူက မဇ္စျိမကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ ပြတ်တောက်သွားခဲ့သဖြင့် ဘူးဂါးကုမ္ပဏီကပြန်လည် ပြင်ဆင်ခဲ့ရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ၁ တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့သည် တခြားတိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် လိုက်လံဆွေးနွေး သဘောတူညီမှုများ ရှိနေသော်လည်း KIO နှင့်မူ ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်း လာခြင်း မရှိသေးပေ။

ယခုလ ၁၈ ကတော့ ငြိမ်းချမ်းကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့ဖွဲ့ထားကြောင်း KIO အဖွဲ့ကို တရားဝင် စာပို့ထားသည်။ KIO ကလည်း နိုင်ငံရေးဆွေးနွေးရန် ဗဟိုကိုယ်စားလှယ် အနည်းဆုံး ခြောက်ဦးပါအဖွဲ့ကို ရွေးချယ်ထားပြီး ဖြစ်သည် ဟု KIO နှင့် နီးစပ်သူ များထံမှ သိရသည်။

No comments: